အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကျားဖြန့်နှိမ်နှင်းမည်ဟု ရှမ်းလက်နက်ကိုင်တပ် RCSS နှင့် SSPP တို့ကြေညာ

ကျားဖြန့်လုပ်ငန်းများကို ၎င်းတို့ထိန်းချုပ်နယ်များအတွင်း မရှိစေရေး ဖော်ထုတ်ဖမ်းဆီးသွားမည်ဟု ရှမ်းလက်နက်ကိုင်တပ်ဖွဲ့များဖြစ်ကြသည့် RCSS နှင့် SSPP တို့က ဇန်နဝါရီ ၂၉ ရက်နေ့က သီးခြားစီ ကြေညာချက်ထုတ်ပြန်ခဲ့ကြသည်။

အွန်လိုင်းငွေကြေးလိမ်လည်သည့် ကျားဖြန့်လုပ်ငန်းများကို ၎င်းတို့ထိန်းချုပ်နယ်များအတွင်း မရှိစေရေး ဖော်ထုတ်ဖမ်းဆီးသွားမည်ဟု ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ နှစ်ဖွဲ့က ဇန်နဝါရီ ၂၉ ရက်နေ့တွင် သီးခြားစီ ကြေညာချက်ထုတ်ပြန်ခဲ့ကြသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့သည် ၎င်းတို့၏ဌာနချုပ်အသီးသီးတွင် ဇန်နဝါရီလအတွင်းက ခေါင်းဆောင်ပိုင်းအစည်းအဝေးများ ကျင်းပခဲ့ပြီးနောက် ယင်းကဲ့သို့ ကြေညာချက်များ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

တရုတ်အစိုးရက ဒေါသတကြီးနှိမ်နှင်းနေသည့် ကျားဖြန့်လုပ်ငန်းများသည် စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင်များ အတွက်လည်း အရေးပါလာသည့် ပြဿနာတစ်ရပ်ဖြစ်လာပြီးနောက် ကျားဖြန့်တိုက်ဖျက်ရေးအတွက် ရှမ်းတပ်များလည်း ကြေညာချက်ထုတ်ပြန်လာခြင်းဖြစ်သည်။

RCSS တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ – Tai Freedom)

၂၀၂၃ အောက်တိုဘာမှစတင်ခဲ့သည့်၊ မြန်မာ-တရုတ်နယ်စပ် အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့က ၁၀၂၇ စစ်ဆင်ရေးအမည်ဖြင့် ထိုးစစ်ဆင်ရာတွင် တရုတ်အစိုးရအလိုရှိနေသည့် ကိုးကန့်ဒေသမှ ကျားဖြန့်ခေါင်းဆောင်များကို နှိမ်နင်းရန် အကြောင်းပြချက်တစ်ခုအဖြစ် ပါဝင်ခဲ့ပြီး ထိုစစ်ဆင်ရေးကြောင့် ရှမ်းမြောက်ဒေသတွင် စစ်ကောင်စီသည် ရာနှင့်ချီသောတပ်စခန်းများ ဆုံးရှုံးခဲ့ရသည်။

ထိုးစစ်တွင် ရှမ်းလက်နက်ကိုင်တပ်များ ပါဝင်ခြင်း မရှိပေ။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းအခြေစိုက် SSPP ၏ ကြေညာချက်ထဲတွင် အာဏာရှင်စနစ်၊ မျက်ကန်းမျိုးချစ်ဝါဒ၊ နယ်မြေချဲ့ထွင်ရေးဝါဒများကို ဆန့်ကျင်သည့် မိတ်ဆွေများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပါရှိသည်။

SSPP သည် အာဏာသိမ်းစစ်တပ်၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သော်လည်း ထိုအဖွဲ့သည် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF များကို ကူညီနေသည်ဟု စစ်ခေါင်းဆောင်က ဇန်နဝါရီ ၃၁ က နေပြည်တော်၌ ပြုလုပ်သည့် စစ်ကောင်စီ၏ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးတွင် စွပ်စွဲခဲ့သည်။

RCSS ကလည်း နိုင်ငံရေးပြဿနာကို သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် တွေ့ဆုံညှိနှိုင်း ဆွေးနွေးခြင်းနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ကြိုးပမ်းသွားမည်ဟု ယင်းနေ့ ဇန်နဝါရီ ၂၉ မှာပင် ထုတ်ပြန်ကြေညာသည်။

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့အနက် အချို့မှာ စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေသော်လည်း စစ်ကောင်စီနှင့် ဆွေးနွေးရေး ဆက်လုပ်နေသည့် အဖွဲ့များတွင် RCSS လည်း ပါဝင်သည်။

ထို့ပြင် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်ရေးအတွက် အာဆီယံအနေဖြင့် ကြားဝင်ဖြေရှင်းပေးရန်လည်း RCSS က တိုက်တွန်းထားသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က “ RCSS က နွေဦးတော်လှန်ရေးထဲမှာ ပါဝင်ဖို့သဘောထား မရှိပါဘူး။ စစ်ကောင်စီနဲ့ စေ့စပ်ညှိနှိုင်းရေးလမ်းကြောင်းအတိုင်း ဆက်လျှောက်မဲ့သဘောရှိပါတယ်။ ဒါပေမဲ့ SSPP ကလည်း သဘောထားအရ ထောက်ခံပြီး လက်တွေ့ပါဝင်လာဖို့ အကန့်အသတ်ရှိနေတာကို တွေ့ရပါတယ်” ဟု ထိုနှစ်ဖွဲ့၏ ထုတ်ပြန်ချက်များအပေါ် မှတ်ချက်ပြုသည်။

၂၀၂၂ ဩဂုတ်လက ပြုလုပ်သည့် စစ်ကောင်စီဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်လာသော SSPP ခေါင်းဆောင်များ။ (ဓာတ်ပုံ- စစ်ကောင်စီ)

၂၀၂၃ အောက်တိုဘာလကုန်မှစတင်၍ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့က စစ်ဆင်ရေးများစတင်ခဲ့ပြီး လက်ရှိအချိန်အထိ မြို့ပေါင်း ၁၅ မြို့ထက်မနည်းနှင့် မြို့တချို့ကို တိုက်ခိုက်ထိန်းချုပ်ထားသည်။

တိုက်ပွဲများပြင်းထန်နေချိန် ကာလရှည် စစ်ရေးတင်းမာခဲ့သော RCSS နှင့် SSPP တို့ သည် နိုဝင်ဘာ ၂၉ ရက်နေ့တွင် နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲလိုက်ကြသည်။ တရုတ်၏ ကြားဝင်မှုဖြင့် ရှမ်းမြောက်တိုက်ပွဲများ ရပ်စဲသွားချိန်တွင် ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့၏ ကြေညာချက်များ အသီးသီးထွက်ပေါ်လာခြင်း ဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button