၄ ရက်တာ ထိုးစစ်အတွင်း စစ်တပ်၏အဓိကကျသည့် တပ်စခန်း ၁၀ ခုထက်မနည်းကို သိမ်းဆည်းနိုင်ခဲ့သည်ဟု ကချင်လွတ်လပ်ရေးတပ်မတော် KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
KIA သည် မဟာမိတ်များဖြစ်သည့် ရက္ခိုင့်တပ်တော် (AA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ဒေသတွင်းအခြေစိုက် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ် (KPDF) များနှင့် ပေါင်းကာ မတ်လ ၇ ရက်နေ့က စတင်ပြီး ကချင်ပြည်နယ်ရှိ စစ်တပ်၏ တပ်စခန်းများကို တိုက်ခိုက်နေခြင်းဖြစ်သည်။
စစ်ဆင်ရေးစပြီးနောက် ဗန်းမော်၊ မြစ်ကြီးနား၊ ပူတာအို၊ မိုးမောက်၊ဝိုင်းမော်၊ ဆွမ်ပရာဘွမ်နှင့် ဖားကန့် စသည့်ဒေသများတွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေသည်ဟုလည်း KIA ပြောခွင့်ရအရာရှိက ဆိုသည်။
စစ်ဆင်ရေးအတွင်း KIA ဌာနချုပ် လိုင်ဇာမြို့နှင့် အနီးကပ်ဆုံးတွင်ရှိပြီး လက်နက်ကြီးများဖြင့် မကြာခဏပစ်ခတ်နေသည့် စစ်ကောင်စီတပ်၏ ဗျူဟာမြောက် ခါရာဘွမ်စခန်း၊ ဘွမ်ရယ်ဘွမ်စခန်း၊ လဂျာယန်မြို့အနီး ကဆဲန်ကုန်းစခန်း၊ ဖွန်ပျဲန်တောင်စခန်း၊ အင်တပ်တောင်စခန်းနှင့် မလိစခန်းတို့ကိုလည်း KIA က သိမ်းပိုက်နိုင်ခဲ့သည်။
မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်း၊ မိုးမောက်မြို့နယ်နှင့် ဝိုင်းမော်မြို့နယ်များရှိ စခန်းများ အဆက်မပြတ် တိုက်ခိုက်ခံရပြီးနောက် ဝိုင်းမော်မြို့နယ်ရှိ ရာနှင့်ချီသည့် ဒေသခံများမှာ တိုက်ပွဲနယ်မြေအတွင်း ပိတ်မိနေသည်ဟု သိရသည်။
“အဲဒီဘက်က ပြည်သူလူထုတွေ ဝိုင်းမော်ဘက်ကို စစ်ရှောင်သွားတာကို ပြည်သူ့စစ်တွေက မသွားခိုင်းဘူးလို့ ပြောတယ်၊ အဲဒီသတင်းကြားရပါတယ်၊ အတိအကျတော့ စုံစမ်းနေဆဲဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ဝိုင်းမော်မြို့နယ် အောင်မြေ (၂)၊ ရွှေညောင်ပင်၊ ကဇူးနှင့် ဒဘတ်ယန်ရွာတို့မှ ဒေသခံများသည် မြို့ပေါ်သို့ စစ်ရှောင်ရန် သွားစဉ် စစ်ကောင်စီတပ်များက တားဆီးထားသည့်အတွက်ကြောင့် အောင်မြေ (၂) ဘုန်းကြီးကျောင်းတွင် ယာယီခိုလှုံနေကြရသည်ဟု သိရသည်။
ယမန်နေ့တွင် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က သွားရောက်ကယ်ထုတ်ခဲ့ရာ ဒေသတချို့ လွတ်မြောက်သွားသည်ဟု ကဇူးရွာဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“ကျန်တော့ ကျန်သေးတယ်လေ၊ အရေအတွက်တော့ ကျွန်တော်လည်း အတိအကျမသိရဘူး၊ သူတို့က ပေးမသွားလို့ အဲဒီမှာပဲ ဆက်နေနေကြရတယ်” ဟု အဆိုပါ ဒေသခံ အမျိုးသားက ပြောသည်။
ပြီးခဲ့သည့် ၇ ရက်အတွင်း ကချင်ပြည်နယ်တွင် စစ်ရှောင်များကို သွားလာခွင့် ပိတ်ဆို့မှု၊ အရပ်သားများ ပစ်ခတ်ခံရမှုတို့နှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိပေ။
အောင်မြေ (၂) ရွာအနီး တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး မတ် ၉ ရက်နေ့က စစ်ကောင်စီတပ်၏ ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် အောင်မြေ (၂) ရွာမှ သက်ကြီးရွယ်အိုနှစ်ဦး သေဆုံးခဲ့ပြီး သုံးဦး ဒဏ်ရာရခဲ့သည်။
၁၀၂၇ ရပ်သွားချိန်
ဗန်းမော်-မြစ်ကြီးနားလမ်း တိုက်ပွဲများနှင့် တစ်ပြိုင်နက်တည်း ဆွမ်ပရာဘွမ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ခဲ့ပြီး အဆိုပါ စခန်းကို စစ်ကူရန် ပူတာအိုမြို့မှ ထွက်လာသည့် ခလရ (၁၃၇) တပ်ကိုလည်း ဆွမ်ပီယန်ရွာအနီး ကြားဖြတ်တိုက်ခိုက်ခဲ့သည်။
ထိုနေ့တစ်ရက်တည်းတွင်ပင် ဖားကန့်မြို့အနောက်ဘက် ၁၈ အကွာတွင်ရှိသည့် တာမခန်စခန်းကုန်းမှ စစ်ကောင်စီတပ်များ စခန်းကို စွန့်ခွာသွားသည့်အတွက် နှစ်ပတ်ကြာ တိုက်ခိုက်ခဲ့ရသည့် အဆိုပါစခန်းကို KIA, KPDF ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့သည်။
အဆိုပါ စခန်းမှ ဆုတ်ခွာသွားသည့် စစ်ကောင်စီတပ်များကို ဖားကန့်မြို့တွင်းသို့ ဝင်ရောက်ရာတွင် နမ့်မှော်ရွာအနီး KIA က ကြားဖြတ်တိုက်ခိုက်ရာ ယနေ့နံနက်အထိ တိုက်ပွဲများပြင်းထန်နေဆဲဖြစ်သည်ဟု ဖားကန့် KPDF အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“(စစ်တပ်) သူတို့က မြို့တွင်းကို ဝင်ချင်တာ ကျွန်တော်တို့က အဝင်မခံတော့ဘူး၊ မနေ့တည်းက ဖြစ်တာ၊ အခုလည်း ဆက်ဖြစ်နေတုန်းပဲ။ သူတို့က လက်နက်ကြီး မတရားသုံးလို့ ဒေသခံတွေ သေတာတွေရှိတယ်” ဟု အဆိုပါ KPDF တာဝန်ခံ အမျိုးသားက ပြောသည်။
ယမန်နေ့က ဖြစ်ပွားသည့် အဆိုပါ တိုက်ပွဲအတွင်း ဖားကန့်မြို့ပေါ်ရှိ စစ်ကောင်စီဗျူဟာကုန်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ နမ့်မှော်ရွာမှ အသက် ၅ နှစ်အရွယ် ကလေးငယ်နှင့် အသက် ၂၀ ကျော်အရွယ် ၎င်း၏ မိခင်တို့ သေဆုံးခဲ့သည်။
ထို့ပြင် ဆိုင်းတောင်ရွာအတွင်းရှိ ကျောက်ကုမ္ပဏီဝင်းထဲသို့ လက်နက်ကြီးကျရောက်သည့်အတွက် အဆိုပါ ကုမ္ပဏီမှ ဝန်ထမ်း အမျိုးသားနှစ်ဦးလည်း သေဆုံးခဲ့သည်ဟု KPDF အဖွဲ့ထံမှ သိရသည်။
ယနေ့နံနက်တွင် ဆိုင်းတောင်ရွာအနီး တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး ရွာအတွင်းရှိ စစ်ကောင်စီတပ်နှင့် ရဲများ ပူးပေါင်းစခန်းထိုင်သည့် စခန်းကုန်းအနီးမှ ပြည်သူတချို့မှာ ကြိုတင်ရှောင်တိမ်းနေကြသည်ဟု ဖားကန့်ဒေသခံ အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
“ကျွန်တော်တို့လည်း ပြေးနေရတာ၊ ကျွန်တော့်အမျိုးသမီးဆို ဆေးသွင်းပိုက်ကြီးတန်းလန်းနဲ့ ပြေးရတာ၊ မနေ့ညတည်းကနေ ချကြတာ။ တာမခန်က ပြေးလာတဲ့ (စစ်တပ်) ဟာတွေကို လိုက်ပစ်နေကြတာ” ဟု အဆိုပါ ဒေသခံ အမျိုးသားက ပြောသည်။
ယနေ့ နံနက် ထပ်မံဖြစ်ပွားသည့် ဆိုင်းတောင်တိုက်ပွဲအတွင်း ဒေသခံတချို့ ထိခိုက်ဒဏ်ရာရသည်ဟု သိရသော်လည်း အသေးစိတ်ကို အတည်မပြုနိုင်သေးပေ။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး ရပ်တန့်နေချိန်တွင် ရှမ်းပြည်နယ်မြောက်ပိုင်းအပါအဝင် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် KIA နှင့် ပူးပေါင်းတပ်များက စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများ စတင် ဆင်နွှဲခဲ့သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့နယ်ကို KIA ဦးဆောင်သည့်တပ်များက ဇန်နဝါရီ ၂၁ ရက်တွင် သိမ်းပိုက်နိုင်ခဲ့သလို မံဝိန်းကြီးရွာရှိ ရဲစခန်းနှင့် စစ်တပ်စခန်းတို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်။
ထို့ပြင် မြစ်ကြီးနားမြို့နယ်၏ တောင်ဘက် မိုင် ၆၀ ခန့်အကွာတွင်ရှိသည့် ဆင်ဘိုမြို့ကိုလည်း KIA ပူးပေါင်းတပ်များက ထိန်းချုပ်ထားပြီး မြို့အနီးရှိ အမှတ် (၁၄၁) ခြေလျင်တပ်ရင်း စခန်းကို ဆက်လက်တိုက်ခိုက်နေသည်။