
စစ်တပ်အပေါ် KIA ၏ ထိုးစစ်စတင်သည့် ပထမနေ့တွင် စစ်တပ်၏ စခန်းကြီး ၃ ခုနှင့် စခန်းငယ် ၁၀ ခုကို သိမ်းပိုက်နိုင်ခဲ့သည်ဟု ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
KIA သည် မဟာမိတ်တပ်များဖြစ်သည့် ရက္ခိုင့်တပ်တော် AA၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ၊ ဒေသခံ ကချင် PDF (KPDF) တို့နှင့်အတူ ကချင်ပြည်နယ်မှ စစ်ကောင်စီတပ်စခန်းများကို ယမန်နေ့နံနက်ပိုင်းက တစ်ပြိုင်တည်း စတင်တိုက်ခိုက်ခြင်းဖြင့် စစ်ကောင်စီကို ထိုးစစ်ဆင်နေသည်။
KIA ဌာနချုပ် လိုင်ဇာနှင့် အနီးဆုံးနေရာတွင်ရှိသော စစ်ကောင်စီ၏ ဖွန်ပျဲန်တောင်စခန်း (Hpun Pyen Bum)၊ အင်တပ်တောင်စခန်း(Ntap Bum) ၊ မလိစခန်း အမည်ရ စခန်းကြီး ၃ ခုနှင့် အခြားစခန်းငယ် ၁၀ ခုကို ၎င်းတို့တပ်များက သိမ်းဆည်းခဲ့ခြင်းဖြစ်ကြောင်း KIA ပြောခွင့်ရအရာရှိ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
အင်တပ်တောင်စခန်းသည် ဗန်းမော်-မြစ်ကြီးနားလမ်း အနောက်ဘက်၊ နန်ဆန်ယန်ရွာအနီးတွင် ရှိသည်။
KIA နှင့် မဟာမိတ်တပ်များသည် ပြည်နယ်မြို့တော် မြစ်ကြီးနားရှိ စစ်ကောင်စီလေတပ်စခန်း၊ ဝိုင်းမော်၊ ဒေါ့ဖုန်းယန်၊ ဗန်းမော် စသည့်မြို့များမှ စစ်စခန်းများကိုလည်း တိုက်ခိုက်နေသည်။
စစ်ကောင်စီက လက်တုံ့ပြန်သည့်အနေဖြင့် KIA ဌာနချုပ် လိုင်ဇာမြို့နှင့်အနီးတစ်ဝိုက်ကို လေကြောင်း၊ လက်နက်ကြီးများဖြင့် ပြန်လည်တိုက်ခိုက်နေပြီး စစ်တပ်ပစ်သည့် လက်နက်ကြီးများသည် လိုင်ဇာမြို့တွင်းနှင့် လိုင်ဇာနှင့်ကပ်နေသည့် တရုတ်ပိုင်နက်ထဲသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း KIA ပြောခွင့်ရအရာရှိ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ယနေ့ နံနက် ၆ နာရီခွဲခန့်တွင်လည်း စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိရာ လိုင်ဇာမြို့အတွင်း ကျရောက်ပေါက်ကွဲမှုရှိသလို မြို့တစ်ဖက်ကမ်း တရုတ်နိုင်ငံအတွင်းသို့လည်း ကျရောက်ပေါက်ကွဲမှုများရှိသည်ဟု ၎င်းက ပြောသည်။
“(ဒီနေ့ မတ်လ ၈ ရက် နံနက် ၆ နာရီခွဲလောက်က) လိုင်ဇာထဲမှာတော့ လက်နက်ကြီးကတော့ ကျတယ်။ မြို့ပတ်ဝန်းကျင်လည်း ကျတယ်။ ထိခိုက်မှုတော့ မရှိပါဘူး။ တရုတ်ဘက်လည်း ကျတာပဲ သိရတယ်” ဟု ၎င်းက ပြောသည်။
လိုင်ဇာမြို့အနီး ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း စစ်တပ်သည် လက်နက်ကြီးအပြင် လေကြောင်းဖြင့်ပါ ယမန်နေ့ တစ်နေ့လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လိုင်ဇာမြို့ပြည်သူ့ဆေးရုံအနီးမှာပါ ကျရောက်ပေါက်ကွဲမှုရှိခဲ့သည်ဟု KIA ၏ မဟာမိတ် ရခိုင်တပ် AA က ယနေ့တွင် ကြေညာသည်။
ထို့ပြင် နယ်မြေချင်း ထိစပ်နေသည့် တရုတ်နိုင်ငံအတွင်းသို့ပါ ကျရောက်ပေါ်ကွဲခဲ့ကြောင်း ဖော်ပြထားသော်လည်း အသေးစိတ်အခြေအနေကို AA ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းမရှိပေ။
စစ်တပ်သည် လိုင်ဇာမြို့တစ်ဝိုက်ကို မြို့ကို အပေါ်စီးမှ မြင်ရသည့် ပါဂျောင်၊ နာဖော့ စသည့် တောင်ပေါ်အခြေစိုက် တပ်စခန်းများမှ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်နေခြင်းဖြစ်သည်ဟု လိုင်ဇာမြို့ခံများက ပြောသည်။
ထိုစစ်တပ်စခန်းမှ ယနေ့နံနက် ပစ်ခတ်မှုအတွင်း တရုတ်နိုင်ငံဘက်သို့ အမြောက်ဆန် အနည်းဆုံး ၄ လုံးခန့် ကျရောက် ပေါက်ကွဲခဲ့ကြောင်းလည်း ၎င်းတို့က ဆိုသည်။

လက်ရှိတွင် လိုင်ဇာမြို့အနီးက ခါရာတောင်၊ ဘွမ်ရယ်တောင်ပေါ်တို့တွင် အခြေစိုက်သည့် စစ်ကောင်စီတပ်တို့နှင့် နှစ်ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကာ စစ်ကောင်စီတပ်ကလည်း ထိုတောင်ကုန်းတစ်ဝိုက်ကို လေကြောင်းဖြင့် လာရောက်ဗုံးကြဲလျက်ရှိသည်ဟု ဦးနော်ဘူက ပြောသည်။
ခါရာတောင်၊ ဘွမ်ရယ်တောင်တို့မှာ လိုင်ဇာမြို့အနောက်ဘက် ၆ ကီလိုမီတာအကွာက အခိုင်အမာတည်ဆောက်ထားသည့် ဗျူဟာမြောက်တပ်စခန်းများဖြစ်ကာ KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့ကို နေ့ညမပြတ် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နေသည့် နေရာများဖြစ်၍ စီးနင်းတိုက်ခိုက်နေခြင်းဖြစ်သည်ဟု KIA က ပြောဆိုထားသည်။
အဆိုပါ တောင်ကုန်းနှစ်ခုရှိ ကာကင်းများကို ယမန်နေ့က သိမ်းဆည်းရရှိပြီဖြစ်သော်လည်း ပင်မစခန်းများကို တိုက်ခိုက်နေဆဲဖြစ်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ထို့ပြင် မလိစခန်းကိုလည်း ယမန်နေ့က တစ်နေကုန်တိုက်ခိုက်ခဲ့ကာ ယနေ့နံနက်ပိုင်းတွင် KIA နှင့် ပူးပေါင်းအဖွဲ့က နယ်မြေရှင်းလင်းရေးပြုလုပ်နေပြီဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ယမန်နေ့က KIA သိမ်းပိုက်ခဲ့သည့် စခန်းငယ်များအနက် ဝိုင်းမော်မြို့နယ် အောင်မြေသစ်ရွာအနီး တပ်စွဲထားသည့် လီဆူပြည်သူ့စစ်တပ်စခန်းလည်း ပါဝင်သည်။
ထိုတိုက်ပွဲတွင် ဒေသတွင်းလီဆူလူမျိုးစုများအကြား အာဏာစက်ကြီးသည့် စစ်ကောင်စီသစ္စာခံ လီဆူပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်း သေဆုံးခဲ့သည်။
အသက် ၅၅ နှစ်အရွယ် ဦးရွှေမင်းသည် နေပြည်တော်မှ စစ်ဗိုလ်ချုပ်များ၏ လူယုံပြည်သူ့စစ်ခေါင်းဆောင်ဖြစ်ပြီး စစ်ခေါင်းဆောင်က သူ့အား ပြီးခဲ့သည့်နှစ်အတွင်းက သီရိပျံချီဘွဲ့ပေးပြီး ချီးမြှောက်ခဲ့သည်။
၁၉၆၁ တွင် စတင်ဖွဲ့စည်းခဲ့သည့် မြန်မာ-တရုတ်နယ်စပ် လိုင်ဇာမြို့အခြေစိုက် ကချင်လက်နက်ကိုင်တပ် KIA သည် ၁၉၉၄ တွင် စစ်အစိုးရနှင့် အပစ်ရပ်လက်မှတ်ထိုးခဲ့သော်လည်း ၂၀၁၁ တွင် စစ်တပ်နှင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။
ဦးသိန်းစိန်နှင့် NLD အစိုးရလက်ထက် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် NCA ကိုလည်း KIA က လက်မှတ်ထိုးရန် ငြင်းဆိုထားသည်။
၂၀၂၁ စစ်တပ်က အာဏာသိမ်းသည်ကို KIA ကခေါင်းဆောင်များက ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်လိုသူများကို သင်တန်းပေးခြင်း၊ တော်လှန်ရေးတပ်များနှင့်အတူ စစ်ကောင်စီကို ပူးပေါင်းတိုက်ခိုက်ခြင်းတို့ကို ပြုလုပ်နေသည်။