သတင်း

ဖားကန့်မြို့နယ် တာမခန်တိုက်နယ်ရှိ ရဲစခန်းကို KIA, KPDF တပ်များ သိမ်းပိုက်

ကချင်ပြည်နယ် ကျောက်စိမ်းမြေရှိ ရဲစခန်းတစ်ခုကို တော်လှန်ရေးတပ်များက ၂ ရက်ကြာ တိုက်ခိုက်ပြီးနောက် သိမ်းပိုက်လိုက်ပြီး အနီးရှိ စစ်စခန်းကို ဆက်လက် တိုက်ခိုက်နေသည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ တာမခန်တိုက်နယ်ရဲစခန်းကို တော်လှန်ရေးတပ်များက ယနေ့ (ဖေဖော်ဝါရီ ၂၇) နံနက်တွင် တိုက်ခိုက်သိမ်းပိုက်လိုက်သည်ဟု သိရသည်။

မြို့အနောက်ဘက် ၁၈ မိုင်ခန့်အကွာရှိ ထိုစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ကချင်ဒေသကာကွယ်ရေးတပ် (KPDF) ပူးပေါင်းတပ်များက ယမန်နေ့ က စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ရဲစခန်းအတွင်း အင်အားမည်မျှရှိသည်ကို မသိရသေးသော်လည်း တိုက်ခိုက်ခံရစဉ် တချို့က တာမခန်ရှိ စစ်ကောင်စီတပ်စခန်းကုန်းကို သွားရောက်ပူးပေါင်းပြီး တချို့က ထွက်ပြေးတိမ်းရှောင်သွားသည်ဟု KPDF အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ထွက်ပြေးတဲ့သူတွေနဲ့လည်း တာမခန်အကျော်လေးမှာလည်း ထိတွေ့မှုဖြစ်ကြတယ်၊ စခန်းကုန်းထဲတော့ အနည်းအကျဉ်းရောက်သွားတယ်၊ တော်တော်များများက ရွာထဲကနေ ထွက်ပြေးသွားကြတယ်” ဟု အဆိုပါ KPDF တာဝန်ခံက ပြောသည်။

ရဲစခန်းကို သိမ်းပိုက်နိုင်ပြီးနောက် စစ်ကောင်စီတပ်စခန်းကုန်းကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေသည်၊ ယနေ့နံနက် ၆ နာရီခန့်တွင် စခန်းအနီးသို့ စတင်ဝင်ရောက်နေပြီဖြစ်သည်ဟု သူက ဆက်ပြောသည်။

“စခန်းကုန်းအခြေအနေကတော့ သူတို့ဘက်က သေနတ်သံတောင် သိပ်မထွက်တော့ဘူး၊ ကျွန်တော်တို့ဘက်ကပဲ ဒရုန်းနဲ့ ချလိုက်၊ မြေပြင်ကနေ ပစ်လိုက် လုပ်နေတာ” ဟု သူက ပြောသည်။

စခန်းကုန်းနှင့် ရဲစခန်းတို့မှာ တာမခန်ရွာ၏ တောင်ဘက်ကပ်လျက် တောင်ကုန်းပေါ်တွင် ရှိပြီး တစ်ရွာလုံးကို စီးမိုးထားသည်။ ဖားကန့်မြို့နယ်ဘက်မှလာလျှင် အဆိုပါ စစ်ကောင်စီတပ်စခန်းရှေ့မှ ဖြတ်သန်းသွားရသည်။

KIA နှင့် KPDF တို့ တိုက်ခိုက်သိမ်းပိုက်ထားသည့် တာမခန်ရဲစခန်းနှင့် စစ်ကောင်စီတပ်စခန်းရှိရာ နေရာများပြ မြေပုံ။

ကျောက်စိမ်းထွက်ရာ ဒေသလည်းဖြစ်သော တာမခန်တိုက်နယ်တွင် အထက်တန်းကျောင်း၊ ၂၅ ခုတင်ဆံ့ ပြည်သူ့ဆေးရုံတို့ရှိသည်ကို ၂၀၁၉ ခုနှစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စာရင်းများတွင် တွေ့ရသည်။

ယမန်နေ့ ညနေ ၅ နာရီခန့်တွင် စစ်လေယာဉ်တစ်စီး နှစ်ကြိမ်ခန့် လာရောက်တိုက်ခိုက်ခဲ့သလို ယနေ့နံနက်တွင်လည်း နှစ်ကြိမ်လာရောက်တိုက်ခိုက်ခဲ့သည်ဟု KPDF အဖွဲ့နှင့် တာမခန်ဒေသခံများက ပြောသည်။

စစ်လေယာဉ်က စခန်းကုန်းနှင့် ရဲစခန်းကိုသာမကဘဲ ကျေးရွာများအတွင်းထိ ပစ်ခတ်သည်၊ စစ်တပ်စခန်းကုန်းကလည်း လက်နက်ကြီးများဖြင့် ကျေးရွာများအတွင်းသို့ ပစ်ခတ်သည်ဟု သိရသည်။

ယင်းသို့ပစ်ခတ်မှုများကြောင့် တာမခန်ကျေးရွာ အပါအဝင် ကပ်လျက်တွင် ရှိသည့် ခိုမ၊ ဝါဇီ၊ ညောင်ပင်ကုန်း၊ နမ့်စပိန်း စသည့်ကျေးရွာများတွင် ထိခိုက်ဒဏ်ရာရသူရှိသလို၊ အဆောက်အအုံများလည်း မီးလောင်ပျက်စီးကြောင်း ဒေသခံတို့အဆိုအရသိရသည်။

တိုက်ပွဲလွတ်ရာကျေးရွာတစ်ခုသို့ တိမ်းရှောင်နေသည့် အမျိုးသမီးတစ်ဦးကလည်း အိမ်ထဲပုန်းနေသူလည်း ထိခိုက်သွားသည်ဟု ပြောသည်။

“ဘယ်သူ၊ ဘယ်နှယောက်ဆိုတာတော့ အတိအကျမသိနိုင်သေးဘူး။ တစ်ယောက်ကတော့ ပေါင်ရင်းကနေ ထိသွားတာရှိတယ်။ တိုက်ပွဲဖြစ်စမှာ သူ့အိမ်ထဲမှာပဲ ပုန်းနေတုန်း၊ အိမ်ပေါ်ကို လက်နက်ကြီးကျည် တည့်တည့်ကျတာ။ တစ်ဖက်မှာ ဖောက်ထွက်သွားတယ်။ နောက်တစ်ဖက်ကတော့ အပေါ်ယံအသားကိုပဲ ထိထားတယ်”ဟု သူက ပြောသည်။

တိုက်ပွဲအတွင်း ရဲစခန်းနှင့် မျက်နှာချင်းဆိုင်တွင်ရှိသည့် တိုက်နယ်ဆေးရုံမှာ လက်နက်ကြီး လက်နက်ငယ်များကြောင့် ပျက်စီးမှုများရှိသည်၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ကျောင်းလည်း အနည်းငယ်ပျက်စီးခဲ့သည်ဟု အသက် ၅၀ ကျော်အရွယ် တာမခန်ရွာခံ အမျိုးသားတစ်ဦးက ပြောသည်။

“ရဲစခန်းကတော့ မီးရှို့ပြီးမှ အကုန်လုံး ရှင်းလင်းလိုက်ပြီလို့ ကြားတယ်၊ အနီးက အိမ်တွေနဲ့ ရွာထဲကလည်း အိမ်တွေမီးလောင်ပြီးမှ လက်နက်ကြီးကြောင့် ပေါက်ပြဲတာတွေရှိတယ်။ ရွာထဲမှာတော့ ဘယ်သူမှမရှိတော့ဘူး” ဟု အဆိုပါ တာမခန်ဒေသခံ အမျိုးသားက ပြောသည်။

ဖေဖေါ်ဝါရီ ၂၅ ရက်မှစတင်ကာ ဒေသခံများအားလုံးနီးပါး ဟောင်ပါး၊ ဆိုင်းတောင်နှင့် အခြားနီးစပ်ရာ ရွာများသို့ တိမ်းရှောင်သွားကြပြီး ရွာတွင်း၌ အိမ်စောင့်အဖြစ် ကျန်ရစ်သူ အနည်းငယ်သာ ရှိတော့သည်ဟု ဒေသခံတချို့က ပြောသည်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး ရပ်တန့်နေသည့်အချိန်တွင် ရှမ်းပြည်နယ်မြောက်ပိုင်းအပါအဝင် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် KIA နှင့် ပူးပေါင်းတပ်များက ထိုးစစ်ဆင်နေသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့နယ်ကို KIA ဦးဆောင်သည့်တပ်များက ဇန်နဝါရီ ၂၁ ရက်တွင် သိမ်းပိုက်လိုက်သလို မံဝိန်းကြီးရွာရှိ ရဲစခန်းနှင့် စစ်တပ်စခန်းတို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်။

ထို့ပြင် မြစ်ကြီးနားမြို့နယ်၏ တောင်ဘက် မိုင် ၆၀ ခန့်အကွာတွင် ရှိသည့် ဆင်ဘိုမြို့ကိုလည်း KIA ပူးပေါင်းတပ်များက ထိန်းချုပ်ထားပြီး မြို့အနီးရှိ စစ်ကောင်စီတပ်၏ ခြေလျင်တပ်ရင်း (၁၄၁) ကို ဆက်လက်တိုက်ခိုက်နေသည်။

Show More

Related Articles

Back to top button