သတင်း

ဝိုင်းမော်မြို့ပြင် စစ်တပ်၏ ရိက္ခာပို့ စစ်ကြောင်းကို KIA တိုက်ခိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်း အာဏာသိမ်းတပ် ထောက်ပို့စစ်ကြောင်း တိုက်ခိုက်ခံရသဖြင့် နောက်ပြန်ဆုတ်သွားသည်၊ ရွာအပြင်ဘက်ဖြစ်သောကြောင့် ပြည်သူထိခိုက်မှုမရှိဟု KIA က ဆိုသည်။

ဇန်နဝါရီ ၃၀ ရက်နေ့က ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်ရှိ စစ်ကောင်စီတပ်၏ ရိက္ခာပို့ စစ်ကြောင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ တိုက်ခိုက်မှုကြောင့် ပြန်လည် ဆုတ်ခွာသွားခဲ့သည်ဟု သိရသည်။

ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ရွာရှိ  ခလရ (၃၂၁) စခန်းမှ ထိုစစ်ကြောင်းက မြစ်ကြီးနား-ဗန်မော်လမ်းကြီးပေါ်ရှိ ဆမလမ်းခွဲအနီးရှိ တပ်ထံသို့ သွားရောက်ရန် ကြိုးစားခြင်း ဖြစ်သည်၊ ရွှေညောင်ပင်-ကဇူး-ဒဘတ်ယန် လမ်းကြောင်းအတိုင်း တက်လာစဉ် ဒဘတ်ယန်ရွာအနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“ဂါးရာယာန်ကနေ မြစ်ကြီးနားဘက်ကို သွားတဲ့ ရွာအပြင်ဘက် လမ်းခုလတ်မှာ ရင်ဆိုင်တိုက်ပွဲတွေ ရှိပါတယ်။ ပြည်သူလူထုတွေက‌တော့ အဲ့ဒီဘက်မှာမရှိပါဘူး။ အဲဒါကြောင့် ပြည်သူတွေ ဒဏ်ရာရတာတော့ မရှိပါဘူး။ စစ်ကောင်စီတပ်ဘက်ကတော့ တော်တော်လေး အထိနာတယ်လို့ ကြားရပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

အထိနာသွားသည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီကလည်း စစ်သတင်းများ အထူးသဖြင့် တိုက်ခိုက်ခံရသည့် ဖြစ်ရပ်များအကြောင်းကို ထုတ်ပြန်ခြင်း မရှိပေ။

ကဇူး၊ ဒဘတ်ယန်၊ မလိယန်နှင့် ဆမလမ်းခွဲတို့သည် KIA ဌာနချုပ် လိုင်ဇာမြို့သို့ ထိုးစစ်ဆင်ရန် စစ်ကောင်စီက ကြိုးစားခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်း တိုက်ပွဲပြင်းထန်ခဲ့သည့် နေရာဖြစ်သည်။

လိုင်ဇာမြို့၏ အဓိက ဝင်ပေါက်ဖြစ်သည့် နမ်ဆန်ယန်ရွာကို ထိန်းချုပ်နိုင်ရန် ဗန်းမော်နှင့် မြစ်ကြီးနားမြို့မှ တပ်များကို မြစ်ကြီးနား-ဗန်းမော်လမ်းအတိုင်း စေလွှတ်ခဲ့ရာ အဆိုပါ လမ်းတစ်လျှောက်တွင် တိုက်ပွဲများ ပြင်းထန်ခဲ့သည်။

ယခုအခါ နမ်ဆန်ယန်ရွာအနီးတွင် စစ်ကောင်စီတပ်များမရှိတော့သော်လည်း တပ်အချို့မှာ ဆမလမ်းခွဲနှင့် ဒဘတ်ယန်ရွာကြားရှိ တောတွင်း၌ ဆက်လက်တပ်စွဲထားသည်။ ထိုတပ်များကို ထောက်ပို့ရန် ကြိုးစားနေသည့်အတွက် ဇန်နဝါရီ ၁၉ ရက်မှစတင်ကာ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေခြင်းဖြစ်သည်။

“သူတို့က ရိက္ခာပို့တာတွေ တပ်အပြောင်းအလဲတွေနဲ့ ခဲယမ်းပို့တာတွေပေါ့၊ ထောက်ပံ့ရေးလမ်းကြောင်းက အဲဒီတစ်ကြောပဲ ကျန်နေတာ။ အဲဒါကြောင့် သူတို့ အမြဲတမ်းလှုပ်ရှားနေလို့ တိုက်ပွဲခဏခဏ ဖြစ်နေတာ ဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ယနေ့နံနက် (ဇန်နဝါရီ ၃၁) တွင် စစ်ကောင်စီတပ်က စစ်ကြောင်းဆက်ထိုးခြင်းမရှိသည့်အတွက် တိုက်ပွဲများ ငြိမ်သက်နေဆဲဖြစ်သော်လည်း စစ်ရေးတင်းမာမှု မြင့်တက်နေဆဲဖြစ်သည်ဟု သိရသည်။

တိုက်ပွဲများကြောင့် မကြာခဏ စစ်ရှောင်နေရသည့် ကဇူးနှင့် ဒဘတ်ယန်ရွာရှိ ဒေသခံများမှာ နီးစပ်ရာရွာများနှင့် ဝိုင်းမော်၊ မြစ်ကြီးနားမြို့များသို့ ထပ်မံစစ်ရှောင်နေကြရသည်ဟု ကဇူးရွာတွင် စစ်ရှောင်နေရသည့် နမ်ဆန်ယန်ရွာသားတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ကတော့ ကြာပြီ၊ ကဇူးက ထွက်လာတာ။ အခုထပ်ဖြစ်လို့ အိမ်ပြန်နေကြတဲ့သူတွေ ဒီဘက်ကို ပြန်ပြေးလာကြတယ်။ တချို့လည်း မြစ်ကြီးနားထိ ပြေးတယ်လို့ပြောတယ်” ဟု အဆိုပါ အမျိုးသားက ဆိုသည်။

လိုင်ဇာမြို့ကို ဖိအားပေးနိုင်ရေး စစ်ကောင်စီထိုးစစ်အတွင်း လေကြောင်းတိုက်ခိုက်မှုပြင်းထန်ခဲ့ပြီး လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက် စစ်ရှောင်စခန်းကို ဗုံးကြဲရာ ဒေသခံ ၂၉ ဦး သေဆုံးခဲ့ရသည်။

အာဏာသိမ်း စစ်ကောင်စီကို ပေါ်ပေါ်တင်တင် ဝေဖန်ရှုတ်ချထားသည့် KIA က ကချင်၊ ရှမ်းမြောက်နှင့် စစ်ကိုင်းတိုင်းတို့တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေသည်။

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်ရှိ နမ့်ဖတ်ကာ စစ်ကောင်စီတပ်စခန်းကို KIA က တိုက်ခိုက်နေရာ ဇန်နဝါရီ ၁၆ ရက်က စစ်ကောင်စီတပ်၏ ဂျက်တိုက်လေယာဉ်တစ်စီးကို ပစ်ချနိုင်ခဲ့သလို ဇန်နဝါရီ ၂၄ ရက်မှာတော့ အပြီးတိုင် သိမ်းပိုက်နိုင်ခဲ့သည်။ ထို့ပြင် ရှမ်းမြောက် မဘိမ်းမြို့နယ်ကိုလည်း မဟာမိတ်တပ်များနှင့် ပူးပေါင်းကာ ဇန်နဝါရီ ၂၁ ရက်တွင် သိမ်းပိုက်ထားခဲ့သည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ စစ်တပ်အာဏာသိမ်းမှုတွင် ဆန္ဒပြသူအများအပြား လမ်းပေါ်တွင် ပစ်သတ်ခံရပြီးနောက်ပိုင်း လက်နက်ကိုင် ခုခံလိုသူများက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံတွင် စစ်ပညာသင်ယူခဲ့ကြသည်။

ထိုအထဲမှ အများအပြားမှာ KIA နှင့် လက်တွဲတိုက်ပွဲဝင်နေကြသည်။

Show More

Related Articles

Back to top button