သတင်း

တပ်ထဲ ဆွဲခေါ်ခံရသူများ လစာ၊ ခံစားခွင့် မရေမရာဖြစ်နေ  

စစ်ကောင်စီတပ်ထဲ မဖြစ်မနေ ဝင်ရမည့် လူငယ်များကို သတ်မှတ်ရက်ထက် တစ်လစောပြီး ခေါ်ယူနေသော်လည်း သင်တန်းတက်ရောက်သူများ လစာ၊ ခံစားခွင့် မရေမရာဖြစ်နေကာ သင်တန်းတက်ရန် အဝတ်အစားများကိုပင် မိသားစုများက ထောက်ပံ့ပေးနေရသည်ဟု သိရသည်။

နေပြည်တော်တွင် မတ်လ ၂၉ ရက် နံနက်ပိုင်းက စစ်မှုထမ်းရမည့်သူများကို နေထိုင်ရာ ရပ်ကွက်အထိ ကားဖြင့်လာရောက်ခေါ်ယူပြီး အင်္ကျီဖြူ၊ ဘောင်းဘီအတို ၃ ထည်နှင့် မှတ်ပုံတင်ယူဆောင်လာရန် အုပ်ချုပ်ရေးမှူးမှတဆင့် မှာကြား၍ ဝယ်ယူပေးလိုက်ရကြောင်း စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသည့် မိသားစုဝင်တစ်ဦးက ပြောသည်။

“ကိုယ်ပိုက်ဆံနဲ့ ကိုယ်ဝယ်ပေးလိုက်ရတာပါ၊ ပြီးတော့ ဖုန်းလည်း မပါသွားဘူး။ တွေ့ခွင့်ရမရလည်း မသိသေးဘူး၊ ခုဆို အဆက်သွယ်မရတာ လေးရက်ရှိပြီ၊ အုပ်ချုပ်ရေးမှူးမေးတော့လည်း မသိဘူးပြောတယ်၊ ခုကစိတ်ပူပြီး ဘာမှမလုပ်နိုင်ဘူး” ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

သင်တန်းပြီးဆုံးသည့်အခါ ရှေ့တန်းစစ်မြေပြင်သို့ပို့ဆောင်ခံရမည်ကို စိုးရိမ်မိသည်ဟု စစ်ကောင်စီတပ် ခေါ်သွားသူနှင့်  အဆက်အသွယ်မရ၊ တွေ့ခွင့်မရသေးသည့် မိသားစုတို့က ပြောသည်။

စစ်သင်တန်းရောက်ရမည့်သူများကို  ထောက်ပံ့ငွေနှင့် အသုံးဆောင်ပစ္စည်းများပေးပြီး သင်တန်းကျောင်းသို့ ပို့ဆောင်ခဲ့သည်ဟု စစ်ကောင်စီဝါဒဖြန့် သတင်းစာများတွင် ဖော်ပြသည်။

နေပြည်တော်အပါအဝင် တိုင်းဒေသကြီးအချို့တွင် စစ်မှုထမ်းရမည့် ရာနှင့်ချီသော လူငယ်များကို စစ်တပ်ထောက်ခံသူများက ဘင်ခရာတီးဝိုင်းများ၊ သပြေပန်းများဖြင့် ကြိုဆိုခဲ့ကြကြောင်းကိုလည်း ဖော်ပြထားသည်။

ရန်ကုန်တိုင်းမှ စစ်မှုထမ်းရန် စစ်သင်တန်းတက်ရောက်ရမည့်သူများ တိုက်ကြီးမြို့နယ်ရှိ အမှတ်(၁) တပ်မတော် တန်းမြင့် လေ့ကျင့်ရေးကျောင်းတွင် တက်ရောက်နေကြရသည်။

စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက် အတင်းအကျပ် စုဆောင်းခံရသည့် လူငယ်များ အမှတ်စဉ် (၁) စစ်သင်တန်းများသို့ ရောက်ချိန်အထိ စစ်ကောင်စီက နည်းဥပဒေ ထုတ်ပြန်ခြင်းမရှိသေးပေ။

ဧရာဝတီတိုင်းရှိ အချို့မြို့နယ်များတွင် စစ်မှုထမ်းရန် မဲပေါက်သူကို ထောက်ပံ့ရန်ဟုဆိုကာ တစ်အိမ်လျှင် ၁၀၀,၀၀၀၊ ၈၀,၀၀၀၊ ၅၀,၀၀၀ စသဖြင့် ငွေကြေးတတ်နိုင်မှုကို ခန့်မှန်းပြီး အုပ်ချုပ်ရေးမှူးများက ငွေကောက်ယူသည်ဟု သိရသည်။ ထိုငွေများ မည်သည့်နေရာတွင် မည်သို့သုံးသည်ကိုမူ ရှင်းလင်းစွာ မသိရသေးပေ။

ဒေသတချို့တွင် စစ်မှုထမ်းရန် မဲပေါက်သူနေရာတွင် အစားထိုးဝင်ရောက်နိုင်သူကို အခကြေးငွေပေးကြသည်ဟု သိရသည်။ 

အစားထိုးစစ်မှုထမ်းမည့်သူကို ဒေသခံများက သိန်း ၁၀၀ ဖြင့် ငှားရမ်းသည်၊ စရံ သိန်း ၂၀ ပေးထားပြီး စာချုပ်ချုပ်ဆိုထားသည်၊ အမှန်တကယ် စစ်မှုထမ်းသွားသည့်အခါ ကျန်ငွေကို ရွာခံများက ပေးမည်ဟု သဘောတူထားကြောင်း ကျောင်းကုန်းမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

အုပ်ချုပ်ရေးမှူးအချို့က စစ်သားများ လစာငွေ ၄၇၀,၀၀၀ ရမည်ဟု စည်းရုံးနေကြပြီး စစ်မှုထမ်းဥပဒေနှင့် ပတ်သက်သည့် စုံစမ်းနိုင်သော ဖုံးနံပတ်များကို Myanmar Now က ဆက်သွယ် မေးမြန်းရာတွင် သာမာန်တပ်သားတစ်ဦး၏ လစာအတိုင်း (၁၈၀,၀၀၀ မှ ၂၀၀,၀၀၀) ပေးမည်ဟု ဆိုသည်။

စစ်ကောင်စီအမိန့်အရ စီစဉ်သည့် သင်တန်းအမှတ်စဉ်(၁)တွင်    နေပြည်တော်ကောင်စီ ၈ မြို့နယ်မှ ၁၈၄ဦး၊ မကွေးတိုင်း မင်းဘူခရိုင်မှ ၉၅ဦး ပါဝင်ကြောင်း စစ်ကောင်စီသတင်းစာက ထုတ်ပြန်သည်။ ရန်ကုန်၊ မန္တလေးနှင့် အချို့ မြို့ကြီးများတွင်လည်း စစ်သင်တန်းတက်ရောက်ရန် ခေါ်ဆောင်ခံနေရပြီ ဖြစ်ကြောင်း ဒေသခံအချို့တို့က ပြောသည်။

စစ်မှုထမ်းရန် စာရင်းကောက်ခြင်း၊ ဆင့်ခေါ်ကာ စစ်မှုထမ်းသင်တန်းတက်စေခြင်းတို့ကြောင့် ခရီးစရိတ် တတ်နိုင်ပြီး အဆက်အသွယ်ရှိသော  လူငယ်တချို့က ပြည်ပရောက်သည်အထိ  တိမ်းရှောင်နေကြသည်။ 

အိမ်နီးချင်းလာအိုနိုင်ငံသို့ ရောက်သွားသူများထဲတွင် မကွေးတိုင်းဒေသခံ အသက် ၂၈နှစ်အရွယ် အမျိုးသား တစ်ဦးလည်း ပါဝင်သည်။ 

“စစ်မှုထမ်းစာရင်းပါလို့ သွားမဲနှိုက်တာ ပါတော့မပါဘူး၊ ပြီးတော့ သင်္ကြန်ပြီး ပိုကျပ်မှာစိုးလို့ ကျွန်တော်ရွာမှာ မနေဘဲ လာအိုကို အောက်လမ်းကနေ ပြေးလာတာ“ ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုသူက ပြောသည်။

နိုင်ငံအနှံ့တွင် စစ်မျက်နှာ ဖွင့်ထားရပြီး စစ်စခန်းများ လက်လွတ်ဆုံးရှုံးနေသည့် စစ်တပ်သည် စစ်မှုထမ်းဥပဒေကို အသက်သွင်းသည်ဟု ဖေဖော်ဝါရီလတွင် ကတိုက်ကရိုက် ကြေညာခဲ့သည်။  စစ်သင်တန်းအပတ်စဉ်တစ်ခုလျှင် တပ်သားသစ် ၅,၀၀၀ နှုန်း ခေါ်ယူမည်ဟု စစ်ကောင်စီ ပြောခွင့်ရက သတင်းဌာနများကို ထုတ်ဖော်ပြောဆိုထားသည်။

အသက် ၁၈ မှ ၃၅ နှစ်အတွင်း အရွယ်ရောက်သူတိုင်း ၂ နှစ်မှ ၅ နှစ်အထိ စစ်မှုထမ်းရမည်ဟု ဆိုသည်။

စစ်သားသစ် အတင်းအကျပ် စုဆောင်းသည့် အစီအစဉ်ကို ရပ်ရွာအတွင်း ဆောင်ရွက်ပေးနေကြသည့် စစ်ကောက်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့စစ်များ ပစ်ခတ်သတ်ဖြတ်ခံနေရပြီး မတ်လကုန်အထိ စစ်သားစုဆောင်းရေးတွင် ပါဝင်ဆောင်ရွက်သူ ၃၀ ကျော် သတ်ဖြတ်ခံထားရသည်။

ယခုအခါ နိုင်ငံအနှံ့မှ လူငယ်များကို စစ်တပ်ထဲ အတင်းအကျပ်ထည့်ရန် စီစဉ်နေသလို စစ်မှုထမ်းဟောင်းထဲမှလည်း တချို့ကို တပ်ထဲ ပြန်ခေါ်နေသည်။ ယခု နောက်ဆုံးအစီအစဉ်ကြောင့် စစ်တပ်၏ အင်အား “အထိုက်အလျောက်” မြင့်တက်လာလိမ့်မည်ဟု စစ်ခေါင်းဆောင်က မတ်လ ၂၇ ရက်နေ့ နေပြည်တော် စစ်ရေးပြအခမ်းအနားတွင် ပြောသည်။

လူစုပြီး ရှမ်းမြောက်၊ ကချင်နှင့် ရခိုင်ပြည်နယ်တို့မှ ဆုံးရှုံးနယ်မြေများကို ပြန်သိမ်းမည်ဟု သူက ကြုံးဝါးထားသည်။

Show More

Related Articles

Back to top button