သတင်း

မတ္တရာအနောက်ခြမ်းတွင် စစ်တပ်က ရွာမီးရှို့၊ လူသတ်နေ

မန္တလေးနှင့် ကပ်လျက် တည်ရှိသည့် မတ္တရာမြို့နယ်အတွင်း ရွာများကို စစ်ကြောင်းထိုးနေသည့် တပ်က ဒေသခံတစ်ဦးကို သတ်ပြီး နေအိမ် ၆၀ ကျော်ကို မီးရှို့ခဲ့သည်ဟု ဒေသခံတို့က ပြောသည်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း ဧရာဝတီမြစ်ရိုးတစ်လျှောက်ရှိ ရွာများကို စီးနင်းတိုက်ခိုက်နေသည့် စစ်ကောင်စီတပ်သည် ယမန်နေ့ (ဇန်နဝါရီ၂၈) မနက်ပိုင်းကစတင်ကာ မတ္တရာအနောက်ခြမ်းရှိ ရွာများတွင် မီးရှို့ဖျက်ဆီးနေပြီး  အမျိုးသား ၁ ဦးကိုလည်း သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။

ဆင်ကုန်းရွာမှ အသက် ၅၀ အရွယ် ဦးတင်ကြိုင်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အဖွဲ့ဝင်အဖြစ် စွပ်စွဲကာ စစ်ကောင်စီတပ်က ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားသည်ဟု သိရသည်။

“သူဘာသာနေတဲ့ ရွာခံလူကြီးတစ်ဦးကို သတ်ပြီး၊ အလောင်းဘေး လက်နက်ချပြီး ဓာတ်ပုံရိုက်သွားတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော အသက် ၄၀ အရွယ် ဒေသခံအမျိုးသားက ဆိုသည်။

စစ်တပ်ဝါဒဖြန့် အွန်လိုင်းစာမျက်နှာများတွင် ဦးတင်ကြိုင်၏ရုပ်အလောင်းပုံ တင်ထားသည်ကို တွေ့ရသည်။ ရုပ်အလောင်းဘေးတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ အသုံးပြုသည့် အကျီတစ်ထည်၊ သေနတ်တစ်လက်ကို တွေ့ရပြီး  စစ်ကောင်စီတပ်က PDFတပ်ဖွဲ့ဝင်တစ်ဦးကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ရေးသားထားကြသည်။

စစ်ကောင်စီ၏ တရားဝင်ထုတ်ပြန်ချက်များတွင်မူ မန္တလေးမြို့နှင့် ကပ်လျက် တည်ရှိသည့် အဆိုပါ မြို့နယ်အတွင်း သတ်ဖြတ်မှု၊ မီးလောင်မှုများအကြောင်း ဖော်ပြထားခြင်း မရှိပေ။

ဇန်နဝါရီ ၂၃ ရက်နေ့က မြို့အရှေ့ခြမ်းရှိ မှော်နီကုန်းနှင့် အင်းတံခါး ရွာများမှ နေအိမ် ၆၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက်   မြို့အနောက်ဘက်ခြမ်းတွင် ဆက်လက် စစ်ကြောင်း ထိုးနေခြင်းဖြစ်သည်။

အင်အား ၅၀ ကျော်ပါသည့် စစ်ကောင်စီတပ်သည် မတ္တရာအနောက်ခြမ်းရွာများဖြစ်သည့် သမင်ခြံ၊ သူဌေးကုန်း၊ ပိုဝ၊ စိန်ပန်းကုန်း၊ ဆင်ကုန်းနှင့် ဥဒိန်ရွာ တို့တွင် ထိုအမှုများ ကျူးလွန်နေသည်ဟု ဒေသခံများက ဆိုသည်။

“သမင်ခြံရွာထဲက ဆိုင်ကယ်လေးစီး၊ ကားအကြီး ၁ စီး အခြားရွာထဲက ဘက်ထရီအိုးအကြီးတွေ၊ အိမ်အသုံးအဆောင်ပစ္စည်းတွေလည်း ယူသွားကြတယ်” ဟု အထက်ပါ ဒေသခံ အမျိုးသားက ပြောသည်။

လက်ရှိအချိန်အထိ သမင်ခြံနှင့် သူဌေးကုန်း ရွာမှ လူနေအိမ် ၂ လုံး မီးရှို့ခံခဲ့ရသည်ဟု သတင်းရထားပြီး နောက်ထပ်အပျက်အစီးများလည်း ရှိနိုင်ကြောင်း ၎င်းက ဇန်နဝါရီ ၂၉ နံနက်ပိုင်းတွင် ပြောသည်။

“တောက်လျှောက်ပြေးနေကြရတော့ (ရွာသားတွေ) ရွာတွေကို ပြန်မကပ်နိုင်ကြသေးဘူး” ဟု သူက ဆက်ပြောသည်။

စစ်ကောင်စီဘက်က ထုတ်ပြန်သည့် ဦးတင်ကြိုင်၏ ရုပ်အလောင်းပုံ

မတ္တရာမြို့နယ်အတွင်း တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများပြင်းထန်နေပြီး ပြည်သူများလည်း ထွက်ပြေးနေရသည်။

ဇန်နဝါရီ ၂၃ ရက်နေ့က မတ္တရာမြို့နယ် မှော်နီကုန်းနှင့် အင်းတံခါးကျေးရွာအနီးတွင် တိုက်ပွဲတွင် စစ်တပ်ဘက်က ၁၇ ဦးသေဆုံးခဲ့ပြီးနောက် ထိုရွာများရှိ နေအိမ် ၆၀ ကျော်ကို စစ်တပ်က မီးရှို့ခဲ့သည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ဇန်နဝါရီ ၂၄ ညပိုင်းတွင် Myanmar Now ကို ပြောသည်။

ထို့နောက် စစ်တပ်က တော်လှန်ရေးတပ်ဖွဲ့၏  စခန်းတစ်ခုကို ရှာဖွေတွေ့ရှိပြီးနောက် ဖျက်ဆီးပစ်ခဲ့သည်ဟု ၎င်းက ဆိုသည်။

အပြန်အလှန်အားဖြင့် ဇန်နဝါရီ ၂၇ မနက်ပိုင်းက မတ္တရာမြို့နယ် ရွှေချောင်းရွာ ပြည်သူ့စစ်ခေါင်းဆောင်၏နေအိမ်ကို ဒရုန်းဖြင့် ဗုံးသီးလေးလုံးချကာ တိုက်ခိုက်ခဲ့ကြောင်း မန္တလေးတော်လှန်ရေးအင်အားစုများက ယမန်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်သည်။ ထိုတိုက်ခိုက်မှုကို မြနန္ဒာဒရုန်းတပ်ဖွဲ့၊ ပြင်ဦးလွင်ခရိုင် ဒရုန်းတပ်ဖွဲ့၊ မတ္တရာမြို့နယ် (ပကဖ) နှင့် ပဒူတိုက်နယ် (zone 4) တို့ လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

နိုင်ငံအနှံ့အပြားမှ နတ်ကိုးကွယ်သူအများအပြား သွားရောက် စုဝေးသည့် တောင်ပြုန်းပွဲကြောင့် လူသိများသော မတ္တရာမြို့နယ်သည် မန္တလေးနှင့် ၁ နာရီခရီးသာ ကွာဝေးသည်။ မတ္တရာ၏အရှေ့နှင့် အရှေ့မြောက်ဘက်ရှိ မိုးကုတ်၊ နောင်ချိုနှင့် ပြင်ဦးလွင်မြို့နယ်များအတွင်းမှ စစ်ကောင်စီတပ်များသည် တအာင်းတပ် TNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY-PDF တို့၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်နေရသည်။

Show More

Related Articles

Back to top button