
စစ်တပ်ထံ ၃၅ နှစ်ကြာ လက်လွှတ်ထားခဲ့ရသည့် မြန်မာ-ထိုင်းနယ်စပ်မှ နာမည်ကျော် ဖလူးကြီးတပ်စခန်းကို ယမန်နေ့ (မတ် ၁၁) ညနေပိုင်းတွင် ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ ၏ အရာရှိများထံမှ သိရသည်။
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ၁၅ ကီလိုမီတာ (၉မိုင်ခန့်) အကွာ သောင်ရင်းမြစ်ကမ်းနံဘေးမှ ဖလူးစခန်းကို သိမ်းသည့် တိုက်ပွဲမှာ အချိန်တိုအတွင်း ပြီးစီးခဲ့သည်ဟု KNLA တပ်မဟာ (၆) ဗျူဟာမှူး နယ်ဒါးထူးက Myanmar Now ကို ပြောသည်။
“၅ မိနစ်လောက်ပဲ တိုက်ရတယ်” ဟု နယ်ဒါးထူးက ဆိုသည်။
စစ်သား ၂ ဦးကို အရှင်ဖမ်းမိခဲ့သည်၊ ဖလူးစခန်း၏ အရှေ့ဘက်ရှိ ထိုင်းနိုင်ငံဘက်သို့ နယ်စပ်ဖြတ်ကျော် ထွက်ပြေးသွားသူ ၁၂ ဦးထက်မနည်း ရှိသည်ဟု နယ်ဒါးထူးက ဆိုသည်။
စခန်းသိမ်းပွဲတွင် ကရင်တော်လှန်ရေးတပ်များဘက်က အထိအခိုက်မရှိကြောင်း ၎င်းက ပြောသည်။
တိုက်ပွဲအကြောင်း သေချာသိရှိထားသူတစ်ဦးကလည်း အဆိုပါ စခန်းတွင် ရှိနေသူများက လက်နက်နှင့်တကွ ဆုတ်ခွင့်ရရန် ကရင်တော်လှန်ရေးတပ်များထံ တောင်းဆိုခဲ့သေးကြောင်း ပြောသည်။
“သူတို့က ကျွန်တော်တို့ကို ညှိတယ်ပေါ့။ ညှိတယ်ဆိုတာက သူတို့စခန်းကို ပေးမယ်ပေါ့။ သူတို့ကို ထွက်ခွင့်ပေးပေါ့။ လက်နက်တွေတော့ သူတို့ပြန်ယူသွားမယ်ပေါ့။ ဒီဘက်က အဲဒီလို ထွက်ခွင့်မပေးဘူး။ ထွက်မယ်ဆိုရင် လူချည်းပဲ ထွက်ပေါ့။ လက်နက်တွေထားခဲ့ အဲဒီလိုမျိုးပြောတယ်” ဟု ၎င်းက ဆိုသည်။
လက်နက်ချရန် ငြင်းဆန်သည့်အတွက် တပ်မဟာ ၆ လက်အောက်ခံ ကော်ဘရာစစ်ကြောင်းက အင်အားသုံးကာ တိုက်ခိုက်သိမ်းပိုက်လိုက်ရကြောင်း ၎င်းက ဆက်ပြောသည်။
“တကယ်တက်သိမ်းတော့ သူတို့ဆီမှာ ပြည်သူ့စစ် ၂ ယောက်ပဲ ရှိတယ်။ ကျန်တဲ့ကောင်တွေ အကုန်လုံးက ထွက်ပြေးသွားတယ်” ဟု ၎င်းက ဆိုသည်။

စခန်းကို သိမ်းယူလိုက်ပြီးနောက် စစ်ကောင်စီတပ်ဘက်က တိုက်လေယာဉ်ဖြင့် ဖလူးကြီးစခန်းဝန်းကျင်ကို လာရောက်ဗုံးကြဲခြင်းများ ရှိကြောင်း KNLA တပ်မဟာ ၆ ထံမှ သိရသည်။
ထိုစခန်းမှ ထွက်ပြေးခဲ့သူများဟု ယူဆရသူ ၆ ဦး ထိုင်းစစ်တပ်စခန်းတွင် အဖမ်းခံထားရသည့် မှတ်တမ်းဓာတ်ပုံတချို့မှာ Facebook တွင် ပျံ့နှံ့နေသည်။
ဖလူးကြီးရွာ၏ တောင်ဘက်ဘက် မိုင် ၃၀ ကျော်အကွာရှိ ဝေါ်လေမြို့တွင်မူ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရှိနေဆဲဖြစ်သည်။
ဖလူးကြီးစခန်းကို KNU ဘက်က ရသွားခြင်းသည် ဝေါ်လေရှိ စစ်ကောင်စီတပ်များ မြဝတီဘက်သို့ စစ်ကူမလာနိုင်ရန် ပိတ်ဆို့ ဖြတ်တောက်ထားလိုက်ခြင်းပင်ဖြစ်သည်။
မြဝတီ၏ အနောက်ဘက်ရှိ သင်္ဃန်းညီနောင်တွင် ခမရ ၃၅၅ နှင့် သင်္ဃန်းညီနောင်ရဲစခန်းကို ကရင်ပူးပေါင်းတပ်များက သိမ်းပိုက်ထားပြီး ခမရ ၃၅၆ နှင့် ခမရ ၃၅၇ တပ်ရင်းစခန်းများကို ပိတ်ဆို့တိုက်ခိုက်နေဆဲဖြစ်ကြောင်း KNLA တပ်မဟာ (၆) ထံမှ သိရသည်။

သင်္ဃန်းညီနောင်နှင့် ကော့ကရိတ်မြို့ကြား အလယ်ဗိုလ်တဲအရပ်တွင်ရှိသည့် တာဝါတိုင်စခန်းကုန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးသွားသဖြင့် ကရင်ပူးပေါင်းတပ်များက တက်ရောက်ကာ နယ်မြေရှင်းလင်းထားရကြောင်း တပ်မဟာ ၆ ဗျူဟာမှူး နယ်ဒါးထူးက ဆိုသည်။
ထိုဒေသတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး အာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုတွင် ပါဝင်လာသော ဗိုလ်ကြီးလင်းထက်အောင်ကလည်း ကရင်ပြည်နယ်တိုက်ပွဲတချို့၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာထွက်ပြေးနေခြင်းက တိုက်ခိုက်လိုစိတ်နည်းနေသည်ကို ဖော်ပြနေခြင်းဖြစ်ကြောင်း သုံးသပ်သည်။
“ဖလူးကြီးစခန်းက မြဝတီနဲ့ အနီးဆုံးစခန်းလို့ ပြောလို့ရပါတယ်။ ဒီစခန်းကနေ စစ်ကူပစ်ကူတောင်းခံမယ်ဆိုရင် အချိန်အတိုအတွင်းမှာ ရနိုင်တယ်ပေါ့။ စစ်ကူ၊ ပစ်ကူကိုတောင် မတောင်းခံတော့ဘဲနဲ့ ဆုတ်သွားတယ်ဆိုတော့ ဒီစခန်းက စစ်ကောင်စီတပ်သားတွေဟာ လာတိုက်ရင် ထွက်ပြေးမယ်ဆိုတဲ့ အစီအစဉ် သူတို့မှာ ရှိထားပြီးသား ဖြစ်ပုံရပါတယ်” ဟု ၎င်းက ဆိုသည်။
၁၉၉၀ မတိုင်မီ ဖြစ်ပွားခဲ့သည့် ဖလူးစခန်းတိုက်ပွဲသည် စစ်တပ်နှင့် KNU တို့အကြား အကြီးကျယ်ဆုံးသော တိုက်ပွဲများအနက် တစ်ခုဖြစ်သည်။
စစ်တပ်သည် ထိုတိုက်ပွဲကို ရှမ်းပြည်နယ်မြောက်ပိုင်းမှ ကွမ်းလုံရက် ၄၀ တိုက်ပွဲကဲ့သို့ သမိုင်းဝင်တိုက်ပွဲအဖြစ် သတ်မှတ်ထားပြီး ထိုတိုက်ပွဲတွင် အောင်နိုင်ခဲ့သူများကို တိုက်ပွဲတံဆိပ် (ဖလူး) ဆိုသည့် ဆုတံဆိပ်တီထွင်ချီးမြှင့်ခဲ့သည်။

ထိုစခန်းသည် KNU ၏ လက်နက်ကိုင်တပ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၆) ၏ ရဲဌာနချုပ် စခန်းဟောင်းနေရာ ဖြစ်ခဲ့သည်။
မြဝတီမြို့တွင် ခလရ (၂၇၅) ရှိပြီး ယင်းတပ်ရင်းက သင်္ဃန်းညီနောင်တိုက်ပွဲရှိ စစ်ကောင်စီတပ်အတွက် လက်နက်ကြီးဖြင့် ပစ်ကူပေးနေသည်။
မြဝတီမြို့ပေါ်တွင် သင်္ဃန်းညီနောင်တိုက်ပွဲကြောင့် ထွက်ပြေးလာရသည့် စစ်ဘေးရှောင် ၃၀၀၀ ကျော်ရှိနေပြီး ၎င်းတို့အတွက် စားနပ်ရိက္ခာ၊ သောက်ရေ၊ ဆေးဝါးနှင့် အဝတ်အထည် လိုအပ်နေကြောင်း မြဝတီဒေသခံတချို့ထံမှ သိရသည်။