
မွန်ပြည်နယ်၊ ကျိုက်မရောအကျဉ်းထောင်တွင် အချိန်မီ ဆေးကုသခွင့်မရသည့်အတွက် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း နိုင်ငံရေးအကျဉ်းသားတစ်ဦး သေဆုံးပြီးနောက် ယနေ့ (ဇန်နဝါရီ ၁၆) နံနက်ပိုင်းတွင်လည်း နောက်တစ်ဦး အလားတူဖြစ်ရပ်နှင့် ရင်ဆိုင်လိုက်ရကြောင်း လူ့အခွင့်အရေးအဖွဲ့များက ပြောသည်။
မီးသတ်တပ်ဖွဲ့ဝင် အသက် ၃၁ နှစ်အရွယ် ကိုပြည့်ဖြိုးအောင် နံနက် ၁ နာရီတွင် သေဆုံးသွားသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) တာဝန်ရှိသူတစ်ဦးက ပြောသည်။
“လေအောင့်တယ်ဆိုပြီး၊ အောက်ဆီဂျင်ပိုက်တပ်ပြီး အပြင်ထုတ်တာ အပြင်ဆေးရုံမှာ ဆုံးသွားတယ်” ဟု သူက ပြောသည်။
“ထောင်မှာက ဆေးရုံအုပ်ရှိတယ်၊ အချိန်ပြည့် မနေဘူး၊ ကျိုက်မရောထောင်က ဆေးကုသမှုမရတာ အတော် အခြေအနေဆိုးနေပြီ”
အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ထားသူ ကိုပြည့်ဖြိုးအောင်သည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလက ကရင်ပြည်နယ်၊ ဘားအံမြို့နယ် သံလွင်တံတားထိပ်တွင် အဖမ်းခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ပုဒ်မ ၅၂ (က)ဖြင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရသူဖြစ်သည်ဟု သိရသည်။
ဇန်နဝါရီ ၁၂ ရက်နေ့က သေဆုံးသူမှာ ထောင်ဒဏ်တစ်သက်ချခံထားရသူ အသက် ၄၆ နှစ်အရွယ် ကိုရာရှင်(ခ)ဟာရှင် ဖြစ်သည်။
စစ်ကြောရေးစခန်းတွင် ရရှိသည့်ဒဏ်ရာများကြောင့် ကျိုက်မရောထောင်တွင်းဆေးရုံသို့ မကြာခဏ တက်ရောက်ခဲ့ရသည်၊ အသည်းအသန်ဖြစ်နေချိန် ပြင်ပဆေးရုံသို့ ပို့ဆောင်ကုသပေးရန် နှောင့်နှေးခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ထားသည်။
“ပြီးခဲ့တဲ့နှစ် နိုဝင်ဘာထဲက သူ ရင်ဘတ်တွေ အောင့်နေတယ်၊ စစ်ကြောရေးမှာလည်း အတွင်းကြေဒဏ်ရာတွေ အတော်လေးရထားတယ် သိရတယ်၊ ထောင်ဆရာဝန်တွေလာတိုင်း သူ့ကိုကုပေးဖို့ တင်ပြတယ်၊ မနိုင်တဲ့အဆုံးမှ ခေါ်ထုတ်သွားတယ်” ဟု PPNM တာဝန်ခံ ကိုသိုက်ထွန်းဦးက ပြောသည်။
ကျိုက်မရောမြို့နယ်၊ မုဆိုးကျွန်းရွာသား ကိုရာရှင်သည် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀-ဈ၊ ၅၁ -ဂ၊ ၅၂-က၊ ၅၄ ပုဒ်မတို့ဖြင့် ထောင်ချခံရခြင်းဖြစ်သည်ဟု သိရသည်။
အကျဉ်းထောင်များအတွင်း လုံလောက်သော ကုသမှုပေးရန်၊ အရေးကြီးလူနာများကို အချိန်မနှောင်းမီ ပြင်ပဆေးရုံသို့ ပို့ဆောင်ရန် PPNM က တောင်းဆိုထားသည်။
၂၀၂၃ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင် ၇ ခုတွင် လုံလောက်သည့် ဆေးဝါးကုမှုမရ၍ သေဆုံးရသည့် နိုင်ကျဉ်း အရေအတွက် ၁၇ ဦး ရှိသည်ဟုလည်း PPNM စာရင်းတွင် ဖော်ပြထားသည်။
ဆေးဝါးကုသမှုမရသဖြင့် သေဆုံးသည့် အကျဉ်းသားများနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းအမှောင်ချထားသည်။
စစ်ကောင်စီ၏ လူ့အခွင့်အရေးကော်မရှင်က အကျဉ်းထောင်တချို့ကို သွားရောက် စစ်ဆေးနေရာ ကျိုက်မရောထောင်ကို ၂၀၂၂ ဇွန် ၁၅ ရက်နေ့က ရောက်ခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။
စစ်တပ်က အာဏာသိမ်းမှု ဆန့်ကျင်သူများ၊ နိုင်ငံရေးသမားများကို ပစ်မှတ်ထားနေသလို တော်လှန်ရေးအဖွဲ့နှင့် ဆက်စပ်သည်ဟု ယူဆရသူများကိုပါ နိုင်ငံအနှံ့တွင် နေ့စဉ် ဖမ်းဆီးလျက်ရှိရာမှ နိုင်ငံရေးအကျဉ်းသားအရေအတွက် သောင်းဂဏန်း ရှိလာသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ၃ နှစ်အတွင်း ကျဉ်းသားပေါင်း ၉၀,၀၀၀ နီးပါးကို ပြန်လွှတ်ပေးခဲ့ရာ ထိုအထဲမှ ၇ ရာခိုင်နှုန်းခန့်မှာ လွတ်ရက်စေ့တော့မည့် နိုင်ကျဉ်းများ ဖြစ်သည်။