စစ်ကောင်စီတပ်၏ ဒရုန်းဗုံးများဖြင့် တိုက်ခိုက်မှုကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့တိုက်ပွဲတွင် အများအပြား တွေ့ခဲ့ရသည်ဟု ထိုဒေသတွင် စစ်တပ်ကို တိုက်ခိုက်နေသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ် (PNLA) ထံမှ သိရသည်။
မတ်လ ၅ ရက်နေ့တွင် ဆီဆိုင်မြို့ကို လက်နက်ကြီးအပါအဝင် အသေခံဒရုန်းဖြင့် အကြိမ် ၁၀၀ ခန့် ပစ်ခတ်တိုက်ခိုက်ကြောင်း PNLA က နောက်တစ်နေ့တွင် သတင်းထုတ်ပြန်သည်။
အရပ်သားများ၊ တော်လှန်ရေးအဖွဲ့များ ထိခိုက်မှု ရှိမရှိ အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြမထားပေ။
မြောက်ပိုင်းမဟာမိတ်တပ်များ၏ ၁၀၂၇ ထိုးစစ်တွင် ဒရုန်းဗုံးများကြောင့် စစ်ကောင်စီတပ် အထိနာခဲ့ပြီး ရာနှင့်ချီသော တပ်စခန်းများကို စွန့်လွှတ်ခဲ့ရသည်။
တရုတ်ထုတ် စိုက်ပျိုးရေးသုံးဒရုန်းများကြောင့် ၎င်းတို့တပ်များ အကြီးအကျယ် ထိခိုက်ရသည်ဟု စစ်ခေါင်းဆောင်ကိုယ်တိုင် ပြီးခဲ့သည့်နှစ်အတွင်းက ထုတ်ဖော်ပြောဆိုထားပြီး စစ်တပ်သည် ၎င်း၏ရန်သူများနည်းတူ ဒရုန်းဖြင့် တိုက်ပွဲဝင်နိုင်ရန် လနှင့်ချီ ပြင်ဆင်လာသည်။
စစ်တပ်သတင်းဌာနများမှတစ်ဆင့် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်း ထွက်ပေါ်လာသည့် ဓာတ်ပုံများအရ စစ်ကောင်စီ၏ လက်နက်စက်ရုံများသည် ဒရုန်းမှ ကြဲချနိုင်သည့် ဗုံးသီးအများအပြား ထုတ်လုပ်ထားသည်ကို တွေ့ရှိရသည်။
စစ်ကောင်စီသုံးသည့် အသေခံဒရုန်းအမျိုးအစား မည်သည့်နိုင်ငံမှ တင်သွင်းသည်ကိုမူ လတ်တလောတွင် မသိရသေးပေ။
စစ်ကောင်စီက PNLA ထိန်းချုပ်ထားသည့် ဆီဆိုင်မြို့ကို ပြန်ရနိုင်ရန် ဇန်နဝါရီလကုန်ကတည်းက ထိုးစစ်ဆင်နေသည်။
PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယန်ကလည်း စစ်ကောင်စီတပ်သည် ပေါက်ကွဲစေတတ်သော ဗုံးပါဝင်သည့် ဒရုန်းဖြင့် ပစ်မှတ်ကို တိုးဝင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း Myanmar Now ကို ပြောသည်။
“အခုအချိန်အထိပဲဗျ။ ဆီဆိုင်မြို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်တယ်။ အသေခံဒရုန်းပေါ့၊ အဲဒီလိုမျိုးတွေလည်း အများကြီးသုံးလာတယ်” ဟု ၎င်းက ဆိုသည်။
တိုက်ခိုက်မှုကြောင့် ဆီဆိုင်ဆေးရုံအဆောက်အအုံတချို့၊ မြို့တွင်းရှိ အဆောက်အအုံတချို့ ထိခိုက်ပျက်စီးခဲ့ရသည်ဟု ခွန်ရိန်းယန်က ပြောသည်။
စစ်ကောင်စီက ဆီဆိုင်၏ တောင်ဘက် ၃၃ မိုင်အကွာရှိ ကယားပြည်နယ် ခေါ် ကရင်နီပြည်နယ် မြို့တော်လွိုင်ကော်သို့ ရောက်နေသည့် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များကို တိုက်ရာတွင် အသေခံဒရုန်းများသုံးနေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF-UAV) ဌာနထံမှ သိရသည်။
“FPV Drone ကတော့ Kamikaze အမျိုးအစားပေါ့။ အသေခံဝင်တိုက်တဲ့ဟာမျိုး ဖြစ်တယ်။ အဲဒါတွေကတော့ ကြောက်ရတယ်။ မောင်းတဲ့ Pilot Skill ပေါ် မူတည်ပြီးတော့ အိမ်ထဲထိ ဝင်လိုက်နိုင်တဲ့ အမျိုးအစားပေါ့” ဟု KNDF-UAV ဌာနတာဝန်ရှိသူတစ်ဦးက ပြောသည်။
“သူတို့ ပျက်ကျတဲ့ဟာတွေ သိမ်းမိထားတာတွေရှိတယ်။ Payload ကတော့ 2kg လောက် တင်တယ်။ သူက Hobby Grade ပဲဗျ။ တရုတ်ကနေ လွယ်လွယ်ဝယ်လို့ရတယ်”
နေအိမ်များကို ဖောက်ထွင်းခိုးယူမှု
ဆီဆိုင်မြို့ကို စစ်တပ်က အဆက်မပြတ် ထိုးစစ်ဆင်နေခြင်း မဟုတ်ဘဲ မကြာခဏ နောက်ပြန်ဆုတ်နေသည်ဟု သိရသည်။
နိုင်ငံအနှံ့ တပ်ဖြန့်ထားရသဖြင့် အင်အားလိုအပ်နေသည့် စစ်ကောင်စီသည် ပအိုဝ်းအမျိုးသားတပ် (PNA) ခေါ် ဒေသတွင်း အင်အားကြီး ပြည်သူ့စစ်အဖွဲ့၏ အင်အားကို အားပြုနေရသည်။
မြို့၏ မြောက်ဘက် ၁၁ မိုင်ကျော်အကွာရှိ ဆိုက်ခေါင်ရွာကို စစ်ကောင်စီတပ်က ထိန်းချုပ်ထားသည်။
ဆိုက်ခေါင်၏မြောက်ဘက်ရှိ ဘန်းယဉ်ရွာတွင် ခမရ ၄၂၅ နှင့် ၄၂၆ တပ်ရင်းတို့ ရှိသည်။
တိုက်ပွဲအတွင်း ထွက်မပြေးနိုင်ဘဲ ဆီဆိုင်မြို့တွင် ပိတ်မိနေသူအရေအတွက် မည်မျှရှိသည်ကို Myanmar Now က စုံစမ်းနေဆဲဖြစ်သည်။
စစ်တပ်က စိတ်ကြိုက်ရေးဆွဲပြီး အခွင့်အာဏာပိုယူထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆီဆိုင်၊ ဟိုပုံးနှင့် ပင်လောင်းမြို့နယ်တို့ကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟု သတ်မှတ်ထားသည်။
PNLA နှင့် မဟာမိတ်ကရင်နီတော်လှန်ရေးတပ်များသည် ဆီဆိုင်တွင်သာမက ဟိုပုံးမြို့နယ်အထိပါ တိုက်ပွဲကို ဖော်ဆောင်နေသည်။
ဟိုပုံးသည် ဆီဆိုင်၏ မြောက်ဘက် ၄၄ မိုင်ခန့်အကွာတွင်ရှိပြီး ရှမ်းပြည်နယ်မြို့တော် တောင်ကြီး၏ အရှေ့ဘက် ၄ မိုင်ခန့်အကွာတွင်ရှိသည်။ ဟိုပုံးတွင် တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းရှိသည်။
ဟိုပုံးမြောက်ဘက် စကားဒေသရှိ မဲနယ်တောင်ဘက်တွင် စစ်ကောင်စီတပ် ဖျက်ဆီးသွားသည့် လမ်းများကို ပြန်ပြင်ထားရကြောင်း PNLA က ဆိုသည်။ ထို့အပြင် ကုန်စည်စီးဆင်းရာ အဓိကလမ်းမကြီးတစ်ခုဖြစ်သည့် ဟိုပုံး-မိုင်းပွန်လမ်းကိုလည်း မကြာခဏ ပိတ်လိုက်ဖွင့်လိုက် လုပ်နေကြောင်း PNLA ဘက်က ပြောသည်။
စစ်ကောင်စီတပ်ကို ထောက်ခံရေးသားလေ့ရှိသည့် Kyaw Swar တယ်လီဂရမ်ချန်နယ်ကလည်း မတ်လ ၅ ရက် နေ့လယ် ၁၁ နာရီခန့်က ဟိုပုံးနှင့် မိုင်းပွန်မြို့ကြားက လွယ်ဝိုးတုတ်ရွာတွင် တိုက်ပွဲဖြစ်ရာ ကရင်နီအမျိုးသားများတိုးတက်ရေးပါတီ (KNPP) ဘက်မှ ၄ ဦးသေဆုံးသည်ဟု ရေးသားသည်။
အဆိုပါ သတင်းနှင့်ပတ်သက်၍ KNPP ၏ လက်နက်ကိုင်တပ်ဖြစ်သည့် ကရင်နီတပ်မတော် (KA) ၏ ပြောရေးဆိုခွင့်ရှိသူထံ မေးထားသော်လည်း သတင်းရေးသားချိန်အထိ အကြောင်းမပြန်သေးပေ။
မတ်လ ၅ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လွယ်ဝိုးတုတ်ရွာအတွင်း ဝင်ရောက်ကာ အရပ်သားနေအိမ်အတွင်းရှိ ပစ္စည်းများကို ဖောက်ထွင်းယူဆောင်ကြကြောင်း ဟိုပုံးဒေသခံတစ်ဦးကမူ မျက်မြင်တွေ့သူတချို့ကို ကိုးကား၍ Myanmar Now ကို ပြောသည်။
“တိုက်ပွဲဖြစ်ပြီးတော့ စစ်ဘေးရှောင်တွေ တစ်ရွာလုံးပြေးတာပေါ့။ ပြေးတော့ တစ်မြန်နေ့က စစ်တပ်က အဲဒီရွာထဲ ဝင်ပြီး ပစ္စည်းတွေသယ်တာပေါ့။ ဗီဒိုတွေရော၊ အိမ်မိုးတဲ့သွပ်တွေရော ခွာပြီးယူတယ်။ ကုန်ကား ၂ စီးလောက်နဲ့ အိမ်တွေထဲမှာရှိတဲ့ ပရိဘောဂတွေပေါ့။ အဲဒါကို မြင်တဲ့သူတွေက ပစ္စည်းပိုင်တဲ့ စစ်ရှောင်တွေ ပြန်ပြောပြတာပေါ့” ဟု ၎င်းက ဆိုသည်။
ထိုလုပ်ရပ်ကို မကျေနပ်သည့် ရွာခံများက PNA ပြည်သူ့စစ်အဖွဲ့မှ ဗိုလ်မှူးပီတာထံ တိုင်ကြားထားကြောင်း၊ စစ်ကောင်စီတပ်ဘက်က ယူဆောင်သွားသည့် ပစ္စည်းများ ပြန်ပေးလာမှုရှိမရှိ လတ်တလောမကြားရသေးကြောင်း ဟိုပုံးဒေသခံက ဆိုသည်။
ရှမ်းပြည်နယ်တောင်ပိုင်းတွင် တိုက်ပွဲဆက်ဖြစ်ဦးမည်ဟု ၎င်းက ယူဆသည်။
“လက်ရှိအခြေအနေကတော့ ပိုဆိုးလာမယ်ထင်တယ်။ ဟိုဘက် (PNLA) ကတော့ မပြီးမချင်း တွယ်မယ်ပြောတယ်” ဟု ဟိုပုံးဒေသခံ အမျိုးသားက ဆိုသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်၊ ဟိုပုံးနှင့် လွိုင်လင်မြို့နယ်အတွင်း ပစ်ခတ်မှုများကြောင့် ဇန်နဝါရီလ ၂၁ ရက်မှ မတ်လ ၂ ရက်အထိ အရပ်သား ၄၇ ဦး သေဆုံးသွားသည်၊ စစ်ရှောင် ၁ သိန်းနီးပါးရှိသည်ဟု ပအိုဝ်းလူငယ်အစည်းအရုံး (PYO) ၏ အချက်အလက်များအရ သိရသည်။
တိုက်ပွဲနှင့် ဝေးသည့် ကျေးရွာများ၊ ဘေးလွတ်ရာ တောတောင်များအတွင်း တိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များသည် ဝမ်းရောဂါဖြစ်ပွားနေကြသလို ဆေးဝါး၊ ရိက္ခာနှင့် သောက်သုံးရေမလုံလောက်မှု အခက်အခဲများ ကြုံနေရကြောင်း PYO က ပြောသည်။