မြို့တော်စစ်တွေနှင့် အနီးဆုံး ပုဏ္ဏားကျွန်းမြို့ကို ရက္ခိုင့်တပ်တော် (AA) က ယမန်နေ့ (မတ် ၄) တွင် သိမ်းယူလိုက်ပြီးနောက် စစ်ကောင်စီ လက်လွှတ်လိုက်ရသည့် မြို့ကြီး ၇ မြို့အထိ ရှိလာသည်။
ပုဏ္ဏားကျွန်းမြို့ရှိ တစ်ခုတည်းသော လက်ကျန် ခြေမြန်တပ်ရင်း “ခမရ (၅၅၀)” ကို စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ တပ်များပေါင်းပြီး အပြင်းအထန်ခုခံနေသည့်ကြားမှ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်ဟု AA က ယမန်နေ့ညပိုင်းတွင် ထုတ်ပြန်သည်။
ဇန်နဝါရီလအတွင်း ချင်းပြည်နယ်တောင်ပိုင်းရှိ ပလက်ဝနှင့် ရခိုင်မြောက်ပိုင်း ပေါက်တောမြို့ ဖေဖော်ဝါရီလအတွင်း ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံတို့ကို AA က သိမ်းပိုက်ခဲ့သည်။ လက်ရှိတွင် ရမ်းဗြဲ၊ ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင်မြို့နယ်တို့ကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေသည်။
စစ်ကောင်စီသည် မြို့ကို လက်လွှတ်လိုက်ရပြီးနောက် ခမရ ၅၅၀ နှင့်မြို့အနီးတစ်ဝိုက်ကို လေကြောင်းဖြင့် ဗုံးကြဲခဲ့ကာ မြို့ရှိစက်ရုံနှင့် အခြားနေအိမ်အဆောက်အအုံတို့ ပျက်စီးသွားသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။
“(AA က) ပုဏ္ဏားကျွန်းကိုက နေ့လယ် ၁ နာရီလောက်ဆို ရပါပြီ။ ညနေ ၄ နာရီနဲ့ ၅ နာရီကြားမှာ ဗုံးကြဲတယ်။ (စစ်တွေ) ပါဒလိတ်ဘက်ကနေ လက်နက်ကြီးနဲ့ ပစ်တယ်။ သုံးလုံး ပစ်တယ်”
“အဲ့စခန်း (ခမရ ၅၅၀) ကို သိမ်းလို့ရခဲ့တဲ့ လက်နက်ခဲယမ်းတွေ၊ ဒရုန်းတွေ အများကြီးပဲ။ ကျွန်မတို့ ကြည့်လို့ လာသေး။ သိပ်အားရဖို့ကောင်းတယ်။ တာလပတ်နဲ့ ချထားတယ်။ စျေးရောင်းရောင်းနေတာပဲ” ဟုလည်း AA တပ်ဖွဲ့က သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများနှင့် ပတ်သက်၍ ထိုအမျိုးသမီးက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်၏ လေကြောင်းရန်နှင့် လက်နက်ကြီးအန္တရာယ်ကြောင့် ဒေသခံတို့မှာ မြို့ထဲသို့ မဝင်ရဲသေးကြောင်း၊ ယနေ့ နံနက် ၁၀ နာရီခန့်တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ကွန်းတောင်ရွာ တစ်ဝိုက်ကို လေယာဉ်ဖြင့် ဗုံးကြဲခဲ့သည်ဟု သိရသည်။
ပုဏ္ဏားကျွန်းမြို့ကို လက်လွှတ်လိုက်ရသည့် စစ်ကောင်စီတပ်က ရသေ့တောင်- ပုဏ္ဏားကျွန်းကားလမ်းမရှိ စေတီပြင်တံတားကို ယမန်နေ့ (မတ်လ ၄) ညနေ ၅ နာရီခန့်တွင် လေယာဉ်နှစ်စီးဖြင့် လာရောက်ပစ်ခတ်ကာ ဖျက်ဆီးခဲ့သည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၁၉ ခုနှစ် အချက်အလက်များအရ လူဦးရေ ၁၄၀၀၀၀ နီးပါး နေထိုင်လျက်ရှိသော ပုဏ္ဏားကျွန်းမြို့နယ်သည် ပြည်နယ်မြို့တော် စစ်တွေနှင့် ၂၁ မိုင်ခန့်သာ ဝေးသည်။ ရဲစခန်းနှင့် ၅၅၀ တပ်ရင်းတို့သည် ရန်ကုန်-စစ်တွေကားလမ်းပေါ်တွင် တည်ရှိသည်။
ဖေဖော်ဝါရီလ ၂၈ ရက် နေ့လယ်တွင် စစ်တွေမြို့မှ ပုဏ္ဏားကျွန်းမြို့သို့ စစ်ကူလာသည့် စစ်ကောင်စီ စစ်ကြောင်း ကို စစ်တွေမြို့နယ်၊ မင်းချောင်း (အမြင့်ကျွန်း) တံတားထိပ်အရောက်တွင် စောင့်ကြို တိုက်ခိုက်ရာ စစ်ကြောင်းနှင့်အတူ ပါလာသည့် သံချပ်ကာကား ၂ စီး မီးလောင်ပျက်စီးခဲ့သည်။
ထို့ကြောင့် AA သည် စစ်တွေမြို့နှင့် အနီးပတ်ဝန်းကျင်သို့ ရောက်ရှိနေပြီဟု ယူဆရကာ မြို့တော်ရှိ စစ်ကောင်စီတပ်စခန်းများကို စစ်ရေးခြိမ်းခြောက်ထားနိုင်သည့်အခြေအနေရှိသည်။
ပြည်နယ်မြို့တော်ကို ခြိမ်းခြောက်
စစ်ကောင်စီသည် စစ်တွေမြို့မကျစေရန်အတွက် မြို့အဝင်အထွက်ကို ပိတ်ဆို့ထားကာ နယ်မှ စျေးလာဝယ်သူများ၊ နယ်သို့ စစ်ရှောင်ရန် သွားကြမည့်သူများကိုပင် ဖမ်းဆီးစစ်ဆေးလျက်ရှိသည်ဟု သိရသည်။
ထိုသို့ပိတ်ဆို့နေသော်လည်း AA တပ်ဖွဲ့ဝင်များသည် နယ်မြေကျွမ်းကျင်မှုရှိသောကြောင့် စစ်တွေမြို့ကို ကြိုက်သည့်လမ်းမှဝင်ရောက် တိုက်ခိုက်၍ရသည်ဟု ရခိုင်နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက ပြောသည်။
“စစ်တွေကတော့ အခုကြားရတဲ့သတင်းအရ တပ်မိသားစုတွေ ဆုတ်ခွာတာတွေ၊ အစိုးရအဖွဲ့ဝင်အကြီးအကဲတွေ ဆုတ်ခွာတာတွေ နေရာပြောင်းရွှေ့တာတွေ ကြားနေရတယ်။ သူတို့အတွက် မလုံခြုံတော့ဘူးပေါ့။ အခုတော့ ကိုယ့်စခန်းနဲ့ကိုယ် မိုင်းတွေဘာတွေနဲ့ ခံစစ်အနေအထား ပြင်နေတယ်လို့ ကြားတယ်” ဟု ၎င်းက ဆိုသည်။
“စစ်တွေနဲ့ ပုဏ္ဏားကျွန်းကြားမှာလည်း AA တပ်ဖွဲ့ဝင်တွေ ရှိတယ်။ သူတို့ (AA) စစ်တွေနဲ့ အနီးကပ်ဆုံးထိ တက်လို့ရတယ်။ လက်လှမ်းတစ်မီ။ ဒါကြောင့် စစ်တွေကို ဘယ်နေ့တိုက်လာမလဲဆိုတာတော့ စိုးရိမ်ကြောင့်ကြမှုရှိလိမ့်မယ်”
လက်ရှိတွင် စစ်တွေမြို့ရှိ ဒေသခံအများစုသည် ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး စသည့်မြို့များသို့ ထွက်ပြေးတိမ်းရှောင်နေကြပြီး မြို့တွင် လူအနည်းသာ ကျန်ရှိတော့သည်ဟု မြို့ခံတစ်ဦးက ယနေ့ ပြောသည်။
“လူထက်ဝက်တောင် မရှိတော့ဘူး။ ပြောရမယ်ဆိုရင် မသွားနိုင်တဲ့သူတွေက တစ်ရက်လုပ်တစ်ရက်စားသူတွေကတော့ ဘယ်လိုသွားနိုင်မလဲ။ ကျွန်တော်တို့လည်း မတတ်နိုင်လို့ မထွက်နိုင်သေးဘူး။ လူတစ်ယောက်သွားဖို့အတွက်ဆိုရင် ပိုက်ဆံ နှစ်သိန်းသုံးသိန်းလောက် လိုတယ်”
စစ်တွေမြို့တွင် လျှပ်စစ်မီးပြတ်တောက်နေသည်မှာ နှစ်ပတ်နီးပါးခန့်အထိ ရှိလာကာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းလည်း လုံးဝပြတ်တောက်နေပြီး စစ်တပ်ပိုင် Mytel ဖုန်းလိုင်းတစ်ခုတည်းသာ အကန့်အသတ်ဖြင့် ရသည်ဟု သိရသည်။
ရခိုင်ဒေသတစ်ခုလုံး လွတ်မြောက်ရန် ဆက်လက်တိုက်ပွဲဝင်မည်ဟု ယမန်နေ့က သတင်းစာရှင်းလင်းပွဲတွင် AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ထည့်သွင်းပြောဆိုသည်။
ရခိုင်ပြည် ပြန်လည်ထူထောင်ရေး
တိုက်ခိုက်သိမ်းပိုက်ထားသည့်မြို့နယ်များတွင် AA သည် အရေးပေါ်စီမံခန့်ခွဲရေးအဖွဲ့ ဖွဲ့စည်းကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်နေသလို တရားစီရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေသည်ဟုလည်း ဦးခိုင်သုခက ပြောသည်။
“အဲလို တိုင်းပြည်ပြန်လည်တည်ဆောက်ရေးမှာ မိမိတို့ ကျွမ်းကျင်ရာနယ်ပယ်အသီးသီးမှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့အသိပညာရှင်၊ အတတ်ပညာရှင်တွေ ဝန်ထမ်းဟောင်းတွေအပါအဝင် အာရက္ခပြည်သူတစ်ရပ်လုံး မိမိတို့နိုင်တဲ့ဘက်က အမျိုးသားရေးအသိနဲ့ ပူးပေါင်းပါဝင်ပေးကြဖို့လည်း ဖိတ်ခေါ်အပ်ပါတယ်” ဟု ၎င်းက ဆိုသည်။
ထို့ပြင် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများကိုလည်း လုပ်ဆောင်နေကြောင်း၊ ရှိပြီးသား ဆရာဝန်၊ သူနာပြုများကို စုစည်းကာ စာရင်းအချက်အလက်ကောက်ခံမှုများ၊ ကျန်းမာရေးဝန်ထမ်း တိုးမြှင့်မှုများ လုပ်ဆောင်နေသည်ဟု ဆိုသည်။
အလားတူ အရေးပေါ်အနေနှင့် ပညာရေးနှောင့်နှေးမသွားရအောင် ၁၂ တန်းစာမေးပွဲကို အာရက္ခအမျိုးသားပညာရေးအစီအစဉ်နှင့် ကျင်းပနိုင်ရန် ဆောင်ရွက်နေသည်။ အခြေခံပညာပြီးမြောက်ပြီး ကျောင်းသား၊ ကျောင်းသူများအတွက် အဆင့်မြင့်ပညာရေးတစ်ရပ်ဖော်ဆောင်ရန် ပြင်ဆင်နေသည်ဟု သိရသည်။
“အာရက္ခအမျိုးသားပညာရေးအနေနဲ့ တန်းတူညီမျှပြီး တိုင်းပြည်ရဲ့လိုအပ်ချက်နဲ့ အံဝင်ခွင်ကျဖြစ်တဲ့ ပညာရေးတစ်ရပ်ကို ဖော်ဆောင်နိုင်ဖို့ ရေတိုပညာရေးစီမံချက်နဲ့ ရေရှည်အတွက် ပညာရေးပေါ်လစီအပြင် သင်ရိုးညွှန်းတမ်းဘောင်၊ အရည်အသွေးအညွှန်းဘောင်တို့ကို ရေးဆွဲနိုင်ဖို့ သုတေသနပြု ဆောင်ရွက်နေတာတွေ ရှိပါတယ်” ဟု ဦးခိုင်သုခက ပြောသည်။
တစ်ကျော့ပြန်ရခိုင်တိုက်ပွဲစတင်သည့် နိုဝင်ဘာ ၁၃ မှ ဖေဖော်ဝါရီ ၁၃ အထိ စစ်ကောင်စီ၏ သတ်ဖြတ်မှုကြောင့် အရပ်သား ၁၁၁ ဦး သေဆုံးကာ ၃၅၇ ဦး ထိခိုက်ဒဏ်ရာရကြောင်း၊ အရပ်သား ၂၉၂ ဦးကို စစ်တပ်က ဖမ်းထားပြီး ထွက်ပြေးတိမ်းရှောင်နေရသူ သုံးသိန်းကျော်ရှိသည်ဟု AA ထုတ်ပြန်ထားသည်။