သတင်း

တပ်မတော်နှင့် ပူးပေါင်း၍ ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးရန် ပြည်ခိုင်ဖြိုးပါတီတောင်းဆို

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) သည် နိုဝင်ဘာ ၈ တွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲကို အသိအမှတ်မပြုဘဲ ကန့်ကွက်ကြောင်း ယနေ့ (နိုဝင်ဘာ ၁၁) တွင် ပြောကြားလိုက်သည်။

ပြည်ခိုင်ဖြိုးပါတီသည် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၏ အားနည်းချက် ၁၂ ချက်နှင့် တောင်းဆိုချက်တစ်ချက်ကို ယနေ့ ရန်ကုန်၌ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ခဲ့ပြီး အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

တရားမျှတသည့် ရွေးကောက်ပွဲတစ်ခု မဖြစ်ခဲ့ခြင်းကြောင့် အသိအမှတ်မပြုဘဲ ကန့်ကွက်သည့်အပြင် တပ်မတော်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ပူးပေါင်း၍ ရွေးကောက်ပွဲပြန်လည်ကျင်းပပေးရန်လည်း ပြည်ခိုင်ဖြိုး ရန်ကုန်တိုင်းရုံး၏ တာဝန်ရှိသူများက တောင်းဆိုလိုက်သည်။ 

“လွတ်လပ်ပြီး တရားမျှတ၍ ဘက်လိုက်မှုကင်းသည့်၊ မတရားနည်းလမ်းဖြင့် မဲဆွယ်မှုကင်းသည့် ရွေးကောက်ပွဲဖြစ်ရန် UEC (ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်) သည် တပ်မတော်နှင့် ပူးပေါင်းပြီး စည်းကမ်းတကျဖြစ်သည့် ရွေးကောက်ပွဲတစ်ခု အမြန်ဆုံး ပြန်လည်ကျင်းပပေးရန် တောင်းဆိုပါသည်” ဟု ပြည်ခိုင်ဖြိုးပါတီက ဆိုသည်။

“တပ်မတော်ဆိုတာတော့ ခိုင်မာတဲ့ Institution (အဖွဲ့အစည်း) တစ်ခု ဖြစ်တယ်။ UEC ကလည်း လွတ်လပ်တဲ့ Institution တစ်ခုဖြစ်တယ်။ သို့သော် ပြည်သူအများ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လွတ်လပ်ပြီး လုံခြုံတဲ့ရွေးကောက်ပွဲဖြစ်ဖို့ ဆိုရင်တော့ တပ်မတော်က UEC နဲ့ ပူးပေါင်းပြီး ဆောင်ရွက်ပေးရင်တော့ ပိုမိုပြီးတော့ အဆင်ပြေမယ်လို့ ယူဆတဲ့အတွက် ကျွန်တော်တို့က တောင်းဆိုတာပါ” ဟု ပြည်ခိုင်ဖြိုးပါတီ ရန်ကုန်တိုင်းရုံး၏ အတွင်းရေးမှူး ဒေါက်တာကျော်စိုးက ပြောသည်။ 

အတိုက်အခံပြည်ခိုင်ဖြိုးပါတီအနေဖြင့် ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့ရခြင်းမှာ ရွေးကောက်ပွဲမဲဆွယ်ကာလသည် ကိုဗစ်နိုင်တင်းကပ်ရောဂါ ကူးစက်မှုနှုန်း မြင့်တက်နေသည့် “Stay-home” အချိန်ကာလဖြစ်သည့်အတွက် လွတ်လွတ်လပ်လပ်၊ ထိထိရောက်ရောက် မဲမဆွယ်နိုင်ခဲ့သည့်အပြင် မဲဆန္ဒရှင်များနှင့်လည်း ထိတွေ့ခွင့်မရခြင်းကြောင့် ဖြစ်သည်ဟု ပြည်ခိုင်ဖြိုးပါတီ ရန်ကုန်တိုင်းရုံး၏ ဘဏ္ဍာရေးမှူး ဒေါ်အေးမင်းမိုးက ပြောသည်။ 

ထို့အပြင် အခြေခံလူတန်းစားများအတွက် အစိုးရ၏ကိုဗစ်ထောက်ပံ့ကြေးကို ပေးသည့်အချိန်သည် ရွေးကောက်ပွဲကျင်းပရန် နီးကပ်လာသည့်အချိန်ဖြစ်ခြင်းကို အာဏာရ NLD ပါတီက အခွင့်ကောင်းယူခဲ့သည်ဟုလည်း ၎င်းက စွပ်စွဲသည်။

အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရက ခန့်အပ်ထားသည့် ရွေးကောက်ပွဲကော်မရှင်ဝန်ထမ်းများသည် ရွေးကောက်ပွဲကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ခြင်းမရှိကြောင်းလည်း ပြည်ခိုင်ဖြိုးပါတီက ဝေဖန်သည်။

မဲထည့်သည့် ပလတ်စတစ်ပုံးများသည် အရည်အသွေးညံ့သဖြင့် ‘အမှိုက်ပုံးလောက်ပင် ခိုင်ခံမှုမရှိ’ ကြောင်း၊ ကပ်ရောဂါကာလအတွင်း မဲပေးရခြင်းဖြစ်သော်လည်း ကော်မရှင်သည် ပြည်သူများ ရောဂါထိန်းချုပ်ရေးစည်းမျဉ်းများနှင့်အညီ မဲထည့်နိုင်ရန် မစီမံနိုင်သဖြင့် လူထု၏ ကျန်းမာရေးကို အလေးအနက်မထားကြောင်း စသည်ဖြင့် ဝေဖန်ပြောကြားခဲ့သည်။

ယနေ့ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းအချို့က ရွေးကောက်ပွဲကာလအတွင်း ၎င်းတို့တွေ့ရှိခဲ့ရသည့် ဖြစ်စဉ်အချို့ကို ရှင်းလင်းပြခဲ့သည့်အပြင် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြုကာ ရွေးကောက်ပွဲဝင်ခဲ့သည့် ဒေါ်ခင်ဝိုင်းကြည်၊ ဒေါက်တာနေဇင်လတ်၏ အမျိုးသားတိုးတက်ရေးပါတီ (NDP) နှင့် ဦးသိန်းညွန့်၏ အမျိုးသားဒီမိုကရေစီပါတီသစ် (NNDP) တို့မှ ပါတီဝင်အချို့လည်း တက်ရောက်ခဲ့သည်။ 

ရွေးကောက်ပွဲအကြိုကာလတွင် အတိုက်အခံနိုင်ငံရေးပါတီများသည် မြေပြင်တွင် မဲဆွယ်လှုပ်ရှားရန် အခွင့်အရေးနည်းပါးသလောက် အာဏာရပါတီမှာမူ ပါတီခေါင်းဆောင်သည် ပုံစံအမျိုးမျိုးဖြင့် မဲဆွယ်ခွင့်ရနေသည်ဟု အမျိုးသားဒီမိုကရေစီပါတီသစ်၏ ဒုဥက္ကဋ္ဌ ဦးသန်းထွန်းက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

“တိုတိုနဲ့ ရှင်းရှင်း ပြောရမယ်ဆိုရင် ဂိုးသမားကို ကြိုးတုပ်ပြီးတော့ ဂိုးသွင်းခံရတဲ့ အဖြစ်ပါ” ဟု ဦးသန်းထွန်းက ပြောသည်။ 

ပြည်ခိုင်ဖြိုးပါတီက ရန်ကုန်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သည့် အချိန်တွင် ရွေးကောက်ပွဲကော်မရှင်ကလည်း နေပြည်တော်၌ ရွေးကောက်ပွဲဆိုင်ရာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

တရားမျှတသည့် ရွေးကောက်ပွဲမဟုတ်ဟု လူအနည်းစုက စွပ်စွဲခြင်းသည် အခြေအမြစ်မရှိကြောင်း၊ အထောက်အထား အခိုင်အလုံရှိပါက ဥပဒေလမ်းကြောင်းအတိုင်း ဆောင်ရွက်နိုင်ကြောင်းနှင့် ရွေးကောက်ပွဲပြန်လည်ကျင်းပပေးရန် တောင်းဆိုချက်များကို ထည့်သွင်းစဉ်းစားရန် မလိုကြောင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က သတင်းစာရှင်းလင်းပွဲတွင် တုံ့ပြန်ခဲ့သည်။ 

“တရားမျှတမှုမရှိဘူးဆိုတာ သူတို့ရဲ့ စွပ်စွဲချက်ပဲ။ အနည်းစုလေးတွေရဲ့ စွပ်စွဲချက်ပဲ။ ဒီမိုကရေစီဆိုတာ အများစုရဲ့ ဆန္ဒကို အလေးပေးရတယ်” ဟု ဦးမြင့်နိုင်က ပြောသည်။ 

ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် ချွတ်ယွင်းချက်နှင့် အားနည်းချက် အနည်းငယ်ရှိသည်မှာ မှန်ကန်ကြောင်း၊ နောင်အခါ ပြုပြင်နိုင်ရန် တင်ပြချက်များကို လက်ခံကြောင်း ၎င်းက ဆိုသည်။ 

၂၀၂၀ ရွေးကောက်ပွဲ နောက်ဆုံးမဲရလဒ်များကို မသိရသေးသော်လည်း အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် မဲဆန္ဒနယ် အများစုတွင် အနိုင်ရရှိနေပြီး အတိုက်အခံပြည်ခိုင်ဖြိုးပါတီသည် ပြည်သူ့လွှတ်တော်နေရာ ၂၀ ခန့်၊ အမျိုးသားလွှတ်တော်နေရာ ၂ နေရာ၊ တိုင်းနှင့်ပြည်နယ် လွှတ်တော်နေရာ ၁၀ နေရာကျော်သာ ရရှိထားကြောင်း Myanmar Now ၏ အချက်အလက်ကောက်ယူမှုများအရ သိရသည်။

 

Show More

Related Articles

Back to top button