သတင်း

ကော့ကရိတ်တွင် တိုက်ပွဲများဖြစ်၊ စစ်တပ်နှင့် ကရင်ပူးပေါင်းတပ်တို့ ၂ ဖက် တပ်ဆိုင်ထား

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် စစ်တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတို့ ၂ ဖက်တပ်ဆိုင်ထားပြီး အပြန်အလှန် ပစ်ခတ်နေကြကြောင်း သိရသည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ရှိ စစ်စခန်းများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်က ဆက်လက် ထိုးစစ်ဆင်နေဆဲဖြစ်ကြောင်း ပူးပေါင်းတပ်နှင့် နီးစပ်သူများက ပြောသည်။

ကော့ကရိတ်မြို့တွင် စစ်ကောင်စီ၏ ခလရ (၉၇) ၊ ခလရ (၂၃၀) ၊ ခလရ (၂၃၁) နှင့် အမြောက်တပ်ရင်း (၃၁၂) တို့ရှိနေသည်။ အဆိုပါ တပ်ရင်းများကို သိမ်းပိုက်ရန် KNLA တပ်မဟာ (၆) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်များက တိုက်ခိုက်နေသည်။ စစ်ကောင်စီတပ်ကလည်း ခုခံပစ်ခတ်နေသည်။

ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးအတွက်အရေးပါသည့် အာရှလမ်းမပေါ်တွင် တည်ရှိသော ကော့ကရိတ်တွင် အရပ်သားအနည်းငယ်သာ အိမ်စောင့်အဖြစ် နေထိုင်ပြီး အများစုသည် စစ်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရသည်။

“ကော့ကရိတ်က အခုချိန်မှာ မြို့ထဲကို ပြန်လာလို့မရနိုင်ပါဘူး။ နှစ်ဖက်က ဆိုင်ထားကြတာ။ ကော့ကရိတ်က အရပ်သားမရှိသလောက်ပါဘဲ” ဟု KNLA တပ်မဟာ (၆) ဗျူဟာမှူး နယ်ဒါးထူးကလည်း ကော့ကရိတ်မြို့အခြေအနေနှင့် ပတ်သက်၍Myanmar Now ကို ပြောသည်။

စစ်ကောင်စီတပ်ကို တိုက်နေသည့် ကျားဖြူစစ်ကြောင်းကလည်း ကော့ကရိတ်မြို့ရှိ ထွက်ပေါက်များကို တော်လှန်ရေးအင်အားစုများက ပိတ်ဆို့ထားသည်မှာ အချိန် ၄ လကျော်ရှိလာပြီဟု ကြေညာသည်။

ကော့ကရိတ်မြို့ရှိ အ.လ.က (၂) တောင်ပေါ်ကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကိုလည်း ကျားဖြူစစ်ကြောင်းက စနိုက်ပါဖြင့် ဧပြီလ ၃ ရက်နေ့တွင် ပစ်ခတ်ခဲ့သည်။ ကော့ကရိတ်မြို့၏ ၇၀ ရာခိုင်နှုန်းကို တော်လှန်ရေးပူးပေါင်းတပ်က ထိန်းချုပ်ထားသည်ဟု ကျားဖြူစစ်ကြောင်းက ဧပြီလ ၄ ရက်တွင် သတင်းထုတ်ပြန်သည်။

ကော့ကရိတ်မြို့မှတစ်ဆင့် မြို့၏ အရှေ့မြောက်ဘက်ရှိ သင်္ဃန်းညီနောင်ရွာအထိ အာရှလမ်းမကြီးတစ်လျှောက်ကိုမူ KNLA နှင့် ပူးပေါင်းတပ်များက ထိန်းချုပ်စိုးမိုးထားသည်။ အာရှလမ်းမပေါ်တွင် ကုန်ကားအသွားအလာမရှိပေ။

ကော့ကရိတ်မြို့အခြေအနေနှင့် ပတ်သက်၍ ပိုမိုသိရှိနိုင်ရန် စစ်ကောင်စီ၏ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးဝန်ကြီး စောခင်မောင်မြင့်ထံ Myanmar Now က ဖုန်းဖြင့် ဆက်သွယ်သော်လည်း ဖုန်းမကိုင်ပေ။

ကောကရိတ်မြို့ အရပ်သား နေအိမ်များ လက်နက်ကြီးကျရောက်ခြင်းကြောင့် ပျက်စီးနေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ − Albino Tiger Column)

မြေပြင်သတင်းရင်းမြစ်တချို့ကမူ ကော့ကရိတ်တွင် နေအိမ်မီးလောင်မှု မကြာခဏဖြစ်နေပြီး နေအိမ်ဖောက်ထွင်းခိုးယူခံရမှုတချို့လည်း ရှိကြောင်း ဆိုသည်။ ကော့ကရိတ်မြို့ အလယ်ရွာအရပ်တွင်လည်း ဧပြီလ ၅ ရက်တွင် နေအိမ်တချို့မီးလောင်နေခဲ့သည်ဟု ဒေသခံတချို့က ပြောသည်။ ကော့ကရိတ်တွင် ကူညီကယ်ဆယ်ရေး လုပ်မည့်သူများလည်း မရှိကြတော့ပေ။

ယခင်က ကော့ကရိတ်မြို့၌ တိုက်ပွဲအတွင်း ထိခိုက်မှုများရှိပါက ပုလဲဖြူ လူမှုကူညီရေးအသင်းက တက်ကြွစွာ လှုပ်ရှားလေ့ရှိသည်။ လက်ရှိတွင် အသင်းသားများလည်း တိမ်းရှောင်နေကြရကြောင်း ကော့ကရိတ်ဒေသခံတချို့က ပြောသည်။

Facebook လူမှုကွန်ရက်တွင် တက်လာသည့် ဓာတ်ပုံတချို့၌လည်း အသင်းပိုင် လူနာတင်ယာဉ် ၄ စီး ထိခိုက်ပျက်စီးနေကြောင်း တွေ့ရသည်။

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် စစ်ဘေးရှောင်နေရသည့် အမျိုးသားတစ်ဦးကလည်း ကော့ကရိတ်မြို့ မီးလောင်မှုအတွင်း ၎င်း၏ နေအိမ်လည်း ပါသွားသည်၊ တိုက်ပွဲများ ဆက်ဖြစ်နေသဖြင့် အိမ်ပြန်နိုင်ရန် ကြာဦးမည်ဟု ပြောသည်။

“တိုက်ပွဲဖြစ်နေတာတော့ နေ့တိုင်းလိုပဲ ပြောတယ်၊ ကျွန်တော့်အစ်ကိုကလည်း အဲဒီအနီးအနားရွာမှာပဲ ရှိတယ်ဆိုတော့လေ။ ဒီမနက်လည်း မီးလောင်တယ်။ မီးက ဘယ်လိုကြောင့်လောင်သလဲတော့ ဘယ်သူမှလည်း သေသေချာချာ မသိဘူး” ဟု အဆိုပါ ဒေသခံက ဧပြီ ၈ ရက်နေ့တွင် ပြောသည်။

“ကျွန်တော်တို့ ဘယ်သူမဆို အိမ်ပြန်ချင်ကြတာပဲ။ ဒါပေမဲ့ မီးလောင်လို့ အိမ်မရှိတော့တဲ့ သူတွေအတွက်ကျ ဘာပြောလို့ပြောရမှန်းတောင် မသိတော့ဘူး”

အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ၂၀၁၉ ခုနှစ်တွင် ပြုစုထားသည့် အချက်အလက်အရ ကော့ကရိတ်၌ လူဦးရေ ၃၇၀၀၀ ကျော်နေထိုင်ကြောင်း သိရသည်။

စစ်ကောင်စီတပ်သားများ လက်နက်ချမှု

ကော့ကရိတ်နှင့် ၁၉ မိုင်ကျော်ကွာဝေးသည့် သင်္ဃန်းညီနောင်ရွာတွင်လည်း စစ်ကောင်စီ၏ စစ်ဗျူဟာအခြေချ (စဗခ) သည် KNLA ထံ ဧပြီလ ၅ ရက်တွင် လက်နက်ချခဲ့သည်။ အရာရှိအဆင့် ၆၇ ဦး၊ အခြားနှင့် တပ်သားအဆင့် ၄၁၀ ၊ စုစုပေါင်း ၄၇၇ ဦး လက်နက်ချခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တပ်မိသားစုဝင် ၁၄၀ လည်း လက်နက်ချရာ ထိုအထဲတွင် ရဲမေ ၅၉ ဦး ပါဝင်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။ ရဲမေ ဆိုသည်မှာ အမျိုးသားစစ်သည်တို့၏ အိမ်ထောင်ဖက်များ ဖြစ်ကြပြီး စခန်းအတွင်း လုပ်အားပေး၊ စခန်းလုံခြုံရေးအတွက် လက်နက်ကိုင် ကင်းစောင့်ရသည့် အလုပ်များကို အခမဲ့ လုပ်ကိုင်ပေးရသူများ ဖြစ်သည်။

အလားတူ သင်္ဃန်းညီနောင်ရှိ ခမရ ၃၅၇ ကိုလည်း KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်များက သိမ်းယူထားသည်။ ၃၅၇ တပ်ရင်းမှ ဒဏ်ရာရလူနာနှင့် တပ်မိသားစုဝင် ၁၀၀ ကျော်ကို စစ်ကောင်စီတပ်လက်အောက်က ခွဲထွက်ထားသည့် ကရင်ပြည်နယ်နယ်ခြားစောင့်တပ်က ခေါ်ယူစောင့်ရှောက်ထားသည်။

သို့ဖြစ်ရာ သင်္ဃန်းညီနောင်သည် တော်လှန်ရေးပူးပေါင်းတပ်များ၏ လက်သို့ အလုံးစုံ ရောက်သွားပြီဖြစ်သည်။ သင်္ဃန်းညီနောင်ရှိ ခမရ ၃၅၇ တပ်ရင်းမှ ဒဏ်ရာရလူနာများကို ခေါ်ထုတ်စဉ်တွင် လူ ၁ ဦးသေဆုံးထားပြီး KNLA ဘက်ကလည်း ယာယီအပစ်ရပ်ပေးခဲ့သည်ဟု BGF အရာရှိတစ်ဦးက ဆိုသည်။

သင်္ဃန်းညီနောင်အရှေ့ဘက်ရှိ မြဝတီမြို့တွင်လည်း စစ်ကောင်စီ၏ ခလရ ၂၅၇ တပ်ရင်းနှင့် ရှေ့တန်းတပ်ရုံးကို KNLA နှင့်တော်လှန်ရေးပူးပေါင်းတပ်များက ဝိုင်းပတ်ပိတ်ဆို့ထားသည်။

ခလရ ၂၅၇ တပ်ရင်း ကျသွားပါက ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် အရေးပါသည့် မြဝတီမြို့ကို KNLA နှင့် ပူးပေါင်းတပ်များက အလုံးစုံထိန်းချုပ်သွားနိုင်မည်ဖြစ်သည်။ တောင်ဘက် ဝေါ်လေမြို့ဝန်းကျင်ရှိ စစ်ကောင်စီတပ်များကိုလည်း ထွက်ပေါက်ပိတ်သွားစေမည်ဖြစ်သည်။

Show More

Related Articles

Back to top button