သတင်း

ပြည်သူ့စစ်အဖွဲ့ဝင်ရန် လူစာရင်းမပေးသည့် ပဲခူးရိုးမ ရွာနှစ်ရွာ မီးရှို့ခံရ

ပေါင်းတည်တွင် ပြည်သူ့စစ်အဖွဲ့ဝင် အင်အား မရသော စစ်တပ်က အိမ် ၁၀၀ ကျော် မီးရှို့ခဲ့သည်ဟု တော်လှန်ရေးအဖွဲ့က ပြောသည်။ စစ်တပ်ကမူ သောင်းကျန်းသူများက ရှို့ခြင်းဖြစ်သည်ဟု တုံ့ပြန်သည်။

ဇန်နဝါရီ ၁၄ ရက်နေ့က ပဲခူးတိုင်းအနောက်ခြမ်း ပေါင်းတည်မြို့ ကျေးလက်ဒေသတွင် စစ်တပ်က မီးရှို့သဖြင့် အိမ်ခြေ ၁၀၀ ကျော် မီးလောင်သွားကြောင်း ဒေသခံ တော်လှန်ရေးသမားများထံမှ သိရသည်။

တပ်မ ၆၆ လက်အောက်ခံ အင်အား ၅၀ ခန့်ရှိသည့် စစ်ကြောင်း ရောက်ခဲ့သည့် မြို့မြောက်ဘက် ပဲခူးရိုးမတောင်ခြေရှိ မအူကွင်းရွာတွင် အိမ် ၃၃ လုံး၊ တောင်ခမောက်ရွာတွင် အိမ် ၇၂ လုံး မီးလောင်ခဲ့ပြီး လူဦးရေ ၄၀၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကာ ဒေသခံများသည် နီးစပ်ရာ တောတောင်များထဲသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

ပြည်သူ့စစ်ဖွဲ့စည်းရန် ရည်ရွယ်ချက်ဖြင့် ရွာစဉ်လှည့်ပြီး စာရင်းကောက်နေသည့် စစ်တပ်က ထိုရွာများတွင် စာရင်း ကောက်ယူနိုင်ခြင်း မရှိဟု သိရကြောင်း ပေါင်းတည် ပြည်သူ့ကာကွယ်ရေးတပ် ၃၆၀၁ တပ်ရင်း ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေးတာဝန်ခံက ဆိုသည်။

“ပြည်သူ့စစ်လို့ အမည်ခံထားတဲ့ ပျူစောထီးဖွဲ့ဖို့က အဲ့ဒီရွာတွေက လူစာရင်း မပေးဘူး။ အဲ့ဒါကြောင့် ရွာကို မီးတင်ရှို့သွားတာ” ဟု အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။

ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် မအူကွင်းရွာသို့ စစ်တပ် ဝင်လာကာ နေ့လယ်ပိုင်းတွင် မီးရှို့သည်၊ ကပ်လျက်တည်ရှိသည့် တောင်ခမောက်ရွာကို ညနေပိုင်းတွင် ရောက်ရှိကာ မီးရှို့သည်ဟု ဆိုသည်။

စစ်ကောင်စီကမူ ထိုအမှုနှင့် ပတ်သက်ပြီး နောက်တစ်နေ့တွင် သတင်းထုတ်ပြန်ကာ ငြင်းဆိုထားသည်။

တော်လှန်ရေးအဖွဲ့ အမည်ခံ သောင်းကျန်းသူများက “မီးရှို့ဖျက်ဆီး” ခြင်းသာဖြစ်ကြောင်း “သက်ဆိုင်ရာနယ်မြေမှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး” ဆိုသူကို ကိုးကားပြီး စစ်ကောင်စီတပ်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပဒက်မြောင်နှင့် ကိုင်းကွင်းရွာသို့လည်း စစ်သားများ ရောက်ရှိနေပြီး အိမ်ထောင်စုစာရင်းများ တောင်းခံနေသည်၊ မည်သည့်အတွက်ကြောင့် တောင်းခံခြင်းဖြစ်ကြောင်းကိုမူ စုံစမ်း၍ မရသေးပေ။

မီးရှို့ခံရသည့် ရွာများ၊ အိမ်ထောင်စုစာရင်း တောင်းခံရသည့် ရွာများသည် မြို့မြောက်ဘက် မိုင် ၂၀ ခန့်အကွာ ပဲခူးရိုးမနှင့် ကပ်လျက်တွင် တည်ရှိသည့် ရွာငယ်များဖြစ်ပြီး စစ်တပ်က ထိုရွာများကို တော်လှန်ရေးအဖွဲ့များကို ကူညီထောက်ပံ့မှုစွဲချက်ဖြင့် သွားရောက် မီးရှို့ ဖျက်ဆီးလေ့ရှိသည်ဟု သိရသည်။

ဇန်နဝါရီလဆန်းမှစပြီး ပဲခူးတိုင်းအတွင်း ပြည်သူ့စစ် ဖွဲ့စည်းရန် အပူတပြင်း လုပ်ဆောင်လာနေသည့် စစ်တပ်က ကျေးရွာတစ်ရွာလျှင် လူ ၃၀ ခန့် ပြည်သူ့စစ်ထဲ ဝင်ရောက်ရမည်ဟု ဆိုကာ အတင်းအကျပ် ဖိအားပေး ဆောင်ရွက်နေသလို လူအင်အား မပေးနိုင်သည့် ရွာများထံမှ ခြိမ်းခြောက် ငွေတောင်းခံခြင်းများ ရှိနေကြောင်း သိရသည်။

ပေါင်းတည်၊ နတ်တလင်း၊ ပြည်၊ ပေါက်ခေါင်း စသည့် မြို့နယ်များတွင်လည်း ပြည်သူ့စစ်အဖွဲ့အတွက် လူစုဆောင်းရန် အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ခိုင်းစေနေကြောင်း ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF ၏ ပြန်ကြားရေး တာဝန်ခံ ကိုဝေယံက ပြောဆိုထားသည်။

အာဏာသိမ်းထားသည့် ၃ နှစ်အတွင်း နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်ထားရသည့် စစ်ကောင်စီတပ်သည် လက်နက်ကိုင်အင်အား လိုအပ်သဖြင့် ပြည်သူ့စစ်အဖွဲ့များကို ဒေသအသီးသီးတွင် ဖွဲ့စည်းလျက်ရှိသည်။

ဤအတောအတွင်း တပ်မှ အကြောင်းအမျိုးမျိုးကြောင့်  ထွက်ပြေးသူ၊ လက်နက်ချသူ များပြားလာသည့်အပြင် သေဆုံး ဒဏ်ရာရသူလည်း များပြားလာနေသည်။

Show More

Related Articles

Back to top button