အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်တပ်ဝေဖန်မှုစွဲချက်ဖြင့် နေပြည်တော် ကျောင်းထိုင်ဘုန်းကြီးတစ်ပါး အဖမ်းခံရ

အာဏာသိမ်းစစ်ခေါင်းဆောင်နှင့်စစ်တပ်ကို ဝေဖန်မှု စွဲချက်ဖြင့် နေပြည်တော် ကျောင်းထိုင်ဘုန်းကြီးတစ်ပါး ယမန်နေ့(ဖေဖော်ဝါရီ ၁၂)တွင် ဖမ်းဆီးခံလိုက်ရကြောင်း သိရသည်။

လယ်ဝေးမြို့နယ် ဝဲကြီးကျေးရွာ အေလာ လေယာဉ်ကွင်းအနီးရှိ တောင်ကျောင်း ကျောင်းထိုင်ဆရာတော် ရှင်ဉာဏိဿရသည်  အဖမ်းခံရသည့်နေ့ နံနက်ပိုင်းက ကွေ့ကြီးရွာ နာရေးတစ်ခုသို့ သွားရောက်ခဲ့သေးသည်ဟု  လယ်ဝေးဒေသခံတစ်ဦးက ပြောသည်။

“တိုင်လို့ တရားဟောပြီးအပြန် နေ့လယ်ဆွမ်းတောင် မစားရသေးဘူး၊ အဖမ်းခံလိုက်ရတာ” ဟု ယင်းဖြစ်စဉ်ကိုသိရှိသူ ဒေသခံက ပြောသည်။ 

ဟောကြားသည့် အကြောင်းအရာကို အသေးစိတ် မသိရှိကြောင်း ဆိုသည်။

စစ်တပ်ဝါဒဖြန့် ဟန်ငြိမ်းဦး အမည်ရှိ တယ်လီဂရမ် စာမျက်နှာတွင် အာဏာသိမ်းခေါင်းဆောင်တို့နှင့် ပတ်သက်ပြီး  မိုက်ရိုင်းစော်ကားသည့်၊ ဟောပြော သွေးထိုးလှုံ့ဆော်နေသည့် အကြမ်းဖက်ကိုယ်တော်ဖြစ်ကြောင်း ဖမ်းဆီးသည့်နေ့ ညနေပိုင်းကလည်း‌ ဖော်ပြခဲ့သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အရှင်ဉာဏိဿရသည် “မောင်စိန်ဝင်း  လယ်ဝေး” အမည်ဖြင့် လူမှုကွန်ရက်သုံးသည်ဟုလည်း စွပ်စွဲရေးသားသည်။ 

မောင်စိန်ဝင်း လယ်ဝေး၏ လူမှုကွန်ရက်တွင် “လူစဉ်မမှီတဲ့ကောင် ဇွတ်တပ်အုပ်ချုပ်မှတော့ ဒီတိုင်းပြည်မပျက် ခံနိုင်ရော့လားဟ၊ တိုင်းသူပြည်သားများကို မတရားညှင်းဆဲ သတ်ဖြတ်နေသူသည် နိုင်ငံခေါင်းဆောင်မဟုတ်“ ဟု ရေးထားကြောင်း  ဟန်ငြိမ်းဦးတယ်လီဂရမ်က စွပ်စွဲထားသည်။

ထိုသို့ရေးသားသူသည် အရှင်ဉာဏိဿရ ဟုတ်မဟုတ်  Myanmar Now က သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးသလို သူဟောပြောသည့် မှတ်တမ်းကိုလည်း မရရှိသေးပါ။

အရှင်ဉာဏိဿာရကို ဖမ်းဆီးရာတွင် ရဲတပ်ဖွဲ့ဝင်များ၊ စစ်သားများနှင့် မြို့နယ်သံဃာနာယက ဆရာတော်များလည်းပါဝင်ပြီး ဆရာတော်သုံးစွဲသည့် ဖုန်းသုံးလုံးကိုလည်း သိမ်းဆည်းသွားသည်ဟုလည်း ဒေသခံတစ်ဦးက ပြောသည်။

ရှင်ဉာဏဿာရသည် ယခင်က မြို့နယ်သံဃာနာယက ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ဖူးသည်ဟုလည်း သိရသည်။ 

သက်တော် ၅၇ နှစ်ရှိ ရှင်ဉာဏိဿရသည် ဝဲကြီးရွာ ဒေသခံတစ်ဦးဖြစ်ပြီး ငယ်စဉ်ကတည်းက ရဟန်းဝတ်ခဲ့သည့် ငယ်ဖြူဆရာတော်လည်းဖြစ်သည်။  ဆရာတော်ဟောပြောခဲ့သည့် ကွေ့ကြီးကျေးရွာသည် စစ်ကောင်စီ လက်နက်ကိုင်များ ညပိုင်းတွင် လာရောက်နေထိုင်လေ့ရှိသည့် ရွာဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

အမျိုးဘာသာ သာနာကို စောင့်ရှောက်ရမည်ဆိုသည့် စစ်တပ်သည် အာဏာသိမ်းမှုကို ကန့်ကွက်သည့် ဘုန်းကြီးများကို ဖမ်းဆီးထောင်ချလေ့ရှိပြီး မန္တလေးတွင် ထင်ရှားသည့် မြဝတီမင်းကြီးဆရာတော်ကို အာဏာသိမ်းသည့်နေ့မှာပင် ဖမ်းဆီးထောင်ချခဲ့ဖူးသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ယနေ့ (ဖေဖော်ဝါရီ ၁၃) ထုတ်ပြန်ချက်တွင်   နိုင်ငံရေးအကျဉ်းသား ၂၀၀၉၄ ဦး ရှိနေပြီး ထိုအထဲတွင် သံဃာ ၁၀၅ ပါး ပါဝင်သည်ကို တွေ့ရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button