သတင်း

နမ့်မွန်းတွင် ရဲကားကို PDF များ တိုက်ခိုက်၊ ရဲအုပ် ၁ ဦး သေဆုံး

စစ်တပ်အာဏာသိမ်းပြီးနောက် လအနည်းငယ်အကြာတွင် ပေါ်ပေါက်လာသည့် အင်းတော်ကြီး-PDFသည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းကာ အင်းတော်ကြီးဒေသတွင် စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေသည်။

ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသ နမ့်မွန်းမြို့နယ်တွင် အိမ်စီးကား ၁ စီးဖြင့် သွားလာနေသည့် ရဲများကို ယနေ့ (ဖေဖော်ဝါရီ ၈) နံနက်အစောပိုင်းတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အနည်းဆုံး ဒုရဲအုပ် ၁ ဦး သေဆုံးသွားသည်ဟု အင်းတော်ကြီး-PDF အဖွဲ့တာဝန်ခံက ပြောသည်။

အင်းတော်ကြီး-PDF အဖွဲ့သည် နံနက် ၅ နာရီခွဲခန့်က နမ့်မွန်းမြို့မြောက်ဘက် ၃ မိုင်ခန့်အကွာ အင်းသာရွာအနီးတွင် ကုန်တင်ကားများကို စစ်ဆေးနေစဉ် ရဲအချို့လိုက်ပါလာသည့် Nissan AD Van အမျိုးအစားကားကို စစ်ဆေးရန် ရပ်တန့်ခိုင်းရာမှ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျနော်တို့က တားတာကို မရပ်ဘဲ ဖြည်းဖြည်းချင်းမောင်းပြီးတော့ သူတို့က အရင်ပစ်ခဲ့တာ ကျနော်တို့ကို၊ သူတို့ပစ်လို့ ကျနော်တို့လည်း တွယ်လိုက်တော့တာ။ လောလောဆယ်တော့ ၁ ပွင့်ဗိုလ် (ဒုရဲအုပ်) ကတော့ သေသွားတယ်” ဟု အင်းတော်ကြီး-PDF အဖွဲ့ PDF တာဝန်ခံက ပြောသည်။

ပစ်ခတ်မှုကြောင့် ရဲကားမှာ လမ်းဘေးသို့ ထိုးကျသွားပြီး ကျန်ရဲများ ထွက်ပြေးလွတ်မြောက်သွားကြသည်ဟု ၎င်းက ဆိုသည်။

ထွက်ပြေးသွားသည့်ရဲများအနက် ၁ ဦးသည် ဒဏ်ရာပြင်းအထန်ရထားပြီး နမ့်မွန်းဆေးရုံတွင် လုံခြုံရေးအစောင့်အရှောက်များဖြင့် ဆေးကုသမှုခံယူနေသည်ဟု တော်လှန်ရေးအဖွဲ့များနှင့် နီးစပ်သူ ဒေသခံတစ်ဦးက ပြောသည်။

ထိုရဲများသည် နမ့်မွန်းမြို့အခြေစိုက်စခန်းများမှ ရဲများဖြစ်ပြီး ဒေသတွင်းတွင် သွားလာနေသည့် လောင်စာဆီတင်ကားများနှင့် ကုန်တင်ကားများထံမှ မကြာခဏ ငွေကြေးတောင်းခံလေ့ရှိသည်ဟုလည်း အင်းတော်ကြီး-PDF အဖွဲ့တာဝန်ခံက ဆိုသည်။

“ကျနော်တို့က လုံခြုံရေးအရ ကားတွေ မတရား (များ) လာလို့ မိုးကာအုပ်ထားတဲ့ ကားကြီးတွေကို မိုးကာမအုပ်ဖို့ ကင်းတားပြီးမှ ပြောတဲ့အချိန်မှာ အဲဒီကားကြီးတွေကို ကျော်ပြီး (ရဲတွေက) ဆီကားတွေဆီက ပိုက်ဆံကောက်မလို့ အနောက်က လိုက်နေတာ” ဟု အဆိုပါ တာဝန်ခံက ပြောသည်။

ရဲများ ချန်ရစ်ထားခဲ့သည့် ပစ်ခတ်ခံရသည့် အထက်ပါ AD Van ကားကိုတော့ အင်းတော်ကြီး-PDF အဖွဲ့က မီးရှို့ဖျက်ဆီးလိုက်သည်ဟု သိရသည်။

နမ့်မွန်းမြို့သည် ကချင်ပြည်နယ်၏ အထင်ကရ အင်းတော်ကြီးသဘာဝရေအိုင်နှင့် ဟိုပင်မြို့အကြားတွင် တည်ရှိသည်။

ထိုဒေသများတွင် စစ်တပ်အာဏာသိမ်းပြီးနောက် လအနည်းငယ်အကြာတွင် ပေါ်ပေါက်လာသည့် အင်းတော်ကြီး-PDF နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ ပူးပေါင်းကာ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေသည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက မိုးညှင်းမြို့မှ နမ့်မွန်းနှင့် အင်းတော်ကြီးသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို KIA နှင့် အင်းတော်ကြီး-PDF တို့ ပူးပေါင်းပြီး ၃ ရက်ဆက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အထိနာခဲ့သည်။

Show More

Related Articles

Back to top button