သတင်း

AA ထိန်းချုပ်နယ်မြေများတွင် ပိတ်မိနေသည့်ဝန်ထမ်းများကို စစ်ကောင်စီ လစာဖြတ်တောက်

ရက္ခိုင့်တပ်တော်(AA) သိမ်းပိုက်ထားသည့် နယ်မြေများတွင် ပိတ်မိနေသည့် ဝန်ထမ်းများကို စစ်ကောင်စီက ယခုနှစ် ဇန်နဝါရီမှစတင်ကာ လစာဖြတ်တောက်လိုက်သည်။

ရက္ခိုင့်တပ်တော် (AA) သိမ်းပိုက်ထားသည့် နယ်မြေများတွင် ပိတ်မိနေသည့် ဝန်ထမ်းများကို စစ်ကောင်စီက ယခုနှစ် ဇန်နဝါရီမှစတင်ကာ လစာဖြတ်တောက်ခဲ့ကြောင်း စစ်ကောင်စီဝန်ထမ်းများထံမှ သိရသည်။

AA သည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၁၃ မှစတင်ခဲ့သည့် နိုင်ငံအနောက်ပိုင်းထိုးစစ်အတွင်း ရခိုင်ပြည်နယ်ထဲမှ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ကို စစ်ကောင်စီလက်ထဲမှ တိုက်ခိုက်သိမ်းပိုက်ထားသည်။

AA ၏ ထိုးစစ်စချိန်တွင် ပြည်နယ်မြို့တော် စစ်တွေတွင် ရုံးထိုင်သည့် စစ်ကောင်စီ၏ ဝန်ကြီးဌာနရုံးများမှတစ်ဆင့် လစာပေးချေခဲ့သော်လည်း အချို့မြို့နယ်များတွင်မူ ယခုနှစ် ဇန်နဝါရီလမှစတင်ကာ လစာထုတ်မပေးတော့ကြောင်း၊ မြို့နယ်အများစုမှ စစ်ကောင်စီဝန်ထမ်းများသည် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလစာများရသော်လည်း မတ်လမှစကာ ဖြတ်တောက်ခံရသည်ဟု သိရသည်။

“လစာလိုချင်ရင် စစ်တွေမှာ ရုံးတက်ရမယ်လို့ ပြောတယ်။ မဟုတ်ရင်တော့ လစာမဲ့ ခွင့်နှစ်လ ပေးတယ်တဲ့။ တိုက်ပွဲဖြစ်တော့မလိုဖြစ်နေတဲ့မြို့ကို ဘယ်သူသွားရဲမလဲ။ အခု လစာလည်း မရတော့ တော်တော် အခက်အခဲဖြစ်နေပါတယ်” ဟု ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်း ပိတ်မိနေသည့် စစ်ကောင်စီ၏ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ထမ်းတစ်ဦးက ပြောသည်။

 ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ကို သိမ်းယူလိုက်သော ရက္ခိုင့်တပ်တော် (AA) က မြို့ကို သိမ်းပိုက်ထားသည့် ဓာတ်ပုံမှတ်တမ်းများကို ၂၀၂၄ မတ်လတွင် ထုတ်ပြန်သည်။ (ဓာတ်ပုံ –   AA)

ပြီးခဲ့သည့် မတ်လကလည်း ကျောက်တော်မြို့နယ်မှ ပညာရေးမှူးနှင့်အဖွဲ့သည် စစ်တွေမြို့မှ လစာထုတ်၍ အပြန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးပြီးနောက် လစာများကို သိမ်းဆည်းခဲ့ပြီး လူများကို လွှတ်ပေးလိုက်သည်ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ပညာရေးဝန်ထမ်းက ပြောသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး အတည်ပြုနိုင်ရန်အတွက် ကျောက်တော်မြို့နယ်ပညာရေးမှူးကို ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

သို့သော်လည်း ကျောက်တော်မှ အခြားပညာရေးဝန်ထမ်းနှစ်ဦးက ထိုဖြစ်စဉ် မှန်ကန်သည်ဟု အတည်ပြုသည်။

“နိုင်ထက်စီးနင်းလုပ်တဲ့သဘောဗျာ။ တစ်မြို့ကိုလည်း လစာမပေး (ဘူး) ဆိုတဲ့ ပုံစံမျိူးနဲ့ ငွေတွေကို သိမ်းထားလိုက်တယ်” ဟု စစ်တပ်က လမ်းတွင် လစာများသိမ်းသည်ကို ခံခဲ့ရသည့် ကျောက်တော်မှ စစ်ကောင်စီဝန်ထမ်းတစ်ဦးက ဆိုသည်။

၂၀၂၂ အတွင်းက စစ်တွေတွင် ကျင်းပခဲ့သည့် ပြည်နယ်စစ်ကောင်စီဝန်ထမ်းများအစည်းအဝေး (ဓာတ်ပုံ – စစ်ကောင်စီပြန်ကြားရေး)

စစ်ပွဲပြင်းထန်နေပြီး လမ်းပန်းဆက်သွယ်ရေးများ ဖြတ်တောက်ခံထားရသည့် ရခိုင်ပြည်နယ်တွင် ကုန်စျေးနှုန်းများ မတန်တဆမြင့်တက်လာချိန်တွင် လုပ်ခလစာပါ ဖြတ်တောက်ခံရသည့်အတွက် စားဝတ်နေရေးအခက်အခဲဖြစ်နေသည်ဟု စစ်ကောင်စီလက်အောက်မှ မူလတန်းပြဆရာမတစ်ဦးက ဆိုသည်။

“တစ်သက်လုံး အဲဒီအလုပ်ကို လုပ်လာတာ။ တခြားအလုပ်လုပ်မယ်ဆိုလည်း အဆင်မပြေဘူး။ အခုဆိုရင် ဆရာမတွေ ဟင်းရောင်း၊ ငါးရောင်း စားနေကြရတယ်။ အဆင်ပြေတဲ့သူတွေက နည်းတယ်။ အဆင်မပြေတဲ့သူတွေက များတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ဝန်ထမ်းများ၏ အနာဂတ်သည် မရေရာ မသေချာဖြစ်နေကြောင်း မင်းပြားမြို့မှ အခြားပညာရေးဝန်ထမ်းတစ်ဦးကလည်း ဆိုသည်။

“နောက်ပိုင်းမှာတော့ (AA ရဲ့အုပ်ချုပ်ရေးအဖွဲ့) ULA အုပ်ချုပ်ရေးမှူးက ဘယ်လိုလာမလဲ။ နောက် ကျွန်တော်တို့ပညာရေးယန္တရားကို ဘယ်လိုလည်ပတ်မလဲဆိုတာ သူတို့ရဲ့ပေါ်လစီအပေါ်မှာ မူတည်ဖို့ ထင်တယ်” ဟု ၎င်းက ဆိုသည်။

AA သည် ရခိုင်တစ်ပြည်နယ်လုံးကို သိမ်းပိုက်ရန် ရည်ရွယ်နေပြီး ဒေသတစ်ခုလုံးကို အပြီးသတ် သိမ်းပိုက်ထိန်းချုပ်နိုင်ရေး စစ်စခန်းများကို တိုက်နေသည်ဟု ဧပြီ ၅ ရက်က ထုတ်ပြန်ထားသည်။

လက်ရှိတွင် AA သည် ဘူးသီးတောင်၊ မောင်တော၊ အမ်းမြို့နယ်တို့ရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်နေပြီး ကျောက်ဖြူ၊ တောင်ကုတ် စသည့်မြို့နယ်များမှာလည်း စစ်ရေးတင်းမာနေသည်။

စစ်တွေမြို့ရှိ ပြည်နယ်ပညာရေးမှူးရုံးကို ၂၀၂၀ ဇူလိုင်လအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ – Myanmar Now)

Show More

Related Articles

Back to top button