သတင်း

လေတပ်၊ လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် ကျောက်တော်ဒေသခံ ၆ ဦး သေဆုံး

ကျောက်တော်မြို့ပေါ်မှ စစ်ရှောင်လာသူများရှိသည့်နေရာကို လေတပ်က တိုက်ခိုက်ရာ ၅ ဦး သေဆုံးသည်ဟု သိရသည်၊ စစ်တပ်ကမူ ၎င်းတို့ လက်ချက်မဟုတ်ဟု သတင်းထုတ်ထားသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ကျောက်တော်မြို့နယ်တွင် ယမန်နေ့ (ဇန်နဝါရီ ၁၇) က စစ်ကောင်စီ၏ လေတပ်နှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် အရပ်သား ၆ ဦး သေဆုံးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

လင့်စင်ရွာသစ်တွင် စစ်ရှောင်နေစဉ် သေဆုံးသူတို့မှာ ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်မှ ဒေါ်အေးအေးချေ (၅၀ နှစ်)၊ ဒေါ်ကျော့ကျော့ဝင်း (၄၀ နှစ်)၊ မြို့သစ်ရပ်ကွက်မှ ဦးစံသာကျော် (၇၀ နှစ်)၊ ဒေါ်မအေးနု (၅၇ နှစ်)၊ မငယ်ငယ် (၂၃ နှစ်) တို့ဖြစ်ပြီး သရက်တစ်ပင်ကျေးရွာတွင် သေဆုံးသူမှာ ၅၂ နှစ်အရွယ် ဦးစောလှထွန်း ဖြစ်သည်။

မြို့အရှေ့ဘက် ကုလားတန်မြစ်တစ်ဖက်ကမ်း သရက်တစ်ပင်ကျေးရွာတွင် သေဆုံးသူမှာ လက်နက်ကြီးစ ဝမ်းဗိုက်ထိမှန်ခြင်း ဖြစ်သည်ဟု ကျောက်တော်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

“ကျွန်တော်တို့မြို့နယ်အတွင်းမှာက တိုက်ပွဲဖြစ်နေတဲ့အချိန် မဟုတ်ဘဲ ပစ်ခတ်ခံရတာပါ၊ သရက်တစ်ပင်က တစ်ယောက်၊ ဝဲကြီးထောင့်က ငါးယောက်သေပြီး ဒဏ်ရာရသူလည်း အများအပြားရှိတယ်လို့ အဲ့ဒီရွာက မိတ်ဆွေတစ်ယောက်က လှမ်းပြောပြလို့ သိရပါတယ်” ဟု ထိုသူက ရွာခံများကို ကိုးကား၍ ဆိုသည်။

ဦးစောလှထွန်း သေဆုံးရခြင်းမှာ နံနက် ၆ နာရီခွဲခန့်က ကျောက်တော်မြို့အခြေစိုက် စကခ (၉) လက်အောက်ခံ အမှတ် (၃၇၆) ခြေမြန်တပ်ရင်းက ကျောက်တော်မြို့နှင့် အနီးအနားကျေးရွာများသို့ (၁၂၀) မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ သရက်တစ်ပင်ရွာဟောင်းသို့ ကျရောက်ပေါက်ကွဲသည့် လက်နက်ကြီးကျည်ကြောင့်ဖြစ်သည်ဟု မြောက်ပိုင်းမဟာမိတ်အဖွဲ့က ယမန်နေ့ညက ထုတ်ပြန်သည်။

သေဆုံးသူ ဦးစောလှထွန်း၏ နေအိမ်သို့ လက်နက်ကြီး ကျရောက်ထားစဉ်။ (ဓာတ်ပုံ- Arakan Princess Media)

ထို့နောက် ညနေ ၅ နာရီခန့်တွင် လေယာဉ်တစ်စီး လာရောက်ဗုံးကြဲခဲ့ရာ ကျောက်တော်မြို့ပေါ်မှ လာသည့် စစ်ဘေးရှောင်များ သေဆုံးသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အသက် ၁၀ နှစ်ဝန်းကျင် ယောကျ်ားလေးတစ်ဦး သေဆုံးသည်၊ ပီချောင်းဒေသ သဲပုံရွာတွင် နေအိမ် ၈ လုံး ပျက်စီးကာ ဒဏ်ရာရသူများလည်း ရှိသည်ဟု သတင်းထွက်နေသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။

ကျောက်တော်မြို့နယ်အတွင်း တိုက်ပွဲများ ဖြစ်နေကြောင်း၊ သို့သော်လည်း ဇန်နဝါရီ ၁၅၊ ၁၆၊ ၁၇ တို့တွင် ဖြစ်ပွားသော တိုက်ပွဲများမှာ မြေပြင်တပ်များ ရင်ဆိုင်တိုက်ခိုက်ကြခြင်း မဟုတ်ကြောင်း အထက်ပါ ကျောက်တော်ဒေသခံက ဆိုသည်။

“ကျောက်တော်ထဲမှာ တိုက်ပွဲတွေက မဖြစ်ဘူးမဟုတ်ဘူး…ဖြစ်နေတယ်။ ဒါပေမဲ့ မနေ့ကအထိဆို ၃ ရက်ရှိပြီ တိုက်ပွဲမဖြစ်တာ၊ အဲ့လိုတိုက်ပွဲမရှိဘဲနဲ့ကို စစ်တပ်က ရည်ရွယ်ချက်ရှိရှိကို အရပ်သားပြည်သူတွေကို ပစ်ခတ်ခဲ့တာ” ဟု သူက ပြောသည်။

စစ်တပ်၏ ငြင်းဆိုမှု

အာဏာသိမ်းစစ်ကောင်စီကလည်း ကျောက်တော်မြို့နယ် လက်နက်ကြီးပစ်ခတ်မှုမှာ ၎င်းတို့၏ လက်ချက်မဟုတ်ကြောင်း  ဇန်နဝါရီလ ၁၈ ရက်နေ့ ညနေပိုင်းတွင် သတင်းတို ထုတ်ပြန်ပြီး ငြင်းဆိုထားသည်။

ဇန်နဝါရီလ ၁၇ ရက်နေ့ ကျောက်တော်မြို့နယ် ပစ်ခတ်မှု၊ ဇန်နဝါရီ ၁၆ ရက်နေ့တွင် စစ်တွေမြို့နယ်၊ ဝါဘိုကျေးရွာ ပစ်ခတ်မှုတို့မှာ AA ၏ လက်ချက်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဇန်နဝါရီ ၁၇ တွင် ရသေ့တောင်အခြေစိုက် စစ်ကောင်စီတပ်စခန်းများက ရသေ့တောင်မြို့ပေါ် ရပ်ကွက်များ၊ ကျေးရွာများကို လက်နက်ကြီးနှင့် ပစ်ခတ်သည်၊ လေတပ်ကလည်း တိုက်ခိုက်ခဲ့သည်ဟု ညီနောင် ၃ ဖွဲ့ဘက်က ဆိုသည်။

ယင်းနေ့ ညပိုင်းအချိန်မှစတင်၍ ရသေ့တောင်မြို့ဝန်းကျင်ရှိ စစ်ကောင်စီအခြေစိုက်တပ်ရင်းများကို AA က ဝင်ရောက်တိုက်ခိုက်နေပြီး တိုက်ပွဲများပြင်းထန်နေသည်ဟု သိရသော်လည်း အသေးစိတ် မသိရသေးပေ။

မင်းပြားမြို့တွင်လည်း ယမန်နေ့က နံနက် ၁၁ နာရီခွဲအချိန်မှစတင်၍ လေယာဉ် ၃ စီးဖြင့် အပြင်းအထန် တိုက်ခိုက်ခဲ့သလို စစ်သင်္ဘောကလည်း လက်နက်ကြီးများ ပစ်ခတ်ခဲ့ရာ င/တန်းပျင်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲ၍ ရွာလုံးကျွတ်နီးပါး မီးလောင်သွားသည်ဟု ဒေသခံများထံမှ သိရသည်။

မင်းပြားမြို့သိမ်းနိုင်ရေးအတွက် ဇန်နဝါရီ ၁၀ ရက်ကတည်းက AA က ထိုးစစ်ဆင်နေရာ စစ်ကောင်စီက မြို့မကျစေရေးအတွက် ကြည်း၊ ရေ၊ လေ အပြင် အတွဲလိုက်ဒုံးများဖြင့်ပါ ပြင်းပြင်းထန်ထန် ခုခံနေသည်။

ရန်ကုန်-စစ်တွေ ကားလမ်းမဘေး၊ ကျောက်တော်မြို့နယ်၊ ကန်စောက်ရွာတောင်ခြေရင်းတွင် အခြေစိုက်သည့် စစ်ကောင်စီ ခြေမြန်တပ်ရင်း (၅၃၉) မှ တပ်ဖွဲ့ဝင် ၃၀၀ ကျော်သည် ဇန်နဝါရီ ၁၆ က AA ထံ လက်နက်ချခဲ့သည်။

AA သိမ်းယူထားသော ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် တောင်ဘက် ရခိုင်ပြည်နယ် ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့တို့တွင်လည်း တိုက်ပွဲများ ပြင်းထန်နေပြီး နယ်မြေအများစုကို AA က စိုးမိုးထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ မှစတင်၍ ချင်းပြည်နယ် ပလက်ဝနှင့် ရခိုင်ပြည်နယ်တို့တွင် “၁၀၂၇ စစ်ဆင်ရေး” AA နှင့် စစ်တပ်တို့ တိုက်ပွဲများ ပြင်းထန်လာရာ ရခိုင်အကူအညီပေးရေးအဖွဲ့များ၏ စာရင်းများအရ စစ်ရှောင်နေရသူ ၂ သိန်းကျော် ၃ သိန်းနီးပါးရှိလာကာ ယခင်စစ်ရှောင် ၆၀၀၀၀ ဝန်းကျင်လည်း ရှိနေသည်။

ကျောက်တော်မြို့နယ်အတွင်း လေကြောင်း၊ လက်နက်ကြီးများ တိုက်ခိုက်ခံရမှုနေရာပြ မြေပုံ။

Show More

Related Articles

Back to top button