အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရွှေကူမြို့နယ်မှ စခန်းတစ်ခုကို စစ်ကောင်စီတပ် စွန့်ခွာ

ကချင်ပြည်နယ် ရွှေကူမြို့နယ် ဗျူဟာစခန်းမှ စစ်ကောင်စီတပ် စခန်းကို စွန့်ခွာသွားရာ အဆိုပါ စခန်းကုန်းနှင့် မြို့လှမြို့ကို KIA နှင့် ပူးပေါင်းတပ်များ ထိန်းချုပ်ထားလိုက်သည်။

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် မြို့လှမြို့အနီးရှိ ဗျူဟာစခန်းကို စစ်ကောင်စီတပ် ဖေဖော်ဝါရီ ၂၂ ရက်တွင် စွန့်ခွာသွားရာ တော်လှန်ရေးပူးပေါင်းတပ်က ထိုဒေသကို ထိန်းချုပ်ထားလိုက်သည်ဟု သိရသည်။

ရွှေကူမြို့၏ အနောက်မြောက်ဘက် မိုင် ၂၀ ကျော်အကွာတွင်ရှိသည့် မြို့လှမြို့တွင် တပ်မ (၈၈) လက်အောက်ခံ ခြေမြန်တပ်ရင်း (၃၈၇) မှ အင်အား ၁၀၀ ခန့်ဖြင့် တပ်ထိုင်ထားရာမှ ဆုတ်ခွာသွားခြင်းဖြစ်သည်။

စခန်းရှိ စစ်လက်နက်ပစ္စည်းများကို သယ်ယူကာ ဆုတ်ခွာသွားသူများက ဧရာဝတီမြစ်အတွင်း စီးဝင်နေသည့် ကောက်ကွေ့ချောင်းအတိုင်း စက်လှေ ၈ စီးဖြင့် မြို့မှ ထွက်ခွာသွားသည်၊ ဗျူဟာမှူးကမူ ဗန်းမော်မြို့မှ လာသော ရဟတ်ယာဉ်ဖြင့် လိုက်သွားသည်ဟု သိရသည်။

ထိုဒေသကို ထိန်းချုပ်လိုက်သည့် တပ်များမှာ ကချင်လွတ်မြောက်ရေးတပ် (KIA) ၏ အမှတ် ၅ တပ်ရင်း၊ ကချင်ဒေသ ကာကွယ်ရေးတပ် (KPDF) တို့ ဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“သူတို့ထွက်သွားတော့ ကျွန်တော်တို့ဘက်က ကျည်တစ်တောင့်မှ မကုန်ဘဲနဲ့ ပြန်ရလိုက်တာပေါ့၊ အခုကတော့ မြို့ကို နယ်မြေရှင်းလင်းဖို့ လုပ်နေကြတယ်” ဟု ရွှေကူ-KPDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အထက်တန်းကျောင်းတစ်ကျောင်းနှင့် ၁၆ ခုတင်ဆံ့ ပြည်သူ့ဆေးရုံတစ်ရုံရှိသည့် မြို့လှမြို့နယ်ခွဲတွင် လူဦးရေ ၂၀၀၀ ခန့်နေထိုင်သည်ဟု ၂၀၁၉ ခုနှစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏  မှတ်တမ်းတွင် တွေ့ရသည်။

စက်လှေဖြင့် ဆုတ်ခွာသွားသည့် တပ်သည် ယမန်နေ့ မွန်းလွဲပိုင်းတွင် ကောက်ကွေ့ချောင်းနံဘေးရှိ အုပ်ချီရွာကို ရောက်ရှိသွားခဲ့သည်။ ယနေ့ မွန်းလွဲ ၂ နာရီခန့်တွင် စက်လှေ ၃ စီးဖြင့် ရွှေကူမြို့သို့ ဦးတည် ဆန်တက်နေသည်ဟု သိရသည်။

စစ်ကောင်စီတပ်သားများ စခန်းစွန့်သွားသည့် မြို့လှမြို့ တည်နေရာပြပုံ။

မြို့လှမြို့သည် စစ်ကိုင်း-ကချင်နယ်စပ်တွင် ရှိသည်။

စစ်ကိုင်းတိုင်း ကသာမြို့နယ်အတွင်းမှ PDF တပ်များကလည်း ကောက်ကွေ့ချောင်းနှင့် ဧရာဝတီမြစ်ဆုံသည့် နေရာတွင် ပိတ်ဆို့ထားသည့်အတွက် စစ်ကောင်စီတပ် နေရာရွှေ့သွားခြင်းဖြစ်နိုင်သည်ဟု KIA တပ်ရင်း (၁၂) လက်အောက်ခံ မိုးကြိုးစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“မြို့လှထဲမှာ ဆက်နေမယ်ဆိုရင် သူတို့အတွက်က ရိက္ခာလည်းပိတ်၊ လမ်းကြောင်းလည်း ပိတ်နေပြီးတော့ ဘယ်နယ်မြေမှကိုလည်း မစိုးမိုးနိုင်ဘူး။ PDF တွေက ဧရာဝတီမြစ်ကြောင်း အထက်ရော အောက်ရော အကုန်ရှိထားတော့ ဆက်နေရင် သူတို့ပဲဒုက္ခများမှာ” ဟု ပြောသည်။

ဖေဖော်ဝါရီ ၁၉ ရက်နေ့က မံစီမြို့နယ် စီးခမ်းကြီးဗျူဟာစခန်းကို KIA ဦးဆောင်သည့် တပ်များက သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်တချို့ ပြောင်းရွှေ့နေခြင်း ဖြစ်သည်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး အရှိန်လျော့ကျသွားပြီးနောက် KIA က ၎င်းလှုပ်ရှားသည့် နယ်မြေများတွင် စခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲလာပြီး မံစီ၊ ဖားကန့်၊ ဝိုင်းမော်၊ မဘိမ်း၊ မိုးမိတ်၊ ကွတ်ခိုင် စသည့်မြို့နယ်များတွင် တိုက်ပွဲများ ပြင်းထန်ခဲ့သည်။

မြစ်ကြီးနားမြို့၏ တောင်ဘက် မိုင် ၆၀ ခန့်အကွာရှိ ဆင်ဘိုမြို့ကိုလည်း KIA နှင့် ပူးပေါင်းတပ်များက ဖေဖေဝါရီ ၁၀ ရက်မှစတင်ကာ ထိန်းချုပ်ထားပြီး မြို့အနီးရှိ  ခလရ (၁၄၁) စခန်းကို ဆက်လက်တိုက်ခိုက်နေသည်။

ဇန်နဝါရီ ၂၁ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မဘိမ်းမြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။

ထိုးစစ်ဆင်ခံနေရသည့်အခြေအနေကို စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိပေ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button