
ကရင်ပြည်နယ် ဖာပွန်မြို့နယ်တွင် ကျောင်းအုပ်ဆရာတစ်ဦးကို ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ဖွဲ့ဝင်များက ဖမ်းဆီးထားမှုနှင့် ပတ်သက်၍ ဌာနချုပ်က မသိရှိသေးဘဲ စုံစမ်းနေဆဲဖြစ်သည်ဟု KNU ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောသည်။
“ဖြစ်စဉ်ကို သေချာသိရမှ ဘယ်လိုဆောင်ရွက်မယ်ဆိုတာကို ဆုံးဖြတ်လို့ရမှာ။ အခုက ဖမ်းသလား၊ ဆင့်ခေါ်သလားဆိုတာကို အတိအကျတော့ မသိရသေးဘူး။ ကျွန်တော်ကြားတာကတော့ ဆင့်ခေါ်ပြီး ပြန်လွှတ်ပေးလိုက်ပြီလို့လည်းပြောတယ်။ အသေအချာသိရမှ ပြောလို့ရမယ်” ဟု ၎င်းက Myanmar Now ကို ယနေ့ (အောက်တိုဘာ ၂၇) တွင် ပြောသည်။
ကရင်ပြည်နယ် ဖာပွန်မြို့နယ် မထောကျေးရွာက မူလတန်းကျောင်းအုပ်ဆရာ ဦးမြင့်ဇော်ကို KNU က ဖမ်းဆီးသွားပြီး အောက်တိုဘာ ၂၁ ရက်တွင် ထိကော်ထကျေးရွာ၌ အဆိုပါကျောင်းအုပ်ဆရာ၏သားနှင့် ပြန်လည်လဲလှယ်ပြီး KNU တပ်သားအဖြစ် စုဆောင်းရန် ဆောင်ရွက်ခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ယမန်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါကျောင်းအုပ် ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ အောက်ခြေမှ တင်ပြလာခြင်း မရှိသေးဘဲ တပ်မတော်၏ထုတ်ပြန်ချက်နှင့် ကန့်ကွက်စာများကြောင့်သာ သိရသည့်အတွက် စုံစမ်းနေသည်ဟု ပဒိုစောကွယ်ထူးဝင်းက ပြောသည်။
တပ်သားသစ်စုဆောင်းခြင်းနှင့် ပတ်သက်၍ KNU အဖွဲ့အနေဖြင့် မူဝါဒချမှတ်ထားခြင်း မရှိဘဲ မိမိဆန္ဒအလျောက် ဝင်ရောက်လာသည့် တပ်သားသစ်များကို ဝင်ခွင့်ပြုထားသည်ဟုလည်း ၎င်းက ပြောသည်။
ကရင်ပြည်နယ် ဖာပွန်ခရိုင်သည် KNU တပ်မဟာ ၅ လှုပ်ရှားရာဒေသဖြစ်ပြီး ကရင်ပြည်နယ်မြောက်ပိုင်း၊ ကရင်ပြည်နယ်အရှေ့မြောက်ပိုင်းနှင့် ကယားပြည်နယ်နှင့် ဆက်စပ်သည့် ဒေသများတွင်ပါ လှုပ်ရှားလေ့ရှိသည်။
ကရင်ပြည်နယ်အတွင်း တပ်မတော်နှင့် KNU တို့ မကြာခဏ ထိတွေ့တိုက်ပွဲများဖြစ်ပွားလေ့ရှိပြီး အောက်တိုဘာ ၁၇ ရက်က ဖာပွန်မြို့နယ် ရှေ့တန်းတပ်စခန်းတစ်ခုသို့ မဲပုံးလာရောက်ပို့ဆောင်သည့် တပ်မတော် ရဟတ်ယာဉ်တစ်စီးကို KNU က ခြောက်လှန့်ပစ်ခတ်ခဲ့သည်။
မဲပုံးလာရောက်ပို့ဆောင်မည့်အကြောင်း ကြိုတင်အကြောင်းကြားထားခြင်း မရှိသည့်အပြင် မိမိတို့ တပ်စခန်းနှင့် နီးကပ်နေသည့်အတွက် မိမိကိုယ်ကို ကာကွယ်သည့်အနေဖြင့် ခြောက်လှန့်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု KNU က အောက်တိုဘာ ၂၀ ရက်တွင် ထုတ်ပြန်ထားသည်။
KNU သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်ပြီး အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို အကြိမ်ပေါင်းများစွာ ပြုလုပ်ထားသည့် အဖွဲ့လည်းဖြစ်သည်။
ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး NCA စာချုပ်ပါ အချက်ကို ဖောက်ဖျက်သည့်အတွက် ကျောင်းအုပ်ဆရာ ဦးမြင့်ဇော်ကို အမြန်ဆုံးပြန်လွှတ်ပေးရန် KNU ဗဟိုကို ကန့်ကွက်စာပို့ထားသလို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ကိုလည်း အကြောင်းကြားထားသည်ဟု တပ်မတော်၏ ထုတ်ပြန်ချက်က ဆိုသည်။