အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ယာယီအပစ်ရပ် ကြေညာပြီး ထိုးစစ်ဆင်နေကြောင်း TNLA ၏ စွပ်စွဲချက် တပ်ဘက်ကပယ်ချ

ရန်ကုန် – တပ်မတော်ဘက်က တစ်ဖက်သတ် ယာယီအပစ်အခတ်ရပ်စဲကြောင်း ကြေညာပြီးသုံးရက် အကြာတွင် ၎င်းတို့၏ တပ်စခန်းကို ထိုးစစ်ဆင်ခဲ့သည်ဆိုသည့် တအာင်းတပ်(TNLA) ၏ စွပ်စွဲချက်ကို တပ်မတော်၏ သတင်းထုတ်ပြန်ရေး အရာရှိက ငြင်းဆိုလိုက်သည်။

ရှမ်းနှင့် ကချင်နှင့် ကယားပြည်နယ် အတွင်းရှိ စစ်တိုင်းငါးတိုင်းအတွင်း စစ်ဆင်ရေး နယ်မြေအလိုက် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများအားလုံးကို ၂၀၁၉ ခုနှစ် ဧပြီလ ၃၀ ရက်အထိ ရပ်ဆိုင်းပေးပါမည်ဟု ဒီဇင်ဘာ ၂၁ ရက်နေ့တွင် တပ်မတော်က ကြေညာ ခဲ့သော်လည်း ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ကွတ်ခိုင်မြို့နယ်၊ ရွှေမော်အုပ်စု၊ ရွှေမော်ကျေးရွာအနီးရှိ ၎င်းတို့၏ တပ်သားများအား တပ်မတော်ဘက်က လာရောက်တိုက်ခိုက်ခဲ့ကြောင်း TNLA က ယမန်နေ့က စွပ်စွဲခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း အဆိုပါ စွပ်စွဲချက်မှာ လုပ်ကြံမှုတစ်ခုသာဖြစ်ပြီး မည်သည့်တိုက်ပွဲမှ မဖြစ်ခဲ့ဟု တပ်မတော် ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် ဇော်လင်းထွန်းက ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် Myanmar Now ကိုပြောကြားသည်။

“(ယာယီအပစ်ရပ်ကြေညာချက်ကို) ၂၁ ရက်နေ့ ထုတ်ပြန်ပြီးနောက်ပိုင်းကနေစပြီး ဘာတိုက်ပွဲမှ မရှိပါဘူး။ ကျွန်တော်တို့က ငြိမ်းချမ်းရေးနဲ့စပြီး ဖြစ်စေချင်လို့ထုတ်လိုက်တာလေ။ ထုတ်ပြန်ချက်ထဲမှာပါတဲ့ သက်ဆိုင်ရာ တိုင်းစစ်ဌာနတွေကိုလည်း စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေရပ်ဆိုင်းထားဖို့ ညွှန်ကြားထားပြီးဖြစ်တယ်။ အောက်ခြေအထိလည်း ကျွန်တော်တို့ စစ်ဆေးပြီးပြီ” ဟု ၎င်းကပြောသည်။

TNLA ပြောခွင့်ရ ဗိုလ်မှူးတာအိုက်ကျော်ကတော့ တိုက်ပွဲဖြစ်ပွားခဲ့သည်မှာ သေချာသည်ဟု ပြောကြားခဲ့ပြီး တပ်မတော်ဘက်က ထိုးစစ်ကို ၎င်းတို့ခုခံကာကွယ်ခဲ့ရသည်ဟု ဒီဇင်ဘာလ ၂၄ ရက်နေ့တွင်ပြောသည်။

“ဒီနေ့ ၇ နာရီလောက်မှာ မြန်မာ့တပ်မတော်က ကွတ်ခိုင်မြို့နယ်ရွှေမော်အထက်နား တောင်ကြောပေါ်မှာ ကျွန်တော်တို့စခန်းရှိတယ် အဲဒီနေရာကို ထိုးစစ်ဆင်လာတော့ ပြန်လည်ခုခံတော့ တိုက်ပွဲပြန်ဖြစ်သွားတာ” ဟု ၎င်းကပြောသည်။

TNLA ၏ ထုတ်ပြန်ချက်တွင် တပ်မတော်၏ တပ်မ ၁၁၊ ခမရ ၂၁၉ (ခြေမြန်တပ်ရင်း) တပ်ဖွဲ့များက ယင်းတို့နယ်မြေအတွင်း ထိုးစစ်ဆင်လာသည့်အတွက် ခုခံကာကွယ်ရင်း ရွှေမှော်ကျေးရွာအနီးတွင် မိနစ် ၂၀ ခန့် အကြာ တိုက်ပွဲဖြစ်ခဲ့ရကြောင်း ထုတ်ပြန်ထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button