သတင်း

မိုးကုတ်တွင် တပ်မတော်နှင့် TNLA တိုက်ပွဲကြောင့် ဒေသခံအချို့ မြို့ပေါ် တိမ်းရှောင်နေရ 

တပ်မတော်နှင့် တအာင်းအမျိုးသားလွတ်‌မြောက်ရေးတပ်မ‌တော် (TNLA) သည် မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်၌ ယမန်နေ့ (နိုဝင်ဘာ ၂၄) ညတွင် တိုက်ပွဲဖြစ်ပွားခဲ့ကာ နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိခဲ့ပြီး တိုက်ပွဲဖြစ်ရာနေရာ အနီးရှိ ဒေသခံအချို့ မိုးကုတ်မြို့ပေါ်သို့ တိမ်းရှောင်လာရကြောင်း လွှတ်တော်ကိုယ်စားလှယ်က ပြောသည်။

မိုးကုတ်မြို့ မြောက်ဘက် ၇ မိုင်ခန့်အကွာ ချောင်းကြီးအလယ်ရွာအနီးရှိ ဓာတ်တော်တောင်ပေါ်၌ ယ‌မန်နေ့ည ၈ နာရီခန့်တွင် တပ်မတော်နှင့် TNLA တို့ တစ်နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မိုးကုတ်မြို့‌ပေါ်မှပင် သေနတ်သံများ ကြားရသည်ဟု မိုးကုတ်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးစောသောင်းတင်က ပြောသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် ရာချီရှိနိုင်သည့် စစ်‌ရှောင်အချို့မှာ မိုးကုတ်မြို့ပေါ်သို့ တိမ်းရှောင်လာပြီး မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများ၊ ခရစ်ယာန်ဘုရားကျောင်းများနှင့် နီးစပ်ရာဆွေမျိုးများ၏အိမ်တွင် ခိုလှုံနေကြကြောင်း၊ အရေအတွက် အတိအကျ မသိရသေးကြောင်းလည်း ၎င်းက ဆိုသည်။

ယနေ့တွင် ထပ်မံရောက်ရှိလာသော စစ်ရှောင်များလည်းရှိပြီး လတ်တလောတွင် ၎င်းတို့၏ စားသောက်ရေးအတွက် အရပ်ဘက်အဖွဲ့အစည်းအချို့က ကူညီဆောင်ရွက်ပေးနေကာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကလည်း ကူညီမှုများ စတင်လုပ်ဆောင်နေသည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမိုးဦးက ပြောသည်။ 

တိုက်ပွဲဖြစ်ပွားရာနေရာနှင့် အနီးဆုံးရှိ ချောင်းကြီးအလယ်ရွာနှင့် ပတ်ဝန်းကျင်ရှိ ရွာများတွင် နေထိုင်သူ ဒေသခံများသည် ယနေ့မနက်မှစ၍ မိုးကုတ်မြို့ပေါ်သို့ တိမ်းရှောင်လာကြသည်ဟု ချောင်းကြီးအလယ်ရွာသားတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ရွာက ညကတည်းက ပြေးနေတဲ့သူတွေလည်း ရှိတယ်။ အခုလည်း ပြေးနေကြတုန်းပဲ။ တစ်ရွာလုံး ပြေးကြမယ်ထင်တယ်” ဟု ‌၎င်းက ပြောသည်။

ယမန်နေ့ညတွင် ကျောက်ဝါရွာဘက်မှ ထွက်လာသည့် TNLA စစ်ကြောင်းတစ်ခုနှင့် တပ်မတော်တို့ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထိခိုက်ကျဆုံးမှုအခြေအနေနှင့် အရေအတွက်ကို မသိရသေးကြောင်း TNLA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးတာအိုက်ကျော်က ပြောသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆွေးနွေးညှိနှိုင်းဖော်ဆောင်နိုင်မည့် အခင်းအကျင်းသစ်များ ပေါ်ပေါက်လာနိုင်ရန် တစ်ဖက်သတ်အပစ်အခတ်ရပ်စဲရေးကို နိုဝင်ဘာ ၁၁ မှ ဒီဇင်ဘာ ၃၁ အထိ ထပ်မံတိုးမြှင့်လိုက်ကြောင်း TNLA အပါအဝင် ရက္ခိုင့်တပ်တော် (AA)၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA တို့ ပါဝင်သည့် မဟာမိတ်သုံးဖွဲ့က နိုဝင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

တပ်မတော်ဘက်ကလည်း အကြမ်းဖက်အဖွဲ့အစည်းများ ရှိသည့်နေရာများအပ ကျန်နယ်မြေများတွင် နိုဝင်ဘာလကုန်အထိ အပစ်အခတ် ရပ်ဆိုင်းထားသည်ဟု အောက်တိုဘာ ၃၀ ရက်တွင် ကြေညာထားသည်။

ထိုကဲ့သို့ အပစ်ရပ် ကြေညာထားသည့်အချိန်တွင် ယခုကဲ့သို့ ထိပ်တိုက်တွေ့မှုများ ဖြစ်ပေါ်လာခြင်းဖြစ်သဖြင့် တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိကာ ဒဏ်ရာရရှိသည့် တပ်မတော်သားနှစ်ဦး မိုးကုတ်‌ဆေးရုံသို့ ရောက်ရှိလာကြောင်း၊ ဒဏ်ရာရ TNLA တပ်သားအချို့ကိုလည်း ၎င်းတို့၏ တပ်ဖွဲ့ဝင်များ တွဲခေါ်သွားသည်ကို မြင်ရကြောင်း ဒေသခံအချို့ သတင်းပေးပို့မှုအရ သိရသည်ဟု လွှတ်တော်ကိုယ်စားလှယ် ဦးစောသောင်းတင်က ဆိုသည်။ 

တိုက်ပွဲဖြစ်ပွားနေစဉ် မိုးကုတ်မြို့ခံများ ထိတ်လန့်နေခဲ့ကြသော်လည်း ယနေ့နံနက်တွင်တော့ မြို့အတွင်း ပုံမှန်အတိုင်း လှုပ်ရှားသွားလာမှုရှိကြောင်း၊ TNLA တပ်ဖွဲ့ဝင်များ လှုပ်ရှားလေ့ရှိသည့် မိုးကုတ် – ပြင်ဦးလွင်လမ်းတွင်တော့ ကားအသွားအလာ ကျဲပါးသွားသည်ဟု ဦးစောသောင်းတင်က ဆိုသည်။

“မိုးကုတ် – ပြင်ဦးလွင်  လမ်းကတော့ ကားတွေ မသွားကြဘူးဗျ။ သူတို့ (TNLA) ဧရိယာဖြစ်နေတော့ သပိတ်ကျင်းလမ်းဘက်ကပဲ သွားနေကြတယ်” ဟု ၎င်းက ပြောသည်။

ယနေ့ ညနေ ၄ နာရီခန့်အထိ မြို့ပေါ်ရှိ စျေးဆိုင်များ ဖွင့်လှစ်ထားဆဲဖြစ်ပြီး ညမိုးချုပ်ချိန်တွင်တော့ ယခင်ရက်များထက် အနည်းငယ်ခြောက်သွေ့သွားနိုင်သည်ဟု မိုးကုတ်ဒေသခံ ဦးစိုးမင်းလှိုင်က ပြောသည်။

နိုဝင်ဘာလ အစောပိုင်းတွင် ကျောက်ဝါ၊ ချောင်းကြီး၊ လီရှောကျောက်ပုံ၊ ရှမ်းကျောက်ပုံနှင့် မန်နားစသည့် ရွာပေါင်း ၈ ရွာကျော်မှ ဒေသခံ ၁,၀၀၀ ကျော်သည် ၎င်းတို့ကျေးရွာများအနီး TNLA တပ်ဖွဲ့ဝင်များ လှုပ်ရှားလာသဖြင့် မြို့ပေါ်သို့ တိမ်းရှောင်လာသည့် အဖြစ်အပျက်များလည်း ရှိသည်။ 

ရွေးကောက်ပွဲပြီးဆုံး၍ ရက်အနည်းငယ်အကြာတွင် ‌ကျေးရွာအချို့မှ စစ်ရှောင်များ နေရပ်ပြန်ခဲ့ကြသော်လည်း မိုးကုတ်မြို့ပေါ်တွင်ပင် ဆက်လက်ခိုလှုံနေကြသူများလည်း ရှိကြောင်း သိရသည်။

ချောင်းကြီးကျေးရွာအုပ်စု ရှမ်းကုန်းစံကျေးရွာမှ စစ်ရှောင် ၆၀ ခန့်သည် မိုးကုတ်မြို့ပေါ်ရှိ ရွေဂူကြီးဘုန်းကြီးကျောင်း စစ်ရှောင်စခန်းသို့ နိုဝင်ဘာ ၂၁ ကတည်းက ရောက်ရှိနေခဲ့ပြီး ယနေ့မနက်တွင် ၄၀ ခန့် ထပ်မံရောက်ရှိလာသည်ဟု ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသူ ရှမ်းကုန်းစံရွာသား ကိုရဲမင်းထွေးက ပြောသည်။

TNLA တပ်ဖွဲ့ဝင်များသည် ၎င်းတို့ရွာအတွင်း မူးယစ်ဆေးရောင်းဝယ်သူ သို့မဟုတ် သုံးစွဲသူဟု သံသယရှိသူများကို ရိုက်နှက်စစ်ဆေးခြင်းများ ပြုလုပ်လေ့ရှိပြီး TNLA နှင့် တပ်မတော် တိုက်ပွဲများ ဖြစ်ပွားလာမည်ကို ကြောက်ရွံသောကြောင့် ထွက်ပြေးလာခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

“အခြေအနေက ရွာပြန်ဖို့ မသေချာသေးဘူး။ ဘာလို့လည်းဆိုတော့ တပ်မ‌တော်က စစ်ကြောင်းထိုးနေတော့ တိုက်ပွဲတွေ ထပ်ဖြစ်ဦးမှာပဲ” ဟု ကိုရဲမင်းထွေးက ပြောသည်။

ယမန့်နေ့ညတိုက်ပွဲ ဖြစ်ပွားရာနေရာအနီးရှိ ချောင်းကြီးအလယ်ရွာတွင် အိမ်ခြေ ၁၀၀ ကျော်နှင့် လူဦးရေ ၃၀၀ ခန့်ရှိပြီး ရွေးကောက်ပွဲအပြီး ရက်အနည်းငယ်အကြာတွင် လုံခြုံရေးစိတ်ချရပြီဟု ထင်မှတ်ကာ မြို့ပေါ်တိမ်းရှောင်လာသူအချို့ ရွာသို့ ပြန်သွားကြပြီးနောက် ယခုကဲ့သို့ ဒုတိယအကြိမ် ထပ်မံတိမ်းရှောင်ရခြင်း ဖြစ်သည်။

Show More

Related Articles

Back to top button