ဆောင်းပါး

BGF ပုန်ကန်မှု၊ စစ်ရဟတ်ယာဉ်ပစ်ချခံရမှုတို့ ဖြစ်ပေါ်လာသော တောင်ပိုင်း စစ်မြေပြင်

နိုင်ငံမြောက်ပိုင်းရှိ ထိုးစစ်ကြီးမှာ တရုတ်၏ ဖိအားပေးမှုကြောင့် ရုတ်တရက် ရပ်တန့်လိုက်သဖြင့် များစွာ အသက်ရှူချောင်သွားသည့် စစ်ကောင်စီတပ်သည် နိုင်ငံတောင်ပိုင်းတွင်မူ အသက်ရှူမှားစေမည့် ဖြစ်ရပ်ကြီးများနှင့် ရင်ဆိုင်နေရသည်။

နိုင်ငံတောင်ပိုင်းတွင် နှစ်ပေါင်းများစွာ အားကိုးခဲ့ရသည့် ကရင်နယ်ခြားစောင့်တပ် (BGF) ၏ တပ်ရင်းများ အားလုံး ပုန်ကန်ခွဲထွက်မှု ဇန်နဝါရီလအတွင်း ရုတ်တရက် ပေါ်ပေါက်လာသည်။

အံ့သြဖွယ်ထိုဖြစ်ရပ် ပေါ်ပေါက်လာအပြီး ရက်များမကြာမီမှာပင် စစ်အရာရှိကြီးများ စီးနင်းလာသည့် စစ်ရဟတ်ယာဉ်တစ်စီး ကရင်ပြည်နယ်တွင် ရှားရှားပါးပါး ပစ်ချခံလိုက်ရသည်။

Eurocopter 365 အမျိုးအစား ဘက်စုံသုံး ရဟတ်ယာဉ်သည် မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့အနီးတွင် သက်တမ်းရင့်တော်လှန်ရေးအဖွဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ပါဝင်သည့် တော်လှန်ရေးအင်အားစု၏ တိုက်ခတ်မှုနှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။

ရဟတ်ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ဗိုလ်မှူးချုပ် အေးမင်းနောင်၊ ဗိုလ်မှူး ၃ ဦး၊ ဗိုလ်ကြီး ၁ ဦးတို့ သေဆုံးပြီး ဒဏ်ရာရသူ ၁ ဦး ရှိသည်ဟု စုံစမ်းသိရှိရကြောင်း KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြဝတီမြို့၊ သင်္ယန်းညီနောင် အခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း – ခမရ(၃၅၆) သို့ လာသည့် ရဟတ်ယာဉ် နှစ်စီးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့များက စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အရာရှိများ၏ ခရီးစဉ်ကို ကြိုသိထားဟန်ရှိသော တော်လှန်ရေးသမားတို့က သစ်ပင်ငယ်များ ခပ်ကျဲကျဲ ပေါက်နေသော နေရာတစ်ခုတွင် ထောက် ၃ ချောင်းတပ် ပွိုင့်ဖိုက်စက်ကြီးဖြင့် ပစ်ခတ်ရန် အသင့်ပြင်ထားသည်ကို ပစ်ခတ်မှုနောက်ပိုင်း ထွက်လာသော ရုပ်သံမှတ်တမ်းတွင် တွေ့ရသည်။

စစ်ကောင်စီတပ်၏ ရဟတ်ယာဉ်ကို ပစ်ခတ်ရန် အသင့်စောင့်ကြိုနေသည့် KNLA ပူးပေါင်းတပ်ဖွဲ့များကို ဇန်နဝါရီလ ၂၉ ရက်နေ့တွင် တွေ့ရစဉ်။

ရဟတ်ယာဉ်ကို ပစ်ခတ်မည့်သူများ ထူးထူးခြားခြား အကာအကွယ်ယူထားသည်ကို မတွေ့ရပေ။

ရဟတ်ယာဉ်တစ်စီး အနီးသို့ ပျံသန်းလာသောအခါ ပွိုင့်ဖိုက်စက်သေနတ် ပစ်ခတ်ရန် အသင့်ဖြစ်နေသူက ဆက်တိုက် ပစ်ခတ်လိုက်ပြီး ကူညီသူ နောက်တစ်ဦးက ဘေးတွင် ကျည်ဆန်ခါးပတ်ကို အလိုက်သင့် ကိုင်ပေးထားသည်ကို တွေ့ရသည်။

ထိုသတင်းမှာ မြေပြင်ပေါ် ပြုတ်ကျသွားသည့် ရဟတ်ယာဉ်၏ မှတ်တမ်းဓာတ်ပုံများနှင့်အတူ နာရီပိုင်းအတွင်း အွန်လိုင်းသတင်းစာမျက်နှာများပေါ်သို့ ရောက်လာသည်။

ရဟတ်ယာဉ်တစ်စီး အန္တရာယ်မှ လွတ်မြောက်သွားသည်။ ကံဆိုးသည့် ရဟတ်ယာဉ် ရာဘာပင်များအနီး ဘေးတိုက် လဲကျ ပျက်စီးနေပုံ၊ ရဟတ်ယာဉ်အနီး စစ်ကောင်စီတပ်သားတို့ စစ်ဆေးနေပုံတို့ကို မှတ်တမ်းဓာတ်ပုံတွင် တွေ့ရသည်။

စစ်ဆင်ရေးအတွက်သာမက စစ်ဆင်ရေးအပြီး နောက်ဆက်တွဲအခြေအနေအတွက်ပါ အရေးကြီးသည့် သတင်းအချက်အလက်ပေးနေသူများ စစ်ကောင်စီတပ်တွင် ရှိနေဆဲဖြစ်ကြောင်း ထိုဖြစ်ရပ်က ပြသနေသည်။

ဒေါ်လာ ၁၀ သန်းနီးပါးတန်သည့် ရဟတ်ယာဉ်ကို ပစ်ချနိုင်ခြင်း၊ တပ်မမှူး တာဝန်ရှိသည့် ဗိုလ်မှူးချုပ်တစ်ဦးနှင့် အရာရှိများ အစုလိုက်အပြုံလိုက် ထိခိုက်ခြင်းတို့သည် တော်လှန်ရေးအင်အားစု၏ ကြီးမားသည့် အောင်မြင်မှုဖြစ်သည်။ စစ်ကောင်စီအတွက်မူ ပြောင်းပြန်ဖြစ်ပြီး ကြီးမားသည့် ဆုံးရှုံးမှုဖြစ်သည်။

ထို့သို့အထိနာသွားသည့် စစ်တပ်သည် ပြန်လည်တုံ့ပြန်လာနိုင်ခြေရှိသည်၊ ထို့အတွက် ပြင်ဆင်ထားသည်ဟု အဆိုပါ နယ်မြေအတွင်းလှုပ်ရှားနေသည့် ကျားဖြူစစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဆုံးရှုံးမှူးကြီးမားတဲ့အတွက် ပုံမှန်အတိုင်းဆိုရင်တော့ ပြန်လည်လက်တုံ့ပြန်လာနိုင်တဲ့ အခြေအနေတွေရှိတဲ့အတွက် စစ်ရေးအခြေအနေတွေ ပြင်းထန်လာနိုင်ခြေရှိတယ်” ဟု ပြောသည်။

ကော့ကရိတ်တွင် ဆက်လက် ပြင်းထန်နေသော တိုက်ပွဲများ

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တွင်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က မြို့မကျစေရန် လေကြောင်း၊ လက်နက်ကြီးပစ်ကူ အမြောက်အမြားသုံးကာ ခုခံနေရသည်။

ဇန်နဝါရီ ၂၀ ရက်နေ့ နောက်ပိုင်းက စပြီး ကော့ကရိတ်မြို့တွင်း၌ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ စစ်လေယာဉ်က မြို့တွင်းကို ဗုံးအများအပြားကြဲချနေကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များက ဆိုသည်။

စစ်ကောင်စီဘက်က ဘားအံ၊ ကျုံဒိုး နဘူး လမ်းပိုင်းမှတစ်ဆင့် ကော့ကရိတ်မြို့နယ်ဘက်သို့ စစ်ကူများ ပို့ဆောင်ပေးနေကြောင်း ကော့ကရိတ်မြို့နယ်အတွင်း လှုပ်ရှားနေသည့် KNU တပ်မဟာ ၆ မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“တိုက်ပွဲကတော့ ဖြစ်နေဆဲပဲ။ စကစ ဘက်က အင်အားတိုးလာတယ်လို့ ကြားတယ်။ လေယာဉ်လည်း တောက်လျှောက် လာပစ်နေတာ၊ မြို့လည်း အတော်ပျက်စီးနေပြီ” ဟု ၎င်းက ပြောသည်။

ဒေါနတောင်အနောက်ခြမ်း ကော့ကရိတ်မြို့နယ်သည် ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် အာရှလမ်းမကြီးဘေးတွင် တည်ရှိသည်။ သင်္ဃန်းညီနောင်၊ မြဝတီ၊ ကျုံဒိုး၊ ကြာအင်းဆိပ်ကြီး စသည့် မြို့နယ်များနှင့် နယ်မြေထိစပ်နေသည်။

ရက်ရှည်တိုက်ပွဲများအတွင်း လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်းမှ ဗုံးကြဲမှုတို့ကြောင့် လူနေရပ်ကွက်များ ထိခိုက်ရပြီး ဒေသခံများလည်း ဘေးလွတ်ရာသို့ ရှောင်တိမ်းနေရကြောင်း ဒေသအခြေအနေကို သိသည့် အထက်ပါ သတင်းရင်းမြစ်က ပြောသည်။

ကော့ကရိတ်မြို့ ဒေသခံအများစုသည် ဘားအံမြို့နယ် သာမည၊ နဘူးနှင့် ကျောက်ကလပ်စေတီတို့ဘက်တွင် အများဆုံး တိမ်းရှောင်နေသည်၊ နီးစပ်ရာ တောတောင်များတွင် ခိုလှုံနေသူတို့ ရှိသလို ထိုင်းနိုင်ငံဘက်ရှိ ဆွေမျိုးသားချင်းများရှိရာသို့ ရှောင်တိမ်းနေသူများလည်း ရှိသည်။

တပ်မဟာ ၆ နယ်မြေအတွင်းရှိ ကော့ကရိတ်၊ ကျုံဒိုး၊ ရေး၊ ကြာအင်းဆိပ်ကြီး မြို့နယ်တို့တွင် စစ်ဘေးရှောင် တစ်သိန်းခွဲခန့် ရှိနေသည်။ လိုအပ်သည့် စားနပ်ရိက္ခာနှင့် အသုံးအဆောင်များကို တတ်နိုင်သမျှ ကူညီထောက်ပံ့ပေးနေသော်လည်း လိုအပ်ချက်များစွာ ရှိနေကြောင်း KNU ဒူးပလာယာခရိုင် အတွင်းရေးမှူး ပဒိုစောလစ္စတန်က ပြောသည်။

“လူထုကတော့ ဒုက္ခပိုများဖို့ရှိပါတယ်။ ခုဆို ရာသီဥတုဖောက်ပြန်တဲ့ဒဏ်ကို ထပ်ဆင့်ခံနေရပြန်တယ်။ ခု မိုးတွေက အချိန်အခါမဟုတ် ရွာနေတာ။ စစ်ဘေးရှောင်တွေ ထပ်ဆင့် ဒုက္ခရောက်နေကြတယ်” ဟု ၎င်းက ဆိုသည်။

KNU က ကရင်ပြည်နယ် မြဝတီမြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် မွန်ပြည်နယ် ရေးမြို့နယ်တို့ကို စုပေါင်းပြီး ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေအဖြစ် သတ်မှတ်ထားသည်။

၂၀၂၂ အတွင်းက တွေ့ရသော KNU တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ-KNU)

တပ်မဟာ ၃ နယ်မြေ တိုက်ပွဲများ

တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) လက်မှတ်ရေးထိုးထားသော်လည်း စစ်အာဏာသိမ်းမှုကြောင့် စာချုပ်ပျက်ပြယ်ပြီးဟု ပြောဆိုထားသည့် KNU သည် လမ်းပေါ်ထွက်ဆန္ဒပြစဉ် အကြမ်းဖက်ပစ်ခတ်မှုနှင့် ရင်ဆိုင်လာရပြီး ယခု လက်နက်ကိုင်တော်လှန်နေသည့် လူငယ်အများအပြားနှင့်အတူ တိုက်ပွဲဝင်လျက်ရှိသည်။

KNU တပ်မဟာ ၃ နယ်မြေဖြစ်သော ညောင်လေးပင်ခရိုင်အတွင်း၌ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည်။

ဇန်နဝါရီ ၂၂ ရက်နေ့တွင်လည်း မုန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် KNU ပူးပေါင်းတပ်ဖွဲ့ဝင်များအကြား တစ်နေကုန်နီပါး တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ၇၀ ကျော် သေဆုံးခဲ့သည်ဟု KNLA စစ်ဌာနချုပ်က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ အသေအပျောက်စာရင်းနှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခြင်းမရှိသလို Myanmar Now အနေဖြင့်လည်း သီးခြားအတည်ပြုနိုင်သေးပေ။

KNU က နိုင်ငံအရှေ့တောင်ပိုင်းရှိ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်းရှိ ဒေသအချို့ကို ၎င်းတို့၏ အုပ်ချုပ်မှုနယ်မြေအဖြစ် သတ်မှတ်ထားသည်။

KNU တွင် လက်နက်ကိုင်အင်အား ၁၀၀၀၀ နှင့်အထက် ရှိသည်ဟု တိုင်းရင်းသားသတင်းမီဒီယာများဖြင့် စုစည်းဖွဲ့စည်းထားသည့် နိုင်ငံတကာမြန်မာ့သတင်းအဖွဲ့ (BNI Myanmar) က ထုတ်ဝေသည့် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း လမ်းညွှန်အကိုးအကား ၂၀၂၂-၂၃ တွင် ခန့်မှန်း ဖော်ပြထားသည်။

စစ်ကောင်စီကို အရှိုက်ထိစေမည့် ထိုးနှက်ချက်များ

စစ်တပ်က အာဏာသိမ်းယူခြင်းသည် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ထောင်ရန် မဖြစ်နိုင်ကြောင်း ပြသနေခြင်းဖြစ်သည်ဟု ဆိုသည်။

ထို့ကြောင့် တိုင်းရင်းသားများလိုလားနေသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ထောင်ရန် အာဏာရှင်အုပ်ချုပ်ရေးစနစ်ကို ဖျက်သိမ်းရမည်ဟု KNU ဥက္ကဋ္ဌက ပြောသည်။

ထို့ကြောင့် ကရင်လက်နက်ကိုင်အဖွဲ့အများအားလုံး ပြန်လည် ပေါင်းစည်းရန် တိုက်တွန်းထားပြီး “အာဏာရှင်စနစ်ကို ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ဒီတိုင်းပြည်မှာ တည်ဆောက်နိုင်ဖို့ အတူတကွ လက်တွဲဆောင်ရွက် အကောင်အထည်ဖော်သွားရမယ်” ဟု KNU ဥက္ကဋ္ဌက လမ်းညွှန်ထားသည်။

KNU ဥက္ကဋ္ဌ ရည်ညွှန်းသည့် ကရင်လက်နက်ကိုင်အဖွဲ့များမှာ KNU မှ ခွဲထွက်သွားသော ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ထိုအဖွဲ့မှ ထပ်မံ ခွဲထွက်သွားသော နယ်ခြားစောင့်တပ် (BGF)၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) KNLA PC, ကော်သူးလေအာမီ (KTLA) တို့သည် ကရင့်လက်နက်ကိုင်အဖွဲ့အစည်းများ ပါဝင်သည်။

KNU ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်မတိုင်မီ ဇန်နဝါရီ ၂၃ တွင် စောချစ်သူ ဦးဆောင်သည့် ကရင်နယ်ခြားစောင့်တပ် (BGF) က စစ်ကောင်စီလက်အောက်တွင် မနေတော့ဘဲ သီးခြားရပ်တည်မည်ဟု ကြေညာခဲ့သည်။

စစ်တပ်ထံမှ လစာ၊ ရိက္ခာ မယူရန် ယခင်လက စာတင်ထားပြီး ကရင်လူမျိုးအချင်းချင်း မတိုက်ခိုက်လိုကြောင်း၊ ကိုယ့်နယ်မြေကိုယ် ကာကွယ်သွားမည်ဖြစ်ပြီး ညှိနှိုင်းမှုမရှိဘဲ ၎င်းတို့နယ်မြေသို့ ဝင်လာသည့် မည်သည့်စစ်တပ်ကိုမဆို ပြန်လည်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း BGF ခေါင်းဆောင်တို့က သတင်းဌာနများကို ပြောသည်။

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ၄ ရင်း၊ ဖာပွန်မြို့နယ်တွင် ၂ ရင်း၊ မြဝတီမြို့နယ်တွင် ၅ ရင်း၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ၂ ရင်း အခြေချ လှုပ်ရှားနေပြီး ခန့်မှန်းအင်အား ၅၀၀၀ ခန့်ရှိသည့် BGF တပ်က စစ်ကောင်စီနှင့် မပေါင်းတော့ဟုဆိုရာ အင်အားချည့်နဲ့နေသည့် စစ်တပ်အတွက် ပြင်းထန်သည့် ထိုးနှက်ချက်တစ်ခုဖြစ်လာသည်။

တိုက်ခိုက်ရမည့် နေရာတွင် BGF တပ်များ ရှိမနေလျှင် KNU တပ်များ၏ ထိုးစစ်အတွက် ကြီးမားသော အပြောင်းအလဲ ဖြစ်လာမည်ဟု လေ့လာသူများက ယုံကြည်ကြသည်။

ကရင်လက်နက်ကိုင်တပ်ဖွဲ့များဖြစ်သည့် KNU၊ DKBA၊ KNU/KNLA Peace Council နှင့် BGF တို့မှ တပ်ဖွဲ့ဝင်အချို့ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့က ပြုလုပ်သည့် ကရင်တော်လှန်ရေးနေ့ နှစ် ၇၀ ပြည့်အခမ်းအနားတွင် တွေ့ရစဉ်။ (ဓာတ်ပုံ − EPA)

KNU သည် ချင်းအမျိုးသားတပ်ဦး (CNF), ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP), အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့နှင့်အတူ ဘုံသဘောထားရပ်တည်ချက်ကိုလည်း ဇန်နဝါရီ ၃၁ ရက်တွင် ထုတ်ပြန်ထားသည်။

ထိုဘုံသဘောထားရပ်တည်ချက်တွင် အာဏာရှင်ပြုတ်ကျရေး၊ တိုင်းပြည်ပြန်လည်ထူထောင်ရေး စသည့် “မဟာဗျူဟာအရအရေးကြီးသည့် ကဏ္ဍစုံတွင် ပူးပေါင်းညှိနှိုင်းရေး ယန္တရားများ ဖွဲ့စည်းဆောင်ရွက်သွားမည်။ ထို့ပြင် သက်ဆိုင်သည့် တော်လှန်ရေးမဟာမိတ်အင်အားစုများနှင့်လည်း ဆက်လက်ပူးပေါင်းညှိနှိုင်း၍ အစွမ်းကုန် ဆောင်ရွက်သွားမည်” ဟု ပါရှိသည်။

KNU ဥက္ကဋ္ဌကလည်း ကွဲပြားနေသည့် ကရင်တော်လှန်ရေးအဖွဲ့အစည်းများ ပြန်ပေါင်းကာ စည်းလုံးညီညွတ်ရန် တိုက်တွန်းပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသောပြည်နယ်များဖြင့် တည်ဆောက်ရန် ရည်မှန်းထားသည်ဟု ဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့ ဦးဆောင်၍ နယ်မြေသိမ်းတိုက်ပွဲများ ဆင်နွှဲပြီး ထိန်းချုပ်နယ်မြေများ ရရှိသွားချိန်တွင် KNU ဥက္ကဋ္ဌက လွတ်လပ်မှု၊ တန်းတူညီမျှရှိမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသည့် “ကော်သူးလေပြည်နယ်” တည်ထောင်ရေး ရည်မှန်းချက်ကိုလည်း ထည့်သွင်းပြောသွားသည်။

ပြီးခဲ့သည့် ၃ နှစ်အတွင်း အာဏာသိမ်းတပ် စစ်ပန်းစေရန် အဆက်မပြတ် ရင်ဆိုင်တိုက်ခိုက်သည့် တပ်များထဲတွင် ထိပ်ဆုံးမှ ပါဝင်ခဲ့သည့် KNU သည် လက်နက်ခဲယမ်းအင်အား အကန့်အသတ်ရှိနေဆဲဖြစ်သည်ကို တွေ့ရသည်။

၂၀၂၃ နှစ်ကုန်ပိုင်းတွင် ရုတ်တရက် ပေါ်ပေါက်လာသည့် ထိုးစစ်အတွင်း တော်လှန်ရေးအင်အားစုက ရှမ်းပြည်မြောက်ပိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကရင်နီပြည်နယ်တို့တွင် မြို့အများအပြားကို သိမ်းယူထားပြီးဖြစ်သည်။

ထိုအောင်မြင်မှုများသည် KNU တပ် လှုပ်ရှားရာ မြန်မာပြည်အောက်ပိုင်းတွင် မြို့သိမ်းတိုက်ပွဲများ ၂၀၂၄ ခုနှစ်အတွင်း ပေါ်ပေါက်လာနိုင်သည့် တွန်းအားတစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်။

Show More

Related Articles

Back to top button