သတင်း

ထားဝယ်တွင် စစ်တပ်က အရပ်သား ၁ ဦးကို နှိပ်စက်သတ်ဖြတ်

တနင်္သာရီတိုင်း၊ ထားဝယ်-ထီးခီးလမ်း အနီးရှိ ကျေးရွာများကို ထိုးစစ်ဆင်နေသည့် စစ်ကောင်စီတပ်သည် ပခပ်ကျေးရွာမှ ဒေသခံ ၅ ဦးကို လူသားဒိုင်းအဖြစ် အသုံးပြုရန် ဖမ်းဆီးခဲ့ပြီးနောက် ယမန်နေ့ (ဇန်နဝါရီ ၂၈) တွင် ၎င်းတို့ထဲမှ ၁ ဦးကို နှိပ်စက်သတ်ဖြတ်လိုက်သည်။

တနင်္သာရီတိုင်း၊ ထားဝယ်-ထီးခီးလမ်း အနီးရှိ ကျေးရွာများကို ထိုးစစ်ဆင်နေသည့် စစ်ကောင်စီတပ်သည် ပခပ်ကျေးရွာမှ ဒေသခံ ၅ ဦးကို လူသားဒိုင်းအဖြစ် အသုံးပြုရန် ဖမ်းဆီးခဲ့ပြီးနောက် ယမန်နေ့ (ဇန်နဝါရီ ၂၈) တွင် ၎င်းတို့ထဲမှ ၁ ဦးကို နှိပ်စက်သတ်ဖြတ်လိုက်သည်ဟု ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တာဝန်ခံထံမှ သိရသည်။

“…ကျန်တဲ့သူတွေကို အကုန်လုံးပြန်လွှတ်ပေးလိုက်ပြီး အဲဒီကောင်လေးကိုတော့ ပစ်သတ်ခဲ့တယ်” ဟု ၎င်းက ပြောသည်။ 

သေဆုံးသူမှာ အသက် ၂၀ အရွယ် ကိုကုလားလေးဆိုသူဖြစ်ပြီး သူ၏ရုပ်အလောင်းကို ရိုက်ကူးထားသည့် ဓာတ်ပုံများတွင် ပြင်းထန်စွာရိုက်နှက်ခံထားရသည့် ဒဏ်ရာများလည်း တွေ့ရသည်။

သေဆုံးသူသည် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ရင်းနှီးသည့်ဆက်ဆံရေးရှိသူဖြစ်ကြောင်းလည်း ထားဝယ်ခရိုင် ပကဖ တာဝန်ခံက ပြောသည်။

ဒေသတွင်းတော်လှန်ရေးတပ်များက ဇန်နဝါရီ ၂၄ ရက်နေ့က တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ဘန်ချောင်းဒေသရှိ စစ်ကောင်စီ၏ ကျောက်ထုတပ်စခန်းကို သိမ်းပိုက်ခဲ့ပြီးနောက် ထိုစခန်းကို ပြန်ရရန် စစ်တပ်က ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

ထားဝယ်-ထီးခီးလမ်းအနီးရှိ ထားဝယ်ခရိုင် အရှေ့တောဒေသနှင့် သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်တို့ကို စစ်ကြောင်း ၂ ကြောင်းဖြင့် ဝင်ရောက်နေပြီး ကျေးရွာ ၁၀ ရွာထက်မနည်းမှ​ ဒေသခံ ထောင်နှင့်ချီပြီး ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်ရှိ သဲချောင်းကြီး၊ မယ်ကဲ၊ ကျအိုင်၊ ဝင်းကဖော် ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးနေပြီး ဝင်းကဖော်ကျေးရွာရှိ နေအိမ်တစ်လုံးကို မီးရှို့ဖျက်ဆီးသွားသည်ဟု ထားဝယ်ခရိုင် (ပ.က.ဖ) တာဝန်ခံက ဆက်ပြောသည်။

“ကျောက်ထုစခန်း အသိမ်းခံရတဲ့ အနေအထားအပေါ်မှာ မူတည်ပြီးတော့ KNU တပ်မဟာ ၄ တပ်ရင်း ၁၂ နယ်မြေကို စစ်ကြောင်း ၂ ကြောင်းလုံးက အဓိက ဦးတည်ပြီးတော့ စစ်ကြောင်းထိုးနေတယ်လို့ ပြောလို့ရပါတယ်” ဟု ၎င်းက ပြောသည်။ 

စစ်ကောင်စီ လက်အောက်ခံ (ခြေမြန်တပ်ရင်း) ခမရ ၄၀၃ မှ အင်အား ၁၅၀ ကျော်ခန့်ဖြင့် ယနေ့ (ဇန်နဝါရီ ၂၉) နံနက်ပိုင်းတွင် သဲချောင်းကြီးကျေးရွာမှ စစ်ကြောင်းထိုးဝင်ရောက်လာရာ ဝင်းကဖော်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဝင်းကဖော် ဒေသခံတစ်ဦးက ပြောသည်။

“နေ့လယ်ကတော့ ဝင်းကဖော်၊ လယ်မော် ရပ်ကွက်မှာရှိတဲ့ စာသင်ကျောင်းမှာ လာစခန်းချသွားတယ်။ အိမ်တစ်လုံးကိုလည်း မီးရှို့သွားတယ်” ဟု ၎င်းက ပြောသည်။

ထို့နောက် စစ်ကြောင်းထိုးလာသည့်တပ်သည် ဝင်းကဖော်ရွာရှိ ဘုန်းကြီးကျောင်းတွင် စခန်းချထားပြီး အင်အား ၆၀ ကျော်ပါသည့် စစ်ကြောင်းတစ်ခုက ကျအိုင်ဘက်သို့ ဆက်လက် စစ်ကြောင်းထိုးသွားသည်ဟု ၎င်းက ဆက်ပြောသည်။

“ဒီဘက်က တော်လှန်ရေးအင်အားစုတွေနဲ့ ရင်းရင်းနှီးနှီးနေကြတဲ့ အုပ်စုတွေပေါ့။ ခုက ရွာသူရွာသား ထောင်ချီရှိတာ ရွာထဲမှာနေတဲ့သူက တစ်ယောက်မှ မရှိတော့ဘူး။ ရွာမှာ ဘုန်းကြီးပါ ပြေးနေရပါတယ်” ဟု ၎င်းက ပြောသည်။

ဇန်နဝါရီ ၂၄ တွင် ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခလရ ၂၇၃ အခြေစိုက် ကျောက်ထုစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၄ တပ်ရင်း ၁၂ နှင့် ဒေသသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်း သိမ်းပိုက်ခဲ့သည်။

ကျောက်ထုစခန်းကို သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၅ ဦး သေဆုံး​​ပြီး ၇ ဦး သေဆုံးသည်၊ လက်နက်ခဲယမ်းပေါင်းများစွားကိုလည်း သိမ်းဆည်းရရှိခဲ့သည်ဟု KNLA က သတင်းထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button