သတင်း

ဆီဆိုင်မြို့ ကရင်နီစစ်ရှောင်စခန်းကို လေတပ် ဗုံးကြဲ

ရှမ်းပြည်နယ်တွင် လက်နက်သယ်လာသော ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်၏ တပ်နှင့် တိုက်ပွဲဖြစ်သည့် နေရာအနီးကို လေတပ်က ဗုံးကြဲရာ ကရင်နီစစ်ရှောင်စခန်းကို ထိသွားသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ကို  ယမန်နေ့ (ဇန်နဝါရီ ၂၂) ညပိုင်းတွင် လေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် ယနေ့ နံနက်တွင် ထိုဒေသတွင်းရှိ စစ်ကောင်စီစခန်းတစ်ခုကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယနေ့ နံနက် ၁၀ နာရီခန့်တွင် ဆီဆိုင်မြို့နယ်၊ နောင်ထော်ရွာအောက်ဘက် တုံချောင်းအနီး စစ်တပ်ကင်းစခန်းတစ်ခုသို့ PNLO/PNLA တပ်ဖွဲ့ဝင်များ သွားရောက်ခဲ့ပြီးနောက် စစ်သားများ ထွက်ခွာသွားရာ ၎င်းတို့က ကင်းစခန်းကို မီးရှို့ခဲ့သည်ဟု ဆိုသည်။

“မနက် ၁၀ နာရီအထိ ကျွန်တော်တို့ (မီးရှို့ခဲ့တဲ့ စစ်စခန်း) ၁ ခုပဲ၊ အခုအထိ သတင်းရတာတော့ ၁ ခုပဲ ရှိပါသေးတယ်။ အဲ့ဒါတော့ မှန်ကန်ပါတယ်” ဟု ထိုသူက ပြောသည်။

“တုံချောင်းကနေမှ ကျွန်တော်တို့ စခန်းဘက်ကို တက်တဲ့လမ်းရှိတယ်။ တုံချောင်းမရောက်ခင် သူတို့ အရင်တုန်းကဆိုရင် တစ်ခါတလေကြရင် တပ်တွေက အလှည့်ကျ လာပြီးတော့မှ စစ်ဆေးရေးဂိတ်ပုံစံမျိုး။ ပြီးတော့မှ ကျွန်တော်တို့ရဲ့ သွားလာလှုပ်ရှားမှုကို မျက်စိဒေါက်ထောက် စောင့်ကြည့်တဲ့ပုံစံမျိုး စခန်းလေးပါ” ဟု PNLO တာဝန်ရှိသူက ဆက်ပြောသည်။

အဆိုပါ စစ်တပ်ကင်းစခန်းတွင် အင်အား ၆ ဦးနှင့် ၁၀ ဦး ဝန်းကျင်ခန့်သာ ရှိတတ်ကြောင်း သိရသည်။

“တိုက်ပွဲမဖြစ်ရဘူး။ ဘယ်ဘက်ကမှ သေနတ်တစ်ချက်မှ မဖောက်ရဘဲနဲ့ ပြောရင်းဆိုရင်းနဲ့မှ သူတို့ (စစ်တပ်) ထွက်သွားပြီးတော့မှ ကျွန်တော်တို့ ဒီဘက်က ဝင်ပြီးတော့မှ မီးရှို့လိုက်တာ”

ယမန်နေ့ည ၈ နာရီခန့်က မြို့တောင်ဘက် ၁၅ မိုင်ခန့်အကွာတွင် ရှိသော နောင်ထော်ရွာကို လေတပ်က ဗုံး ၂ ကြိမ် ကြဲခဲ့ပြီး ထိုရွာတွင် ကရင်နီဒေသမှ စစ်ရှောင်အများစု ရောက်ရှိနေကာ အိမ်ခြေ ၂၀ ခန့်ရှိ ဒုက္ခသည်စခန်း မီးလောင်သွားကာ စစ်ရှောင်တစ်ဦး သေဆုံးခဲ့သည်။

ယင်းမတိုင်မီ စစ်ကောင်စီနှင့် PNLO တို့ ဇန်နဝါရီ ၂၀ ရက်က ဟိုပုံးမြို့မှ အထွက် မဲနယ်တောင်ဒေသ စံဖူးကျေးရွာအနီး တိုက်ပွဲဖြစ်ပြီး PNLO သယ်လာသည့် လက်နက် အလက် ၅၀၀ ကျော်နှင့် ခဲယမ်းများ မီးလောင်ပျက်စီးခဲ့ပြီးနောက် ၂ ရက်အကြာ PNLO အခြေစိုက်သော ထိုကျေးရွာ ဗုံးကြဲခံရခြင်း ဖြစ်သည်။

PNLO ရုံး ထိခိုက်မှုမရှိခဲ့ဘဲ နောင်ထော်ရွာရှိ ကရင်နီဒုက္ခသည်စခန်းရှိ နေအိမ်အချို့ မီးလောင်ပျက်စီးသွားသည်ဟု PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။

“နောက်ဆက်တွဲက လေယာဉ်ဗုံးကြဲတယ်လို့တော့ ကြားတယ်၊ ဒုက္ခသည်စခန်းတစ်ခုတော့ ထိသွားတယ်၊ အခြားတော့ မရှိပါဘူး၊ ကျွန်တော်တို့တော့ ဌာနချုပ်တွေ ဘာတွေတော့ ပြဿနာမရှိပါဘူး”

၂၀၁၇ က နေပြည်တော်တွင် ကျင်းပသော ၂၁ ရာစု ပင်လုံအစည်းအဝေးတွင် တွေ့ရသော ဗိုလ်မှူးကြီးခွန်ဥက္ကာ (အလယ်) ။ (ဓာတ်ပုံ-EPA)

ဒေသခံတစ်ဦးကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကရင်နီဘက်မှ စစ်ဘေးရှောင်များ လာရောက်ခိုလှုံနေသည့် ဆီဆိုင်မြို့နယ် နောင်ထော်ကျေးရွာသို့ စစ်တပ်က နှစ်ကြိမ်တိတိ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး လက်ရှိတွင် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ပြောသည်။

အမည်မဖော်လိုသည့် အထက်ပါ PNLO တာဝန်ရှိသူကလည်း လေယာဉ်က ဗုံး ၃ လုံး ကြဲခဲ့ပြီး ပေါက်ကွဲရာနေရာအနီး ရှိနေသော ကရင်နီစစ်ရှောင်တစ်ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း ဆိုသည်။

“ဗုံးကြဲတာက ၃ လုံးပါ၊ ကျွန်တော်တို့ဌာနချုပ်နဲ့နီးတော့ မနက်အစောကြီးကတည်းက အဆက်အသွယ်ရပါတယ်။ ဗုံးအကြီးလား အသေးလားတော့ မသိပါဘူး။ အထိအခိုက်က စစ်ဘေးရှောင်တစ်ဦးက အဲ့ဒီ ကျောက်တိုင်ကွင်းနား နီးနီးနားနားမှာ နေနေတဲ့တစ်ဦး ပွဲချင်းပြီး ထိခိုက်သွားပါတယ်” ဟု ထိုတာဝန်ခံအမျိုးသားက Myanmar Now ကို ယနေ့ ညနေတွင် ပြောသည်။

“(နောင်ထော်ရွာ) အဲ့ဒီနေရာက တိုက်ပွဲလည်း မဖြစ်ဘူး။ ကျွန်တော်တို့တပ်ဘက်ကလည်း ကြီးကြီးမားမား လှုပ်ရှားတဲ့ နေရာလည်း မဟုတ်ဘူး။ သွားသွားလာလာတော့ ရှိတယ်ပေါ့၊ ကျွန်တော်တို့ တပ်သားတွေ တောင်ယာပြောင်းတွေ စိုက်ထားတာမျိုးတော့ရှိတယ်။ တိုက်ပွဲလည်း ဘာမှ မရှိပါဘူး။ သေနတ်သံတစ်ချက်မှ တစ်ခါမှ မထွက်ခဲ့ရတဲ့ နေရာပါ။ ဘာကြောင့် လေယာဉ်နဲ့ လာကြဲသွားလဲဆိုတာ ကျွန်တော်တို့လည်း စဉ်းစားလို့လည်း မရပါဘူး” ဟု ထိုသူက ဆက်ပြောသည်။

စစ်ကောင်စီဘက်က ဇန်နဝါရီ ၂၀ ရက်နေ့ ညသန်းခေါင်တွင် ဟိုပုံးမြို့နယ်၊ စံဖူးရွာအနီး တိုက်ပွဲဖြစ်ပြီး လက်နက်ငယ်မျိုးစုံ ၅၀၄ လက်၊ RPG ၁၀ လက်၊ ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံး သိမ်းဆည်းရမိသည်၊ တိုက်ပွဲအနီး နေအိမ် ၂၇ လုံး မီးလောင်သည်ဟု ထုတ်ပြန်ခဲ့ပြီး PNLO တောင်ကြီးရုံးမှ ၃ ဦးကိုလည်း ခေါ်ယူမေးမြန်းခဲ့သည်။

ထိုသုံးဦးကို ယမန်နေ့ ညနေက ပြန်လွှတ်ပေးလိုက်ကြောင်း စစ်တပ်က ဗိုလ်မှူးကြီးခွန်ဥက္ကာထံ အကြောင်းကြားခဲ့သည်ဟု သိရသည်။

ဗိုလ်မှူးကြီးခွန်ဥက္ကာက PNLO သယ်ဆောင်လာသည့် လက်နက်များသည် ကရင်နီတော်လှန်ရေးအဖွဲ့များထံ သယ်ယူ ပို့ဆောင်သည်ဆိုသည့် သတင်းအမှားများကြောင့် စစ်တပ်က လာရောက်တားဆီး၍ နားလည်မှု အယူအဆလွဲခြင်းသာ ဖြစ်ကြောင်း ပြောသည်။

PNLO လှုပ်ရှားနယ်မြေအတွင်း ဗုံးမကြဲသင့်ကြောင်း ၎င်းက ဆိုသည်။

“သို့သော် တစ်ဖက် (စစ်တပ်) က ဒီလို နည်းနည်း မှတ်လောက်သားလောက်အောင် နည်းနည်းလုပ်အုန်းမှ၊ ဗုံးလေး ဘာလေး ချပြဦးမှ လုပ်ရင်တော့ ဒါက လောလောဆယ်အခြေအနေအရ မဖြစ်သင့်တာပေါ့လေ၊ ပေါ်လစီအရ မဖြစ်သင့်ဘူးပေါ့လေ“ ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

လက်နက်များသိမ်းဆည်းခဲ့ပြီး တိုက်ပွဲဖြစ်ခဲ့သော စံဖူးရွာအပါအဝင် ရွာ ၅ ရွာခန့်တွင် နေထိုင်သည့် ဒေသခံတို့ ထွက်ပြေးတိမ်းရှောင်နေပြီး စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) က ထိုနေရာသို့ ယမန်နေ့က သွားရောက်ကြည့်ရှုကာ ငွေကြေးထောက်ပံ့ခဲ့ကြောင်း ဒေသတွင်းသတင်းများတွင် ဖော်ပြထားကြသည်။

အလားတူ စစ်ကောင်စီကလည်း ​​အဆိုပါ မီးလောင်ခဲ့သည့်နေရာသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းဇော်မိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဇန်နဝါရီ ၂၂ တွင် ဆန်၊ လူသုံး ကုန်ပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းများနှင့် ထောက်ပံ့ငွေများ သွားရောက် ပေးအပ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

လက်နက်ကိုင်အင်အား အကြီးအကျယ် လိုအပ်နေသော စစ်ကောင်စီအတွက် ထိုဒေသသည် ပြည်သူ့စစ်အရေအတွက် အများအပြားရရှိနိုင်သော ဒေသများထဲတွင် ပါဝင်သည်။

အပစ်ရပ် လက်မှတ်ရေးထိုးထားသော ဗိုလ်မှူးကြီး ခွန်ဥက္ကာ ဦးဆောင်သော PNLO/PNLA သည် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ တက်ရောက်နေဆဲဖြစ်သည်။

ကရင်နီဒေသတိုက်ပွဲများ ပိုမိုပြင်းထန်လာချိန်တွင် PNLO/PNLA က ၂၀၂၃ နိုဝင်ဘာလဆန်းမှစ၍ နယ်မြေထိစပ်နေသော ရှမ်းပြည်နယ်တောင်ပိုင်းသို့ စစ်ရှောင်လာသည့် ကရင်နီဒေသခံများကို ကူညီပေးနေသည်။

Show More

Related Articles

Back to top button