
ကျောက်ဖြူလေဆိပ်တွင် ရန်ကုန်မြို့မှ လေကြောင်းခရီးစဉ်ဖြင့် ပြန်လာသော ရခိုင်လူငယ် ၁၀၀ နီးပါးကို အာဏာသိမ်းစစ်တပ်က ယမန်နေ့ (ဖေဖော်ဝါရီ ၁၈) မှစ၍ နှစ်ရက်ဆက်ဖမ်းဆီးလိုက်သည်ဟု သိရှိရသည်။
ယမန်နေ့ ညနေပိုင်းတွင် မြန်မာအမျိုးသားလေကြောင်းလိုင်းဖြင့် လိုက်ပါလာသည့် လူငယ် ၆၆ ဦး ဖမ်းဆီးခံရပြီးနောက် ယနေ့ နံနက်ပိုင်းတွင်လည်း မင်္ဂလာလေကြောင်းလိုင်းဖြင့် လိုက်ပါလာသည် လူငယ် ၂၆ ဦးကို စစ်တပ်က ထပ်မံဖမ်းဆီးခဲ့သည်။
ဖမ်းဆီးထားသည့် လူငယ် ၉၀ ကျော်ကို ကျောက်ဖြူမြို့ပေါ်ရှိ ‘ရမ္မာဝတီ’ ခန်းမတွင် ထားရှိကာ အမှတ်-၃ လှုပ်ရှားစစ်ဗျူဟာမှူးကိုယ်တိုင် ဦးစီးပြီး စစ်ဆေးနေသည်ဟုလည်း သိရသည်။
Sun Far ခရီးသွားလာရေးကုမ္ပဏီက ငှားရမ်းပြီး ရန်ကုန် – ကျောက်ဖြူသို့ ပြေးဆွဲသော မြန်မာအမျိုးသားလေကြောင်း ခရီးစဉ်အမှတ် – UB 1413 ဖြင့် လိုက်ပါလာသော ရခိုင်လူငယ်များကို ဖေဖော်ဝါရီ ၁၈၊ ညနေ ၄ နာရီခွဲခန့်တွင် အသင့်စောင့်ဆိုင်းနေသာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးခံရသူများမှာ အမျိုးသား ၃၆၊ အမျိုးသမီး ၃၀ ဦး၊ စုစုပေါင်း ၆၆ ဦး ဖြစ်ပြီး ၎င်းတို့အားလုံးမှာ ကျောက်ဖြူမြို့ပေါ်မှာ မြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံရခိုင်လူငယ်များဖြစ်သည်ဟု ရခိုင်ပြည်နယ်ရှိ လုံခြုံရေးအသိုင်းအဝိုင်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက Myanmar Now ကို ပြောသည်။
အလားတူ ယနေ့ နံနက် ၇ နာရီ ၄၅ မိနစ်တွင် မင်္ဂလာလေကြောင်းလိုင်း (ယခင် Air KBZ လေကြောင်းလိုင်း) ဖြင့် ရန်ကုန်မှ ကျောက်ဖြူမြို့သို့ လိုက်ပါလာသော လူငယ် ၂၆ ဦးကို စစ်တပ်က ထပ်ဖမ်းခဲ့သည်ဟု အထက်ပါ သတင်းရင်းမြစ်ထံမှ သိရသည်။
“လူငယ်တွေ စုငှားသလို ဖြစ်နေတော့ ရန်ကုန်ကတည်းက သတင်းက ကြိုရပြီးသား။ စစ်တပ်က အဆင်သင့်စောင့်နေတာ။ လေဆိပ်ရောက်တာနဲ့ တပ်ကားပေါ် အကုန်တင်သွားတာ” ဟု အမည်မဖော်လိုသည့် သတင်းရင်းမြစ်က ပြောသည်။
ယနေ့ မွန်းလွဲပိုင်းအထိ ဖမ်းဆီးခံထားရသူ တစ်ဦးတစ်ယောက်မျှ ပြန်လွှတ်လာခြင်း မရှိသေးဘဲ ခန်းမရှေ့တွင် မိဘ၊ ဆွေမျိုးများ လာရောက်စောင့်ဆိုင်းနေကြကြောင်း၊ ခန်းမအနီး ရဲနှင့် စစ်သား လုံခြုံရေး တင်းကျပ်ထားကြောင်းလည်း သိရှိရသည်။

“စစ်ဆေးစရာရှိလို့ဆိုပြီး စစ်တပ်က စစ်ကားနှစ်စီးနဲ့ ရမ္မာဝတီခန်းမကို ခေါ်သွားတာ။ အခုနေ့လယ်အထိ တစ်ယောက်မှ ပြန်မလွှတ်သေးဘူး။ ခန်းမရှေ့မှာတော့ မိသားစုဝင်တွေ လူ ၂၀ လောက် လာစောင့်နေတာ တွေ့ရတယ်” ဟု အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်နေသည့် အသက် ၄၀ ကျော်အရွယ် ကျောက်ဖြူမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
ရခိုင်လူငယ် ၁၀၀ နီးပါး ဖမ်းဆီးခံရသည့် အခြေအနေနှင့်ပတ်သက်ပြီး စစ်ကောင်စီ၏ ရခိုင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းနှင့် ကျောက်ဖြူမြို့မရဲစခန်းတို့ကို Myanmar Now က တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရပေ။
အလားတူ ဖမ်းဆီးခံ လူငယ်များ၏ မိသားစုဝင်များကိုလည်း ဆက်သွယ်၍ မရသေးပေ။
အာဏာသိမ်းစစ်တပ်က မည်သည့်အတွက် ဖမ်းဆီးခြင်းဖြစ်သည်ကို မသိရသော်လည်း ဖမ်းဆီးခံရသည့် ရခိုင်လူငယ်များမှာ စစ်ကောင်စီက အသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေကြောင့် ရန်ကုန်မြို့ကို စွန့်ခွာကာ မိမိတို့နေရပ်အသီးသီးသို့ ပြန်လာသူများဖြစ်ကြသည်ဟု ယူဆရသည်။
ယမန်နေ့ ညနေပိုင်းက ကျောက်ဖြူလေဆိပ်တွင် လူငယ်များ ဖမ်းဆီးခံရသည့် အခြေအနေကို ကြားသိရကြောင်း Sun Far ခရီးသွားလာရေးကုမ္ပဏီဝန်ထမ်းတစ်ဦးက အတည်ပြုပြီး၊ လာမည့် ရက်အနည်းငယ်အထိ ရန်ကုန် – ကျောက်ဖြူသို့ လေကြောင်းခရီးစဉ်များ ထွက်ခွာရန် မသေချာသေးကြောင်းလည်း သိရသည်။
စစ်ထဲမဝင်မနေရစနစ် ကျင့်သုံးမည်ဟု စစ်ကောင်စီက ဖေဖော်ဝါရီ ၁၀ တွင် ကြေညာပြီးနောက် နိုင်ငံတစ်ဝန်းရှိ လူငယ်များနှင့် မိဘဆွေမျိုးများ စိုးရိမ်၊ ထိတ်လန့်နေကြပြီး လူငယ်များမှာလည်း အိမ်နီးချင်း ထိုင်းအပါအဝင် ပြည်ပနိုင်ငံများသို့ ပုံစံမျိုးစုံဖြင့် ထွက်ခွာရန်၊ တော်လှန်ရေးတပ်ဖွဲ့များနှင့်ပူးပေါင်းရန် ပြင်ဆင်နေကြသည်။
ထိုအခြေအနေတွင် ရန်ကုန်မြို့သို့ လာရောက်အလုပ်လုပ်ကိုင်နေကြသည့် ရခိုင်တိုင်းရင်းသားလူငယ်များမှာ မိမိတို့ဇာတိရပ်ရွာသို့ ပြန်လိုကြသည်ဟု လှိုင်သာယာမြို့နယ်မှ အငှားယာဉ်မောင်းတစ်ဦးက ပြောသည်။
“အများစုကတော့ ကိုယ့်ရပ်၊ ကိုယ့်ဌာနေကို ပြန်ချင်ကြတာပေါ့ဗျာ။ ကျွန်တော့ကိုလည်း ဒီကိစ္စပဲ ခဏခဏ မေးနေကြတယ်။ ပြန်ချင်ပေမယ့် လမ်းတွေ အကုန်ပိတ်နေတော့ သွားလို့လည်း မရဘူး၊ မစိုးရိမ်ကြနဲ့လို့ပဲ အားပေးစကား ပြောထားရတယ်” ဟု ရခိုင်တိုင်းရင်းသားတစ်ဦးလည်းဖြစ်သည့် အငှားယာဉ်မောင်း အမျိုးသားက ပြောသည်။
စစ်ရေးပြင်းထန်နေသည့် ရခိုင်ပြည်နယ်သို့ ပြန်လာသော လူငယ်များကို စစ်တပ်က ဖမ်းဆီးခြင်းမှာ ရက္ခိင့်တပ်တော် (AA) နှင့် မပူးပေါင်းစေရန်နှင့် ထိုလူငယ်များထဲတွင် ဒရုန်း(Drone) ပညာရှင်များ ပါဝင်လာမည်ဆိုသည့် သံသယဖြင့် စစ်ဆေးနေခြင်း ဖြစ်သည်ဟု ရခိုင်ပြည်နယ်ရှိ လုံခြုံရေးအသိုင်းအဝိုင်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်ထံမှ သိရသည်။
၁၀၂၇ စစ်ဆင်ရေးအဖြစ် လွန်ခဲ့သည့် နိုဝင်ဘာ ၁၃ တွင် AA က ရခိုင်ပြည်နယ်အတွင်း စစ်ဆင်ရေးစတင်ခဲ့ပြီးနောက်ပိုင်း တိုက်ပွဲများပြင်းထန်နေသည်။ ချင်းပြည်နယ်တောင်ပိုင်းရှိ ပလက်ဝမြို့ အပါအဝင် ရခိုင်မြောက်ပိုင်းရှိ မြို့ကြီးများနှင့် စစ်ကောင်စီလက်အောက်ခံ တပ်စခန်းပေါင်းများစွာကို AA က သိမ်းပိုက်ထားသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ပေါက်တော၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးနှင် မြေပုံမြို့တို့ကို သိမ်းပိုက်ပြီးနောက် ပြည်နယ်မြို့တော် စစ်တွေ အပါအဝင် မောင်တော၊ ရသေ့တောင်တို့ကို AA က ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေသည်။