ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ ဆင်ဘိုမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပါဝင်သည့် ပူးပေါင်းတပ်က ဖေဖော်ဝါရီ ၁၀ ရက်နေ့မှစတင်ကာ ထိန်းချုပ်ထားပြီး မြို့အနီးရှိ စစ်ကောင်စီအထိုင်တပ်ကို ဆက်လက်တိုက်ခိုက်နေသည်ဟု သိရသည်။
ဖေဖော်ဝါရီ ၁၀ ရက် နံနက် အစောပိုင်းမှစတင်ကာ ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့၏ တောင်ဘက်မိုင် ၆၀ ခန့်အကွာ ဧရာဝတီမြစ်ကမ်းဘေးတွင် ရှိသည့် ဆင်ဘိုမြို့နှင့် မြို့အနီးရှိ စစ်တပ်ကုန်းကို ပူးပေါင်းတပ်က တစ်ပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
ထိုနေ့ နံနက်တွင် မြို့တွင်းရှိ ရဲစခန်းနှင့် ဌာနဆိုင်ရာ အဆောက်အအုံများအားလုံးကို သိမ်းပိုက်နိုင်ခဲ့သည်၊ ဆင်ဘိုမြို့၏ အနောက်ဘက် တစ်မိုင်ခန့်အကွာတွင် ရှိသည့် အမှတ် ၁၄၁ ခြေလျင်တပ်ရင်း (ခလရ) စခန်းကို ဆက်လက်တိုက်ခိုက်နေဆဲဖြစ်သည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“မြို့ပိုင်းဆိုင်ရာ ရဲစခန်းတွေ သိမ်းတယ်ဆိုတာကတော့ ကြားပါတယ်။ ဒါပေမဲ့ စခန်းကို သိမ်းတာတော့ မကြားရသေးပါဘူး။ (ပူးပေါင်းတပ်တွေ ဆင်ဘိုမြို့ထဲ) ဝင်တော့ ဝင်နေပြီ” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ပူးပေါင်းတပ်တွင် ရက္ခိုင့်တပ်တော် (AA)၊ မြို့လှ-PDF နှင့် KPDF တို့ ပါဝင်သည်၊ တိုက်ပွဲစတင်ဖြစ်ပွားသည့် ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင်ပင် ဆင်ဘိုမြို့ကို ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု မြို့လှ-PDF မှ စစ်ကြောင်းမှူး ဗိုလ်မိုးကြိုးက ပြောသည်။
“မိုးလင်းလင်းချင်းကိုပဲ မြို့က တစ်ခါတည်းရတယ်လေ၊ မြို့ထဲမှာက သူတို့က သိပ်မရှိတော့ဘူး၊ လေးငါးခြောက်ယောက်လောက်ပဲ ရဲစခန်းထဲမှာ အရံလေးပဲ ထားထားတာ၊ သူတို့က သတင်းလည်း ရထားတယ် ထင်တယ်၊ အဖွဲ့စုံတွေက ကပ်ထားလို့ သူတို့က သတင်းရထားလို့ စစ်တပ်ကုန်းမှာပဲ သွားနေကြတဲ့ သဘောပါ” ဟု ဗိုလ်မိုးကြိုးက ပြောသည်။
ထို့နေ့ နံနက်မှစတင်ကာ ခလရ (၁၄၁) စခန်းကို တိုက်ခိုက်နေရာ ယနေ့ (ဖေဖော်ဝါရီ ၁၂) အထိ တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသည်ဟု သိရသည်။
ကုန်းမြင့်ပေါ်တွင် အခိုင်အမာ ခံစစ်ဆင်ထားသည့် စခန်းကို ခက်ခက်ခဲခဲတိုက်ခိုက်နေရပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှုများရှိသည်ဟု ဗိုလ်မိုးကြိုးက ပြောသည်။
“ကုန်းကိုတော့ မရသေးဘူး၊ ကုန်းက အုတ်တံတိုင်းနဲ့ အပေါက်ဖောက်ပြီးမှ ဘန်ကာ ကတုတ်လုပ်ထားတဲ့ အခါကျတော့ စစ်တပ်ကုန်းကို မရသေးတာ၊ ကျန်တဲ့မြို့ကဟာတွေတော့ အကုန်ထိန်းထားနိုင်ပြီ၊ ဒီဘက်ကလည်း ကျတယ်၊ ဟိုဘက်ကလည်း ကျတယ်” ဟု ဗိုလ်မိုးကြိုးက ပြောသည်။
တိုက်ပွဲစတင်သည့် ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် KIA မှ ရဲဘော်တစ်ဦး၊ ကျန်သည့်ရက်များတွင် AA မှ ရဲဘော် ၃ ဦး သေဆုံးသည်။ မြို့လှ-PDF မှ ရဲဘော်အချို့ မစိုးရိမ်ရသည့် ဒဏ်ရာရများရသည်ဟု သိရသည်။
စစ်ကောင်စီတပ်ဘက် ထိခိုက်မှုကို မသိရသေးသော်လည်း ဆင်ဘိုမြို့ပေါ်တိုက်ပွဲတွင် ပြည်သူ့စစ် ၆ ယောက်ကို အရှင်ဖမ်းမိထားသည်ဟု မြို့လှ-PDF ထံမှ သိရသည်။
မြစ်ကြီးနားနှင့် ဗန်းမော်မြို့ကြားတွင် တည်ရှိသော ဆင်ဘိုမြို့သည် ဧရာဝတီမြစ်ကမ်းဘေးရှိ မြို့တစ်မြို့ ဖြစ်သည်။ ရွှေကူမြို့နယ်၊ မြို့လှမြို့နှင့်လည်း ကပ်လျက် တည်ရှိသည်။
ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲများ
ဆင်ဘိုတိုက်ပွဲနှင့်အပြိုင် ဖားကန့်မြို့နယ်တွင်လည်း ယမန်နေ့နံနက်မှစတင်ကာ တိုက်ပွဲများ ပြင်းထန်နေပြီး စစ်တပ်မှ ထိခိုက်သေဆုံးမှုများရှိနေသည်ဟု သိရသည်။
ဖားကန့်မြို့၏ အရှေ့ဘက် ၁၄ မိုင်ခန့်အကွာ ဖားကန့်-ကာမိုင်းလမ်းပေါ်တွင် ရှိပြီး ဗျူဟာအရ အရေးပါသည့် နန့်တိန်းစခန်းကိုလည်း ဖေဖော်ဝါရီ ၂ ရက်နေ့တွင် KIA ပူးပေါင်းတပ်များက သိမ်းပိုက်ထားသည်။
အဆိုပါ စခန်းကို ပြန်သိမ်းရန်အတွက် ဖားကန့်မြို့မှ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ပူးပေါင်းတပ်က မြို့အထွက် ၆ မိုင်အနီးတွင် ကြားဖြတ်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်ဟု KIA, KPDF များနှင့် နီးစပ်သူ ဖားကန့်ဒေသခံ အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
“မနက် ၄ နာရီထဲကနေ ဖားကန့်က အင်အား ၇၀ ပါတဲ့ စစ်ကြောင်းထွက်သွားတာ ၇ နာရီလောက်မှာ အကြီးအကျယ်ချကြတာ၊ နေ့လယ် တစ်နာရီလောက် ထင်တယ်၊ လေယာဉ်နဲ့ လာကြဲတယ်” ဟု အဆိုပါ ဒေသခံ အမျိုးသားက ပြောသည်။
ယနေ့ နံနက်တွင်လည်း စစ်ကောင်စီတပ်က ထပ်မံစစ်ကြောင်းထိုးလာသည့် နံနက် ၇ နာရီခန့်မှစတင်ကာ တိုက်ပွဲများ ပြင်းထန်နေသည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“ထိတွေ့ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်တယ်ဆိုတာတော့ သိရပါတယ်။ ဒီမနက်လည်း ၇ နာရီကျော်ကတည်းက ပြန်ဖြစ်တယ်လို့ ကြားပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
တိုက်ပွဲတွင် စစ်ကောင်စီတပ်က ဖားကန့်အထွက် လယ်ပြင်ရွာအနီးမှစတင်ကာ လမ်းပိတ်ထားပြီး ကာမိုင်းမြို့မှ ဖားကန့်သို့လာသည့် ကားများကိုလည်း လဝါးရွာအနီးတွင် တားဆီးထားသည်ဟု သိရသည်။
ယမန်နေ့က ဖားကန့်အထွက် ၆ မိုင်အနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်က လေကြောင်းမှ လာရောက်တိုက်ခိုက်ခဲ့သလို ဖာကန့်မြို့ပေါ်ရှိ ဗျူဟာကုန်းနှင့် လုံးခင်းရွာရှိ စစ်တပ်စခန်းတို့က လက်နက်ကြီးဖြင့် ပစ်ကူပေးခဲ့သည်ဟု သိရသည်။
တိုက်ပွဲများပြင်ထန်နေသော်လည်း ဖားကန့်မြို့ပေါ်တွင် ပုံမှန်အတိုင်း သွားလာလှုပ်ရှားနေကြသလို ကျောက်ကုမ္ပဏီများလည်း လုပ်ငန်းများလည်ပတ်နေသည်ဟု သိရသည်။
KIA သည် ကချင်၊ ရှမ်းမြောက်နှင့် စစ်ကိုင်းတိုင်းတို့တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲများဖြစ်ပွားနေသည်။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” အရှိန်လျော့ကျသွားပြီးနောက် KIA က ၎င်းထိန်းချုပ် လှုပ်ရှားနယ်မြေများတွင် စခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲလာပြီး မံစီ၊ ဖားကန့်၊ ဝိုင်းမော်၊ မဘိမ်း၊ မိုးမိတ်၊ နမ့်ဖတ်ကာ စသည့် မြို့နယ်များတွင် တိုက်ပွဲများ ပြင်းထန်ခဲ့သည်။
နမ့်ဖတ်ကာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ ဂျက်တိုက်လေယာဉ်တစ်စီးကို ပစ်ချနိုင်ခဲ့သလို ဇန်နဝါရီ ၃ ရက်က လိုင်ဇာမြို့မြောက်ဘက်ရှိ နားဖာ့ဒေသသို့ ရိက္ခာလာပို့သည့် ရဟတ်ယာဉ်တစ်စီးကိုလည်း ပစ်ချနိုင်ခဲ့သည်ဟု သိရသည်။
ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ PDF အဖွဲ့များ၊ မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းတိုက်ခိုက်မှုများရှိနေပြီး ဇန်နဝါရီ ၂၁ ရက်နေ့က ရှမ်းပြည်မြောက်ပိုင်းရှိ မဘိမ်းမြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။