
ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် အချက်အချာကျသော မြဝတီမြို့တွင် ၂ ရက်ကြာ အပစ်ရပ်ထားကြရာမှ ယနေ့ (ဧပြီ ၉ ) နေ့လယ်ပိုင်းတွင် ပစ်ခတ်တိုက်ခိုက်မှုများ ပြန်စလာကြောင်း မြဝတီမြို့ဒေသခံတချို့က ဆိုသည်။
ပစ်ခတ်မှုများသည် မြဝတီမြို့အနောက်ဘက် မြို့အဝင်ရှိ ခလရ (၂၇၅) တပ်ရင်းစခန်းနေရာဝန်းကျင်မှ ထွက်ပေါ်နေခြင်းဟု မြဝတီဒေသခံတချို့က ယုံကြည်ကြသည်။
မြဝတီဒေသခံ အမျိုးသားတစ်ဦးက စစ်ကောင်စီဘက်မှ လက်ကျန်တပ်ဖြစ်သော အဆိုပါ တပ်စခန်း တိုက်ခိုက်ခံနေရဖွယ်ရှိသည်ဟု ပြောသည်။
“မြဝတီရဲ့အခြေအနေက နေ့လည် ၁ နာရီလောက်ကစပြီး ၂၇၅ ဘက်က လက်နက်ကြီးကျတဲ့အသံမျိုးတွေ ကြားရတယ်။ အရင် ပုံမှန်လက်နက်ကြီးပစ်တဲ့ အသံမျိုးတွေ ကြားရတာ။ ၇ ချက် ၈ ချက်လောက် ရှိမယ်” ဟု သူက ဆိုသည်။
စစ်လေယာဉ်တစ်စီးလည်း မြို့အနောက်ဘက် မဲကနယ်ရွာဝန်းကျင်တွင် ပျံဝဲသွားကြောင်း မြဝတီဒေသခံအမျိုးသားကပြောသည်။
ဒေသခံနောက်တစ်ဦးကလည်း ခလရ (၂၇၅) ရှိရာဘက်မှ ပေါက်ကွဲသံများကြားနေရသည်ဟု ဆိုသည်။
“ပေါက်ကွဲမှုဖြစ်တဲ့အသံ၊ တိုက်ပွဲဖြစ်တဲ့အသံတွေ ကြားနေရပါတယ်” ဟု ၎င်းက ဆိုသည်။
တော်လှန်ရေးအင်အားစုနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးကလည်း မြဝတီ ခလရ (၂၇၅) ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) နှင့် ပူးပေါင်းတပ်များက စတင်တိုက်ခိုက်နေပြီဖြစ်ကြောင်း Myanmar Now ကို ပြောသည်။

တိုက်ပွဲအခြေအနေအသေးစိတ်ကိုမူ ၎င်းက မပြောပေ။ စစ်ကောင်စီ၏ တိုက်လေယာဉ်တစ်စီး တိုက်ပွဲဖြစ်သည့်နေရာကို ဗုံးလာကြဲသွားသည်ဟု ဆိုသည်။
မြဝတီမြို့ရှိ ခလရ (၂၇၅) တပ်သည် ဧပြီလ ၇ ရက်မှစတင်ကာ ပစ်ခတ်သံများ မရှိဘဲ တိတ်ဆိတ်နေရာမှ ၃ ရက်မြောက်နေ့တွင် တစ်ကျော့ပြန်ပစ်ခတ်မှုများပေါ်လာခြင်းဖြစ်သည်။
ခလရ (၂၇၅) တွင် တိုက်ပွဲဖြစ်နေစဉ်၌ မြဝတီမြို့ပေါ်ရှိ ဘဏ်များကို စစ်ကောင်စီက နေ့လည် ၁ နာရီနောက်ပိုင်းမှစတင်၍ ပိတ်လိုက်ကြောင်း မြဝတီဒေသခံတချို့က ဆိုသည်။
အလားတူ မြဝတီပြည်သူ့ဆေးရုံကြီးတွင်လည်း အရာရှိများက ရုံးဝန်ထမ်းများကို အိမ်ပြန်ခိုင်းလိုက်ပြီဖြစ်ကြောင်း မြဝတီဒေသခံတချို့ထံမှ သိရသည်။
“အရေးပေါ်ဌာနတို့၊ Medical ဌာနတို့ကတော့ ပုံမှန်အတိုင်း run နေတယ်။ ဆေးရုံရုံးဝန်ထမ်းတွေအကုန်လုံးကိုတော့ ကိုယ့်အိမ်ကိုယ်ပြန်ကြဆိုပြီး နေ့လည် ၁၂ နာရီကျော်လေး၊ ထမင်းစားလွှတ်တဲ့အချိန်မှာ ပြန်ခိုင်းတာပေါ့” ဟု မြဝတီဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
ဆေးရုံတွင် လူနာများ ရှိနေဆဲဖြစ်သည်၊ ဆေးဝါးဌာနနှင့် အရေးပေါ်ဌာနတို့ ဆက်ဖွင့်နေသေးသဖြင့် မြို့ခံများ ပုံမှန်အတိုင်း သွားရောက် ကုသမှု ခံယူနိုင်သည်ဟု သိရသည်။
ဆေးရုံ၏ အဝင်ဝတံခါးသည် ပိတ်ထားသော်လည်း ဆေးရုံအနောက်ပေါက်မှတစ်ဆင့် အဝင်အထွက်လုပ်၍ရနေသေးကြောင်း မြဝတီဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
မြဝတီနှင့် မဲဆောက်မြို့အကြား ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား ၂ စင်းသည်လည်း ပုံမှန်အတိုင်းပင် ဖွင့်ထားသလို ၂ နိုင်ငံ ကူးသန်းသွားလာမှုများရှိနေဆဲဖြစ်သည်။
ဧပြီ ၉ ရက်နေ့ ညနေပိုင်း ချစ်ကြည်ရေးတံတားတစ်ခုအနီး တိုက်ရိုက်ထုတ်လွှင့်သည့် ရုပ်သံမှတ်တမ်းတစ်ခုတွင် ညပိုင်း နယ်စပ်ဂိတ်မပိတ်မီ ခရီးသည်များ၊ မော်တော်ယာဉ်များ တံတားပေါ် ဖြတ်သန်းနေသည်ကို တွေ့ရသည်။
ဒေသခံများက တိုက်ပွဲဖြစ်မည်ကို စိုးရိမ်နေကြပြီး မြို့ထဲတွင် ခပ်မြန်မြန်သာ သွားလာနေကြသည်ဟု ဒေသခံတချို့က ဆိုသည်။
မြို့အနောက်ဘက်ရှိ သင်္ဃန်းညီနောင်ရွာမှ စစ်ဗျူဟာအပါအဝင် မြို့ပတ်လည်ရှိ အဓိကတပ်စခန်းများကို ပူးပေါင်းအဖွဲ့က သိမ်းလိုက်ပြီးနောက် မြဝတီရှိ စစ်ကောင်စီတပ်ရင်းသည် ထွက်ပေါက်ပိတ်သွားပြီဖြစ်သည်။

ထွက်ပေါက်ပိတ်နေသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ပြီး မြဝတီကို သိမ်းပိုက်အုပ်ချုပ်မည်ဟု KNU ဗဟို ခေါင်းဆောင်တချို့ကလည်း ထုတ်ဖော်ပြောထားရာ မြဝတီတွင် တိုက်ပွဲဖြစ်လာနိုင်သည်ကို ဒေသခံများက မျှော်လင့်ထားပြီးသားဖြစ်သည်။
လက်ရှိအခြေအနေကြောင့် ပိုမိုဒုက္ခရောက်သူများမှာ မြဝတီမြို့ပေါ် ရောက်နေသည့် သင်္ဃန်းညီနောင်ရွာဝန်းကျင်မှ စစ်ရှောင်များဖြစ်သည်။
မြဝတီတွင် စစ်ရှောင် ၅၀၀၀ ခန့် ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေကြပြီး အစားအသောက်အတွက် ငွေကြေးတတ်နိုင်သည့် မြို့ခံအလှူရှင်များ၏ အကူအညီဖြင့် ရပ်တည်နေကြသည်။ အလှူရှင်အများအပြားလည်း စစ်ရှောင်သွားကြရာ လက်ရှိတွင် ၎င်းတို့အတွက် လှူတန်းမှုများလျော့ကျလာနေကြောင်း သိရသည်။
တိုက်ပွဲဖြစ်လာမည်ဆိုပါက မြို့ပေါ်ရှိ စစ်ဘေးရှောင်များအပေါ် သက်ရောက်မှု ပိုမို ကြီးမားမည်ဖြစ်သည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း သင်္ဃန်းညီနောင်စစ်ဗျူဟာမှ စစ်သားများ၊ မိသားစုဝင်များ စုစုပေါင်း ၆၀၀ ကျော် လက်နက်ချလိုက်သဖြင့် ပူးပေါင်းတပ် ရင်ဆိုင်နေရသည့် နောက်ဆုံးလက်ကျန်တပ်မှာ မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ ဖြစ်သည်။
အဆိုပါတပ်စခန်းမှ အရာရှိများ လက်နက်ချစေရန် ဆွေးနွေးနေသည်ဆိုသည့်သတင်း ပြီးခဲ့သည့်ရက်ပိုင်းက ထွက်ပေါ်ခဲ့သေးသည်။