ညီနောင်မဟာမိတ်သုံးဖွဲ့ဟု လူသိများကြသည့် တအာင်းတပ်မတော် (TNLA), ကိုးကန့်တပ်မတော် (MNDAA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၂၀၂၃ အောက်တိုဘာ ၂၇ ရက်နေ့က အစပြုလိုက်သည့် “၁၀၂၇ စစ်ဆင်ရေး” မှာ ဇန်နဝါရီလဆန်းပိုင်းတွင် ရပ်တန့်သွားသည်။
တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်သုံးဖွဲ့တို့ ယူနန်ပြည်နယ် ကူမင်းမြို့ ဟိုင်ဂင်ဟိုတယ်တွင် တွေ့ဆုံခဲ့ပြီးနောက် အပစ်အခတ်ရပ်စဲရန် သဘောတူလိုက်ကြခြင်း ဖြစ်သည်။
ထိုအချိန်တွင် အာဏာသိမ်းစစ်ကောင်စီသည် စခန်းကြီးငယ် ရာနှင့်ချီဆုံးရှုံးခဲ့ရပြီး ကိုးကန့်ဒေသတစ်ခုလုံးအပြင် နမ့်ခမ်း၊ မန်တုံ၊ နမ့်ဆန်၊ မိုင်းငေါ့၊ မိုင်းလုံ၊ နမ္မတူ၊ ကွတ်ခိုင်နှင့် သိန္နီမြို့တို့ကိုပါ လက်လွှတ်ခဲ့ရပြီးဖြစ်သည်။
မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များက ၎င်းတို့သိမ်းပိုက်နိုင်ခဲ့သည့် ဟိုပန်နှင့် ပန်လုံမြို့နှစ်မြို့ကိုလည်း မဟာမိတ်ဖြစ်သော “ဝ”ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထံ လွှဲပြောင်းပေးခဲ့ရာ UWSA သည် သေနတ်တစ်ချက်မျှ ဖောက်စရာမလိုဘဲ ရရှိခဲ့သည်။
ထိုစစ်ဆင်ရေးအတွင်း မြောက်ပိုင်း ၃ ဖွဲ့ဘက်တွင် NUG ၏ ပြည်သူ့ကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF) တို့ ပူးပေါင်းတိုက်ခိုက်ပေးခဲ့ကြသည်။
ထိုစစ်ဆင်ရေးတွင် မပါဝင်သည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကလည်း နမ့်ဖတ်ကာနှင့် မဘိမ်းမြို့တို့ကို သိမ်းပိုက်ခဲ့သည်။ မဘိမ်းမြို့သိမ်းတိုက်ပွဲတွင် ကျောင်းသားတပ်မတော် (ABSDF) နှင့် PDF တို့ ပူးပေါင်းပါဝင်ခဲ့သည်။
နိုင်ငံအနောက်ပိုင်းစစ်မြေပြင်သည် “ဟိုင်ဂင်” သဘောတူညီချက်တွင် မပါဝင်သောကြောင့် ထိုနေရာတွင် AA က ဆက်လက် ထိုးစစ်ဆင်နေရာ မြို့ ၇ မြို့ သိမ်းထားပြီး ရခိုင်ဒေသတစ်ခုလုံးရှိ စစ်ကောင်စီစခန်းများကို တိုက်ခိုက်မည်ဟု ကြေညာထားသည်။
AA အနေဖြင့် ကျန်နှစ်ဖွဲ့နှင့် မတူသည့် စစ်မျက်နှာမှာ ရေတပ်ဖြစ်သည်၊ စစ်ကောင်စီကလည်း ရခိုင်မြို့များကို ကြည်း၊ ရေ၊ လေ သုံး၍ ခုခံနေရာ မြို့ကြီးအများအပြား ပျက်စီးနေပြီဖြစ်သည်။
မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်တို့ကို တစ်ပြိုင်နက်ထိုးစစ်ဆင်နေကာ မြို့တော်စစ်တွေမှာ ဝိုင်းပတ်ပိတ်ဆို့ခံနေရသည်။
အဆိုပါ စစ်ဆင်ရေးများအတွင်း စစ်ကောင်စီဘက်မှ လူ ထောင်ချီ လက်နက်ချခဲ့သလို ထိခိုက်သေဆုံးမှုများစွာ ရှိခဲ့ကာ တော်လှန်ရေးတပ်များဘက်မှလည်း အကျအဆုံးများစွာရှိခဲ့သည်။
ကိုယ်ပိုင်အုပ်ချုပ်ရေးများ ထူထောင်လာ
ကိုးကန့်ဒေသတစ်ခုလုံး ပြန်လည်လွတ်မြောက်သည့်အခမ်းအနားကို ဖေဖော်ဝါရီ ၉ ရက်က MNDAA သိမ်းပိုက်ထားသည့် ဒေသတွင် ကျင်းပရာ PSLF/TNLA မှ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း၊ ဒုတိယဥက္ကဋ္ဌ (၂) ဗိုလ်မှူးချုပ် တားခူလန်၊ ULA/AA မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ တက်ရောက်ခဲ့သည်။
ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ မန္တလေးသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာစန်းတို့လည်း အဆိုပါအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ရုပ်သံမှတ်တမ်းများအရ သိရသည်။
MNDAA သည် လွန်ခဲ့သည့် ၁၄ နှစ်ကျော်က အုပ်ချုပ်ခဲ့သည့် ကိုးကန့်ဒေသကို ပြန်လည်တည်ဆောက်ရေးအတွက် ဝန်ထမ်းခေါ်ယူရာတွင် စစ်ကောင်စီနှင့် ဆက်စပ်သူများ ပါဝင်ခြင်း မရှိစေရန် အလေးထားသည်ဟု MNDAA အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းက Myanmar Now ကို ပြောသည်။
“လုပ်ငန်းရှင်တွေက မိမိသဘောနဲ့ အလုပ်သမားဝန်ဆောင်မှုကုမ္ပဏီကနေ မခေါ်ယူဘဲနဲ့ မိမိသဘောနဲ့ ခေါ်ယူတာမျိုးကိုလည်း ကျွန်တော်တို့ ခွင့်လွှတ်တယ်။ ဒီလိုလည်း ခေါ်ယူလို့ရပါတယ်။ ဒါပေမဲ့ သူခေါ်လာတဲ့ အလုပ်သမားက နိုင်ငံရေးနောက်ခံ မသန့်ရှင်းဘူး၊ စစ်ကောင်စီနဲ့ ဆက်နွှယ်နေတယ်ဆိုရင်တော့ ပြင်းထန်စွာအရေးယူမှာပါ” ဟု လီကျားဝင်းက ဆိုသည်။
TNLA ကလည်း ၎င်းတို့ သိမ်းပိုက်ထားသည့် မြို့ ၇ မြို့တွင် အုပ်ချုပ်ရေးလုပ်ငန်းများ စတင်နေပြီဖြစ်ကြောင်း ဇန်နဝါရီလအတွင်းက Myanmar Now ကို ပြောထားသည်။ အထွေထွေအုပ်ချုပ်ရေးဌာနနှင့် ရဲတပ်ဖွဲ့တွင် တာဝန်ယူမည့်သူများကို သင်တန်းပေးထားသည်၊ CDM ခေါ် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်နေသူ ဝန်ထမ်းများကိုလည်း အုပ်ချုပ်ရေးယန္တရားတွင် အသုံးပြုသွားမည်ဟု သိရသည်။
မြို့နယ် ၇ ခုလုံးနီးပါးတွင် အဆိုပါ ဌာနနှစ်ခု လည်ပတ်နေသည်၊ ယခုမှ အစပြုသည့် အုပ်ချုပ်ရေးလုပ်ငန်းစဉ်များ အသားမကျသေးဟု ဒေသခံတချို့က ပြောသည်။
ခရိုင်၊ မြို့နယ်၊ ရပ်ကွက် ကျေးရွာအဆင့် ဌာနဆိုင်ရာများ ရှိလာမည်ဖြစ်ကြောင်း တရားဝင်ကြေညာထားသည်ကို သိရှိသည်ဟု နမ့်ဆန်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
“လုံခြုံရေးရှိတယ်၊ ထွေအုပ်၊ ရဲနဲ့ တရားရေးဌာနဆိုတာရှိတယ်။ ဒါပေမဲ့ တခြားဌာနတွေတော့ ဘာမှမကြားရသေးဘူး” ဟု သူက ပြောသည်။
နမ့်ဆန်မြို့ပေါ် အဆောက်အအုံများ တိုက်ပွဲအတွင်း ထိခိုက်ပျက်စီးခဲ့သည်၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် ကော်မတီတစ်ခုလည်း ဖွဲ့စည်းထားသည်ဟု သိရသည်။
“ပြန်လည်ထူထောင်ရေးလည်း အများကြီးပြန်လုပ်ရဦးမှာ။ တချို့ကလည်း ကိုယ့်အစီအစဉ်နဲ့ ပြန်လုပ်နေကြတာလေ။ ဘုန်းကြီးကျောင်းဆိုရင် မိုးကျရင် ခေါင်က မလုံတော့ မလုပ်လို့မရဘူး” ဟု အထက်ပါ နမ့်ဆန်ဒေသခံ အမျိုးသားက ပြောသည်။
“ဆေးရုံကြီးကတော့ သူတို့လောလောဆယ် ပြန်လည်ပြုပြင်နေတယ်လို့ ကြားတယ်၊ တော်တော်လေး ပျက်စီးသွားတယ်၊ တပ်စခန်းနဲ့လည်း နီးတော့ အဲဒီနားတစ်ဝိုက်က တော်တော်လေးကို အထိနာသွားတယ်”
စစ်ရှောင်များအနက် မြို့သို့ ပြန်လာသူ ၇၀ ရာခိုင်နှုန်းခန့် ရှိသည်ဟု သိရသည်။
နမ့်ခမ်းမြို့နယ်တွင် ဖုန်း၊ အင်တာနက်၊ လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိနေပြီဖြစ်သည်ဟု မြို့ခံတချို့က ပြောသည်။ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊ သုံးစွဲမှုနှင့် ရာဇဝတ်မှုများကို ဖမ်းဆီးနှိမ်နင်းနေသည်ဟု အသက် ၇၀ ခန့်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“အုပ်ချုပ်ရေးကတော့ ပုံမှန်အတိုင်းပဲရှိတယ်။ သူတို့တွေ ရပ်ကွက်လူကြီးတွေနဲ့ မြို့မိမြို့ဖတွေကို လာတွေ့တာတွေ ရှိတယ်။ ပြီးတော့ သူတို့လုပ်မယ့် ကိစ္စတွေကို ပြောပြတာတွေရှိတယ်။ မြို့ခံတွေလည်း အကုန်နီးပါးပေါ့ ပြန်ရောက်နေကြပြီ။ အားလုံးလည်း ပြန်လည်စည်ကားနေပါပြီ” ဟု အဆိုပါ ဒေသခံအမျိုးသားက ဆိုသည်။
ဒေသခံများ၏ ဝေဖန်မှု
အာဏာသိမ်းစစ်တပ်ကို တိုက်ထုတ်ပေးသည့်အတွက် တစ်နိုင်ငံလုံး၏ ဩဘာပေးမှုကို ရရှိထားသည့် အဆိုပါ လက်နက်ကိုင်နှစ်ဖွဲ့ကို ၁၀၂၇ စစ်ဆင်ရေးရပ်နားသွားသည့်နောက်ပိုင်း ၎င်းတို့၏ လုပ်ဆောင်ချက်တချို့ကြောင့် ဝေဖန်မှုများလည်း တဖြည်းဖြည်း မြင့်တက်လျက်ရှိနေသည်ဟု ရှမ်းမြောက်ဒေသခံအချို့က ပြောသည်။
စစ်ဆင်ရေးပြုလုပ်နေစဉ်အတွင်းမှာပင် MNDAA အဖွဲ့က လောက်ကိုင်မြို့မှ ပြန်လာသည့် လူငယ်တချို့ကို တပ်ထဲ ထည့်ရာတွင် တရုတ်နယ်စပ်မျဉ်းအနီးရှိ မုံးကိုးမြို့မှ သံဃာတချို့ကို လူဝတ်လဲစေကာ စစ်မှုထမ်းခိုင်းခဲ့သည်ဟု သိရသည်။
ထို့ပြင် ဖေဖော်ဝါရီ ၁၇ ရက်က မုံးကိုးမြို့မှ စစ်ရှောင်တချို့ကို မြို့မှ အမြန်ဆုံးထွက်ခွာသွားရန် MNDAA တပ်ဖွဲ့က မောင်းထုတ်ခဲ့သည်ဟု ဒေသတွင်းသတင်းများအရ သိရသည်။
ထိုသူများမှာ မုံးကိုးမြို့၏ အရှေ့ဘက် မိုင်အနည်းငယ်အကွာရှိ ကောင်းလုံရွာမှဖြစ်ပြီး ၂၀၂၁ ခုနှစ်က ဖြစ်ပွားသည့် စစ်ကောင်စီတပ်နှင့် MNDAA တပ်ဖွဲ့တို့၏ တိုက်ပွဲများကြောင့် မုံးကိုးမြို့တွင် စစ်ရှောင်နေကြရသူများ ဖြစ်သည်။
MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းက အဆိုပါ သတင်းနှင့်ပတ်သက်ပြီး မသိရှိသေးကြောင်းနှင့် စုံစမ်းပြီးလျှင် ပြန်လည် ဖြေကြားပေးမည်ဖြစ်ကြောင်း၊ စစ်သားစုဆောင်းမှုများနှင့် ပတ်သက်၍လည်း ၎င်းတို့၏ မူဝါဒများအတိုင်းသာ လုပ်ဆောင်နေကြောင်း Myanmar Now ကို ပြောသည်။
ကိုးကန့်ဒေသကို MNDAA အဖွဲ့ ပြန်လည်သိမ်းစဉ် ၎င်းဒေသတွင်းရှိသည့် ဗမာလူမျိုးများကို အတင်းအကျပ် နေရပ်ပြန်ခိုင်းသည်ဆိုသည့် သတင်းများနှင့် လူမျိုးရေးခွဲခြားမှုများရှိသည်ဆိုသည့် စွပ်စွဲချက်များလည်း ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့သည်။
သို့သော် MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းကမူ အဆိုပါ အချက်ကို ငြင်းဆိုထားပြီး ၎င်းတို့အနေဖြင့် လူမျိုးရေးခွဲခြားမှုမရှိသလို ယခု အလုပ်သမားများ ပြန်လည်ခေါ်ယူရာတွင်လည်း လူမျိုးမရွေး လာရောက် လုပ်ကိုင်နိုင်သည်ဟု ပြောသည်။
“ဗမာတွေ လုံးဝမဝင်ရဘူး၊ ဘယ်လူမျိုးမှ မလာရဘူးဆိုတာက ကောလာဟလဖြစ်တယ်။ အဲဒီတုန်းက စစ်ပွဲပြီးပြီးချင်း ပြန်လည်တည်ဆောက်နေတဲ့ အချိန်ဆိုတော့ တချို့အရာတွေက ခဏတစ်ဖြုတ်နဲ့ လုပ်ဆောင်လို့မရတဲ့ အရာတွေဖြစ်နေတယ်” ဟု သူက ဆိုသည်။
လက်နက်ကိုင်အဖွဲ့စုံရာ ကွတ်ခိုင်
ကွတ်ခိုင်မြို့ရှိ စစ်ဗျူဟာအဖွဲ့၊ ခြေလျင်တပ်ရင်းများဖြစ်သော အမှတ် (၂၄၁၊ ၂၄၂၊ ၄၅)၊ အမှတ်(၂၄၇) အမြောက်တပ်ရင်းတို့ကို ဇန်နဝါရီ ၁ မှ ၈ ရက်အတွင်း TNLA က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မြို့ကို ထိန်းချုပ်ထားကာ အုပ်ချုပ်ရေးစတင်နေပြီဖြစ်သည်။
ဖေဖော်ဝါရီ ၄ ရက်နေ့က အင်အား ၅၀ ခန့်ရှိ KIA တပ်ဖွဲ့က ကွတ်ခိုင်မြို့အတွင်း ဝင်ရောက်လာပြီး မြို့ပေါ် ရပ်ကွက်တချို့တွင် နေရာယူတပ်စွဲခဲ့ကာ ကချင်အမျိုးသားလှန်ရေးနေ့ကျင်းပရန် ပြင်ဆင်ခဲ့သည်။
နောက်တစ်နေ့နံနက်တွင် KIA တပ်ဖွဲ့နှင့် မြို့ခံကချင်ဒေသခံတချို့က မြို့ပေါ် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်နှင့် ရပ်ကွက်တချို့တို့တွင် ကချင်အလံများ လွှင့်ထူခဲ့သည်၊ နံနက် ၁၀ နာရီခန့်၌ TNLA က ထိုအလံများကို လိုက်လံဖြုတ်ယူခဲ့ကြောင်း မြို့ခံများက ပြောကြသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ကွတ်ခိုင်မြို့အခြေစိုက် TNLA တာဝန်ရှိသူတစ်ဦးက ၎င်းတို့ကို အသိပေးမှုမရှိဘဲ KIA က မြို့တွင်းသို့ ဝင်ရောက်ပြီး အခမ်းအနားပြုလုပ်ခဲ့သောကြောင့် မြို့ခံများစိုးရိမ်နေသောကြောင့် အလံများ ဖြုတ်ယူခဲ့ကြောင်း Myanmar Now ကို ဖေဖော်ဝါရီ ၁၃ ရက်က ပြောသည်။
ကချင်အမျိုးသားအလံ ဖြုတ်ယူခံရခြင်းနှင့်ပတ်သက်ပြီး TNLA တပ်ဖွဲ့၏ လုပ်ဆောင်မှုများကို ကန့်ကွက်ရှုတ်ချကြောင်း မကြာသေးမီက ဖွဲ့စည်းထားသည့် ကွတ်ခိုင်ကချင်တမန်အဖွဲ့က ဖေဖော်ဝါရီ ၆ တွင် ထုတ်ပြန်ထားသည်။
ကွတ်ခိုင်မြို့တွင် လွှင့်ထူသည့်အလံမှာ KIA အလံမဟုတ်ဘဲ ကချင်အမျိုးသားအလံသာဖြစ်သော်လည်း TNLA တပ်ဖွဲ့ဝင်တချို့က ဆွဲဖြုတ်ခဲ့သည်ဟု အထက်ပါ ကွတ်ခိုင်ဒေသခံ အမျိုးသမီးက ပြောသည်။
“မျိုးချစ်စိတ်ပြင်းထန်တဲ့ (တအာင်း) လူငယ်၊ လူရွယ်တွေက ဘယ်လိုဖြစ်လာလဲဆိုတော့ ငါတို့တိုက်ထားတာ ငါတို့ နိုင်ထားတယ်ဆိုတဲ့ ကြမ်းကြမ်းတမ်းတမ်းစကားလုံးတွေ ပြောလာကြတယ်” ဟု အဆိုပါ ဒေသခံအမျိုးသမီးက ဆိုသည်။
ထို့ပြင် TNLA သည် လူမျိုးစုံရှိသည့် ကွတ်ခိုင်မြို့ကို ၎င်းတို့၏ အုပ်ချုပ်ရေးပုံစံ ဖော်ဆောင်နေသည်ဟု အထက်ပါ ကွတ်ခိုင်ဒေသခံ အမျိုးသမီးက ပြောသည်။
“CDM တွေ ဆိုရင်လည်း သူတို့ရဲ့ အမျိုးသားတော်လှန်ရေးရဲ့အောက်မှာ ဝင်ပြီးမှ တာဝန်ထမ်းဆောင်ရမယ်ဆိုတာကိုလည်း တွေ့ရတယ်။ ကျွန်မတို့ ကိုယ့်မြို့မှာ ဘာပဲပြောပြော CDM တွေကို နေရာပေးတာကို လိုချင်တယ်၊ ပြည်သူ့အာဏာ ပြည်သူ့ပြန်ပေးဆိုတာ အလကားအော်ခဲ့တာ မဟုတ်ဘူးလေ” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။
အထက်ပါ အခြေအနေများနှင့် ပတ်သက်ပြီး TNLA ပြောခွင့်ရရုံးရှိ တာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်သည်။
နယ်စပ် မူဆယ်မြို့
ဝိုင်းပတ်ပိတ်ဆို့ခံထားရသည့် ပြည်နယ်မြို့တော် လားရှိုးနှင့် နယ်စပ်ကုန်သွယ်ရေးမြို့ မူဆယ်တို့မှာ ‘ဟိုင်ဂင်’ ဟိုတယ်တွင် ရခဲ့သည့် သဘောတူညီချက်ကြောင့် ညီနောင်သုံးဖွဲ့၏ သိမ်းပိုက်ခံရမည့်ဘေးမှ လွတ်ကင်းခဲ့သည်။
လားရှိုးမြို့ပေါ်တွင် လေဆိပ်အနီးရှိသည့် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ)၊ စကခ (၁၆) လက်အောက်ခံ လားရှိုး အခြေစိုက်တပ်များဖြစ်သည့် ခမရ (၅၂၂)၊ ခမရ (၅၀၇)နှင့် ခလရ (၆၈)တပ်များ ရှိနေသည်။
အဆိုပါ တပ်များက အပစ်အခတ်ရပ်ထားစဉ်ကာလအတွင်း လုံခြုံရေးကိစ္စများ ဆောင်ရွက်ရမည့်အစား မြို့ခံများအပေါ် နည်းမျိုးစုံဖြင့် ငွေညှစ်ဖို့ ကြိုးစားနေသည်ဟု အသက် ၃၀ ခန့်ရှိသည့် လားရှိုးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“ဆိုင်ကယ်နဲ့ ဖြတ်လာတဲ့ ယောကျ်ားလေးတွေဆိုရင် တားပြီးတော့မှ ဆိုင်ကယ်စစ်တယ်။ ကားဆိုရင်လည်း ကားကို တားပြီးစစ်တယ်” ဟု သူက ပြောသည်။
“ဒီရက်ပိုင်းထဲမှာဆိုရင် ယာဉ်ထိန်းရဲမပါဘဲနဲ့ စစ်သားနဲ့ ရဲနဲ့ ပေါင်းပြီး ကားတွေကို တားပြီးမှ ဖြတ်ပိုင်းတွေဘာတွေ ပေးတယ်။ ဘာလုပ်လဲတော့မသိဘူး ယာဉ်ထိန်းရဲတွေမပါဘဲနဲ့ ဆိုင်ကယ်တွေဖမ်းပြီးတော့မှ ပိုက်ဆံနဲ့ ရွေးခိုင်းတယ်”
ဗုံးပေါက်မှုများလည်းရှိသည်၊ မြို့ပေါ်ရှိ လုပ်ငန်းရှင်များကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့၏ အမည်ဖြင့် ဆက်ကြေးကောက်မှု ဆက်ရှိနေသည်ဟု အဆိုပါ ဒေသခံအမျိုးသမီးက ဆက်ပြောသည်။
နာမည်ကျော် နယ်စပ်ကုန်သွယ်ရေးမြို့တော် မူဆယ်မြို့ကို ယခုလ ၁၅ ရက်တွင် တော်လှန်ရေးအဖွဲ့များက ဝင်ရောက် တိုက်ခိုက်မည်ဆိုသည့် သတင်းကြောင့် မူဆယ်မြို့ခံတချို့ ထိတ်လန့်ခဲ့ကြရသော်လည်း ယနေ့အထိ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခြင်းမရှိသေးပေ။
နမ့်ခမ်း၊ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နှင့် အခြားစခန်းများမှ ပြေးလာသည့် စစ်ကောင်စီတပ်သားများမှာ မူဆယ်မြို့တွင် ပေါ်တွင် လက်နက်ကြီးစခန်းနှင့် အခိုင်အမာ ခံစစ်ပြင်ထားသည်ဟု မြို့ခံတချို့က ပြောသည်။
မူဆယ်သည် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တရုတ်နယ်စပ်မျဉ်းပေါ်တွင် စစ်ကောင်စီက ထိန်းချုပ်ထားနိုင်သည့် တစ်ခုတည်းသော မြို့လည်းဖြစ်သည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်လိုက်သည့် အခြားမြို့များတွင် ရာဇဝတ်မှုများ လျော့ကျသွားသော်လည်း စစ်ကောင်စီတပ်က ထိန်းချုပ်ထားသည့် မူဆယ်တွင် မကြာခဏဆိုသလို လုယက်မှု၊ ပြန်ပေးဆွဲမှုနှင့် ပစ်ခတ်သတ်ဖြတ်မှုများ ဖြစ်ပွားနေသည်။
မြို့ပေါ်ရှိ လူဦးရေ၏ ထက်ဝက်ခန့်မှာ တရုတ်ပြည်နှင့် အခြားမြို့များသို့ ပြောင်းရွှေ့သွားကြပြီး မြို့ပေါ်တွင် ယခင်ကထက် ခြောက်ကပ်တိတ်ဆိတ်သွားသည်ဟု အသက် ၅၀ ကျော်အရွယ် မူဆယ်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
သို့သော် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်များကို လိုင်းကြေးပေးနေသည့် မြို့တောင်ဘက်တွင်ရှိသည့် လောင်းကစားရုံများတွင်မူ နေ့ညမပြတ် လူစည်ကားနေသည်ဟု ၎င်းက ပြောသည်။
၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကို ညီနောင်သုံးဖွဲ့က သိမ်းပိုက်ထားပြီးနောက် စစ်ကောင်စီတပ်က မူဆယ်မြို့အထွက်တွင် ပိတ်ဆို့ထားလိုက်သည်ဟု သိရသည်။
“မူဆယ်မြို့အထွက်မှာ စစ်ကောင်စီတပ်က လမ်းကို အသေပိတ်ပြီး အခိုင်အမာ ခံစစ်ပြင်ထားတာ ဘယ်သူမှ သွားလို့ မရတော့ဘူး။ ဘေးလမ်းတွေကလည်း မိုင်းတွေထောင်ထားတော့ သွားမရတော့ဘူး” ဟု အထက်ပါ မူဆယ်ဒေသခံ အမျိုးသား က ပြောသည်။
“မူဆယ်ကနေ နမ့်ခမ်းကို သွားကြတယ်။ ပြီးမှ နမ့်ဖတ်ကာတို့ နမ့်ဖတ်ကာကနေမှ ကွတ်ခိုင်၊ လားရှိုးဘက်ကို သွားကြရတယ်။ လမ်းခရီးကတော့ တော်တော်လေးအခက်အခဲရှိတယ်၊ စားရိတ်စားခလည်း ပိုပြီးကုန်တယ်”
ဓာတ်ဆီမှာ တရုတ်နိုင်ငံမှ ဝယ်ယူ၍ ရသည့်အတွက် အနည်းငယ်အဆင်ပြေသော်လည်း စားသောက်ကုန်များမှာ ယခင်ကထက် သုံးဆခန့်တက်သွားပြီး ဆန်တစ်အိတ်လျှင် ယခင်က ၈၀၀၀၀ ခန့်သာ ကျသင့်ရာမှ ယခုအခါ ကျပ် နှစ်သိန်းခွဲခန့်အထိ မြင့်တက်သွားသည်ဟု သိရသည်။
လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်သွယ်ရေး
နှစ်ဖက် အပြင်းအထန်တိုက်ခိုက်ပြီးနောက် ကြွင်းကျန်ရစ်ခဲ့သောမြို့များနှင့် ဒေသခံများသည် ယိုယွင်းလာသော လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ် ဆက်လက်ရင်ဆိုင်နေကြသည်။
၁၀၂၇ စစ်ဆင်ရေးစတင်ပြီး နှစ်လအတွင်းမှာပင် နှစ်ဖက်လက်နက်ကိုင်တပ်များက စစ်ရေးလိုအပ်ချက်အရဟု ဆိုကာ လားရှိုး၊ သိန္နီ၊ သီပေါ စသည့် မြို့နယ်များတွင် တံတား ၅ စင်းကို ဖျက်ဆီးလိုက်ကြသည်။
အဆိုပါ တံတားများမျာ သိန္နီတံတား (သိန္နီမြို့)၊ ကျင်းသီတံတား (သီပေါ-ကျောက်မဲကြား)၊ စဉ့်အင်တံတား (လားရှိုး-သီပေါကြား)၊ မိုးတေတံတား (သီပေါ-နမ္မတူကြား) နှင့် အီနိုင်းတံတား (လားရှိုး-နမ္မတူ) တို့ ဖြစ်သည်။
တံတားများအပြင် ပြည်ထောင်စုလမ်းမကြီးနှင့် လမ်းတချို့ကိုလည်း နှစ်ဖက်တပ်များ ပိတ်ဆို့ထားမှုကြောင့် မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးကို အပြည့်အဝ အသုံးမချနိုင်တော့ဘဲ ကုန်သွယ်မှုများလည်း ရပ်တန့်သွားသည်။
မန္တလေးနှင့် ရန်ကုန်မြို့များမှ လားရှိုးမြို့သို့ လာရောက်လိုလျှင် ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရယ်၊ ကျေးသီး၊ မိုင်းကိုင် စသည့်လမ်းကြောင်းအတိုင်း သွားလာကြသလို မူဆယ်မြို့သို့ သွားမည်ဆိုပါက ကျောက်မဲမှတစ်ဆင့် နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း စသည့်လမ်းကြောင်းအတိုင်း သွားလာကြရသည်။
ယခင်က မူဆယ်မှ မန္တလေးသို့ ကားခ ကျပ် နှစ်သောင်းမှ ကျပ် လေးသောင်းဝန်းကျင်ခဲ့သာ ကျသင့်သော်လည်း ယခုအခါ နှစ်သိန်းနှင့် သုံးသိန်းဝန်းကျင်ခန့် ကျသင့်နေသည်ဟု သိရသည်။
လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်အပြင် နှစ်ဖက်တပ်ဖွဲ့များ၏ ကုန်စည်ကန့်သတ်ပိတ်ပင်မှုများကြောင့် ဒေသခံများ အခက်တွေ့နေကြသည်။
အခြေခံစားသောက်ကုန်များနှင့် စက်သုံးဆီအတွက် လားရှိုးမြို့ကို အားကိုးနေရသည့် ကွတ်ခိုင်၊ သိန္နီ၊ နမ္မတူ၊ မန်တုံ စသည့်မြို့နယ်များမှာ စစ်ကောင်စီတပ်၏ ဆန်၊ ဆီ၊ စက်သုံးဆီနှင့် ဆေးဝါးများကို ကန့်သတ်ထားမှုကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်ကာ ဒေသခံများ အခက်ကြုံနေရသည်ဟု အထက်ပါ ကွတ်ခိုင်မြို့ခံ အမျိုးသမီးက ဆိုသည်။
“စစ်ရေးအရ လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့တယ်ပြောပေမဲ့ ပြည်သူတွေအတွက်ကတော့ တော်တော်လေး အခက်ရတယ်၊ တောလမ်းက သွားနေရတာရှိတယ်” ဟု ၎င်းက ပြောသည်။
“ဟိုဘက်ကလည်း (စစ်တပ်ကလည်း) အခြေခံစားသောက်ကုန်နဲ့ စက်သုံးဆီကို လုံးဝ တားဆီးပိတ်ပင်ထားတော့ ကြားထဲက ပြည်သူတွေက တော်တော်လေး အခက်တွေ့နေရတယ်”
ကုန်ဈေးနှုန်းမှာ ယခင်ထက် သုံးဆမက မြင့်တက်လာပြီး လာရှိုးမြောက်ဘက်ခြမ်းရှိ မြို့နယ်များမှာ ချင်းရွှေဟော်ဘက်မှ အနည်းငယ်သာ ဝင်ရောက်သည့် ကုန်ပစ္စည်းများကို အားထားနေရသည်ဟု သိရသည်။
၁၀၂၇ စစ်ဆင်ရေးအတွင်း အကျိုးအမြတ်ရရှိသွားသည့် လက်နက်ကိုင်အဖွဲ့များရှိနေသော်လည်း မြေစာပင်ဖြစ်သည့် ဒေသခံပြည်သူများကမူ ဒုက္ခပေါင်းစုံကိုသာ ဆက်လက်ရင်ဆိုင်နေကြရသည်။
နှစ်ဖက်တိုက်ပွဲများအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းတစ်ခုလုံးတွင် စစ်ဘေးရှောင်ရသည့် ဒုက္ခသည်ပေါင်း ၈၀၀၀၀ ကျော်ရှိသည်ဟု ရှမ်းမြောက်အခြေစိုက် တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) ၏ စာရင်းများအရ သိရသည်။
တိုက်ပွဲအတွင်း အထိနာခဲ့သည့် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူများအပြင် လေကြောင်းမှ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်မှုကြောင် သေဆုံးသူ ဒေသခံအရေအတွက် ၁၅၀ ကျော်နှင့် ဒဏ်ရာရသူ ၂၀၀ ကျော်ရှိသည်ဟု သိရသည်။
နယ်မြေကန့်သတ်ချက်နှင့် ဆက်သွယ်ရေးအခြေအနေအရ ၎င်းတို့အဖွဲ့က လက်လှမ်းမီသရွေ့ ကောက်ယူထားခြင်းဖြစ်သည်ဟု အဆိုပါ အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတစ်ဦးက ပြောသည်။
“သေဆုံးတာ၊ ဒဏ်ရာရတာက ထင်သာမြင်သာရှိတဲ့ ကိစ္စတွေပေါ့၊ တခြား လူ့အခွင့်အရေးချိုးဖောက်မှုတွေလည်း အများကြီးခံရတာတွေရှိတယ်၊ မြေပြင်မှာ ဖြစ်နေပြီး ကျွန်မတို့ဆီ စာရင်းမရောက်လာတာတွေလည်း အများကြီးပဲ” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။
ထိုမျှသာမကသေးဘဲ ရှမ်းမြောက်ဒေသခံတို့၏ ဒုက္ခများ ထပ်မံတိုးပွားစေမည့် စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် စစ်ကောင်စီက ထုတ်ပြန်လိုက်သည်။
ထုတ်ပြန်မှုမတိုင်ခင် ရက်အနည်းငယ်ခန့်ကပင် TNLA က ၎င်းတို့၏ စစ်မှုထမ်းဥပဒေကို ထုတ်ပြန်ခဲ့သလို ကွတ်ခိုင်နှင့် သိန္နီမြို့နယ်များတွင် လှုပ်ရှားနေသည့် ကိုးကန့်တပ် (MNDAA) ကလည်း တပ်သားသစ် စုဆောင်းနေသည်။
တိုက်ပွဲများဖြစ်ပွားစဉ်က စစ်ရှောင်ရန် လားရှိုးမြို့ပေါ်သို့ ရောက်ရှိနေသည့် လူငယ် အမျိုးသား၊ အမျိုးသမီးများမှာ စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေထုတ်ပြန်ချက်ကြောင့် ထပ်မံ တိမ်းရှောင်ကြရသည်ဟု အသက် ၃၀ ခန့်အရွယ် ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ထို့ပြင် MNDAA ၏ စစ်သား စုဆောင်းမှုများကိုပါ စိုးရိမ်နေရသည်ဟု ၎င်းက ဆက်လက်ပြောသည်။
“လူတွေကတော့ ကြောက်လို့ ဟိုဘက်ပြေးလိုက်၊ ဒီဘက်ပြေးလိုက်ပေါ့။ အရင်ကတော့ စကစ ရှိတဲ့ မြို့ကို ပြေးကြတယ်၊ ဒါပေမဲ့ အခုတော့ စစ်သားစုဆောင်းမှုရှိတယ်ဆိုတော့ ဒီဘက် ပြန်ပြေးလာကြတယ်၊ ဘယ်ကိုပြေးလို့ ဘယ်နေရာက လုံခြုံမယ်မှန်းတောင် မသိကြတော့ဘူး” ဟု ၎င်းက ပြောလိုက်သည်။