
မြောက်ပိုင်းမဟာမိတ်အဖွဲ့ ဝိုင်းပတ်ပိတ်ဆို့မှုခံနေရသည့် စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အခြေစိုက်ရာ လားရှိုးမြို့တွင် မြို့သိမ်းတိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်၍ ယခုလဆန်းမှစတင်ကာ မြို့မှ ထွက်ခွာနေကြသည်ဟု ဒေသခံအချို့က ပြောသည်။
“၁၀၂၇ စစ်ဆင်ရေး” စတင်ပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့ကြီးများ တစ်မြို့ပြီးတစ်မြို့ မြောက်ပိုင်းသုံးဖွဲ့၏ ထိန်းချုပ်မှုအောက် ကျရောက်ခဲ့ပြီးနောက် ပြည်နယ်မြို့တော် လားရှိုးမှာလည်း ဝိုင်းပတ်ပိတ်ဆို့ခံထားရသည့်အခြေအနေတွင် ရောက်ရှိနေသည်။
လားရှိုးမြို့၏ အနီးဆုံးမြို့များဖြစ်သည့် နမ္မတူ၊ ကွတ်ခိုင်နှင့် သိန္နီမြို့များကို မြောက်ပိုင်းသုံးဖွဲ့က ထိန်းချုပ်လိုက်ပြီးနောက်တွင် နောက်ထပ် စစ်ရေးပစ်မှတ်မှာ လားရှိုးမြို့ဖြစ်လာနိုင်သည်ဟု ဒေသခံများက ယူဆနေကြသည်။
ကွတ်ခိုင်နှင့် သိန္နီမြို့တို့ သိမ်းပိုက်ခံရသည့် ဒီဇင်ဘာ ၇ ရက်နောက်ပိုင်း မြို့ပေါ်ရှိ တပ်မိသားစု၊ ဝန်ထမ်းမိသားစုနှင့် ငွေကြေးတတ်နိုင်သည့် ဒေသခံအချို့မှာ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးစသည့် မြို့များသို့ ပြောင်းရွှေ့သွားကြသည်ဟု လားရှိုးမြို့ခံ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
“ဒေသခံတွေ တော်တော်လေးပြောင်းရွှေ့သွားကြတယ်။ ကိုယ့်ရဲ့မျက်စိရှေ့မှာပေါ့ ကိုယ့်အိမ်နီးနားချင်းတစ်ဝိုက်ကလူတွေ တော်တော်လေး ပြောင်းသွားကြတယ်၊ စစ်ဖြစ်တော့မှာ ဆိုပြီးမှ ကြောက်ကြတဲ့အခါကျတော့လေ စစ်ဖြစ်မယ်ဆိုတဲ့သတင်းတွေကြားတယ်၊ လားရှိုးကို သိမ်းမယ် ဘာညာပေါ့လေ အဲဒီလိုမျိုးသတင်းတွေ ကြားတဲ့အခါကျတော့ တော်တော်လေးကို အပြောင်းအရွှေ့ရှိသွားတယ်”
“ငွေကြေးတတ်နိုင်တဲ့သူ တော်တော်များများကတော့ ပြောင်းသွားတယ်။ မနက်ဘက် လမ်းထွက်လျှောက်ရင် ခြံတံခါးတွေ အပြင်ကနေ သော့ခတ်ပြီး လူမရှိတော့တဲ့ပုံစံမျိုး အိမ်တွေတော်တော်များတယ်”
ထို့ပြင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အတွင်းမှ မိသားစုလိုက် ထွက်ခွာသွားသူများကိုလည်း တွေ့ရသူများရှိသည်ဟု ဒေသခံအချို့က ပြောသည်။
တပ်မိသားစုနှင့် ငွေကြေးတတ်နိုင်သူအချို့က အခြားမြို့ကြီးများသို့ တိမ်းရှောင်သွားကြသော်လည်း အချို့သော ငွေကြေးမတတ်နိုင်သည့် ဒေသခံအချို့ကမူ စစ်ကောင်စီတပ်များမရှိသည့် နီးစပ်ရာ ကျေးရွာများသို့ တိမ်းရှောင်သည်ဟု သိရသည်။
လားရှိုးမှ ထွက်ခွာရာတွင် ရှမ်းပြည်နယ်တောင်ပိုင်းမြို့နယ်များဖြစ်သည့် မိုင်းရယ်၊ ကျေးသီး၊ မိုင်းကိုင် စသည့် မြို့များကို ဖြတ်ကျော်ပြီး ရွာငံမှတစ်ဆင့် မန္တလေးမြို့သို့ သွားကြသူများရှိသလို တောင်ကြီးမြို့မှတစ်ဆင့် ကလောကို ဖြတ်ပြီး ရန်ကုန်သွားကြသူများလည်းရှိသည်ဟု သိရသည်။
လားရှိုးမြို့မှ ထွက်ခွာသွားကြသူများတွင် ကုလသမဂ္ဂအဖွဲ့အစည်းတချို့၊ NGO အချို့မှ အထက်အရာရှိအချို့နှင့် နိုင်ငံခြားသားပညာရှင်အချို့လည်း ဇန်နဝါရီလဆန်းက လားရှိုးမြို့မှ ထွက်ခွာသွားသည်ဆိုသည့် သတင်းများထွက်ပေါ်ခဲ့သည်။
လားရှိုးမြို့ရှိ INGO, NGO အဖွဲ့အစည်းများနှင့် နီးစပ်သူလည်းဖြစ်သည့် အထက်ပါ အသက် ၃၀ ကျော်အရွယ် မြို့ခံအမျိုးသမီးက ထိုသို့ထွက်ခွာသွားသည့် အဖွဲ့နှစ်ဖွဲ့မှာ INGO တစ်ဖွဲ့နှင့် ဒေသတွင်းအခြေစိုက် NGO တစ်ဖွဲ့တို့ ဖြစ်ကြောင်းအတည်ပြုသော်လည်း အဖွဲ့အမည်ကိုတော့ ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။
“ကျွန်မရဲ့ မိသားစုဝင်အချို့တွေ လုပ်ကိုင်နေတဲ့ တချို့ရုံးတွေပေါ့နော်၊ အဲဒီက အကြီးအကဲပိုင်းတွေ ထွက်ခွာသွားတယ်၊ နိုင်ငံခြားသားပညာရှင်တွေ ထွက်ခွာသွားတယ်ဆိုတဲ့ သဘောရှိတယ်။ ရုံးတွေကိုတော့ ပိတ်ချလိုက်တာကြီး မရှိသေးပေမဲ့လည်း ရုံးဝန်ထမ်းတွေ အိမ်ကနေပြီးတော့မှ အလုပ်လုပ်ကြတာတွေ တွေ့ရတယ်။ ရုံးကလည်း သူတို့ကို လားရှိုးကနေ ရှောင်နေဖို့ ပြောတာကိုလည်း ကြားရတယ်” အထက်ပါ လားရှိုးမြို့ခံ အမျိုးသမီးက ပြောသည်။
လားရှိုးမြို့ပေါ်က အဖမ်းအဆီးများ
လားရှိုးမြို့ပေါ်မှာတော့ ပုံမှန်အတိုင်းပင် သွားလာလှုပ်ရှားလျက်ရှိကြပြီး အစိုးရစာသင်ကျောင်း၊ ပုဂ္ဂလိကစာသင်ကျောင်းနှင့် ဈေးများလည်း ပုံမှန်အတိုင်းပင် ဖွင့်လှစ်ရောင်းချနေကြသော်လည်း စိုးရိမ်မှုများရှိနေသည်ဟု ဒေသခံအချို့က ပြောသည်။
သို့သော် ရွှေဆိုင်နှင့် အချို့ဈေးဆိုင်ခန်းများ ပိတ်ထားကြသလို မြိုပေါ်တွင် သွားလာနေကြသူများမှာလည်း စိုးရိမ်စိတ်များဖြင့် သတိထားသွားလာနေကြရသည်ဟု လားရှိုးမြို့ရှိ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ဒီမှာကတော့ သူ့ဟာနဲ့ သူကတော့ သွားလာနေကြတာပဲ၊ ဒါပေမဲ့ ပါးသွားတာပေါ့ဗျာ။ စိုးရိမ်စိတ်နဲ့ကတော့ ပါးသွားကြတာပေါ့။ ဈေးကြီးတွေဘာတွေလည်း ဖွင့်ပါတယ်၊ စာသင်ကျောင်းတွေလည်း ဖွင့်ပါတယ်။ ခါတိုင်းလိုပါပဲ ဒါပေမဲ့ စိုးရိမ်စိတ်တွေတော့ ရှိကြတာပေါ့ဗျာ၊ အဲဒီစိုးရိမ်စိတ်နဲ့ပဲ သွားလာလှုပ်ရှားနေကြတာပေါ့” ဟု အဆိုပါ အမျိုးသားက ဆိုသည်။
လားရှိုးမြို့ကို ထိန်းချုပ်ထားနိုင်ဆဲဖြစ်သည့် စစ်ကောင်စီတပ်က မြို့ပေါ်ရှိ ရပ်ကွက်များနှင့် နေအိမ်များအတွင်း အမှတ်မထင် စီးနင်းရှာဖွေမှုများ ပြုလုပ်နေပြီး ဖမ်းဆီးခံရသူများလည်း ရှိနေသည်ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) ၏ တာဝန်ခံ အမျိုးသမီးက ပြောသည်။
“စစ်ဆေးမှုတွေများတယ်၊ ဖမ်းခံရတာတွေလည်း များတယ်လို့ ကြားရတယ်။ တိတိကျကျမသိရပေမဲ့ လူငယ်အချို့ ဖမ်းခံရတယ်။ တချို့က တစ်ညတည်းနဲ့ ပြန်လွတ်ပေမဲ့ တချို့က ဖမ်းပြီးမှ ပြန်မလွတ်သေးတာတွေလည်း ရှိတယ်” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။
TWO ၏ အချက်အလက်များအရ လားရှိုးမြို့တွင်း စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံထားရသူ လူငယ် အမျိုးသား၊ အမျိုးသမီး အယောက် ၂၀ ဝန်းကျင်ခန့်ရှိပြီး အချို့မှာ သတင်းအစအနပျောက်ကာ မိသားစုနှင့် အဆက်အသွယ်ပြတ်နေသည်ဟု သိရသည်။
ဖမ်းခံထားရသူအများစုမှာ လားရှိုးမြို့ခံမဟုတ်ဘဲ အခြားမြို့နယ်များမှ လာရောက်နေထိုင်ကာ အလုပ်လုပ်နေသူများမှာ အများစုဖြစ်သည်ဟု သိရသည်။
လားရှိုးမြို့ပေါ်သို့ ရောက်ရှိနေသည့် စစ်ရှောင်တချို့လည်း ပြီးခဲ့သည့်ရက်ပိုင်းတွင်း တိုက်ပွဲများ ငြိမ်သက်သွားသည့်အတွက် နမ့်ဆန်၊ မန်တုံနှင့် နမ္မတူမြို့များမှ စစ်ရှောင်များ နေရပ်ပြန်သွားကြပြီဟု သိရသည်။

လားရှိုးမြို့လယ်ရှိ နာမည်ကျော် မန်ဆူဘုန်းကြီးကျောင်းဝန်းထဲတွင် စစ်ရှောင်များကျန်ရှိနေသေးသည်ဟု သိရသည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လားရှိုးမြို့သို့ ပြီးခဲ့သည့် ဇန်နဝါရီ ၁၀ ရက်က ရောက်ရှိစဉ် မန်ဆူဘုန်းကြီးကျောင်းသို့ သွားကာ စစ်ဘေးရှောင်များနှင့် တွေ့ဆုံပြီး ၎င်းတို့ဒေသများကို ငြိမ်းချမ်းအောင် ပြုလုပ်ပေးမည်ဟု ပြောခဲ့သည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မရောက်မီ ဇန်နဝါရီတစ်ရက်တွင် လားရှိုးမြို့ကြီး အေးချမ်းနေပြီ ဖြစ်ကြောင်း မကြာခင် အခြားဒေသများလည်း အေးချမ်းသွားမည်ဖြစ်ကြောင်း ပြောနေသည့် ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည်။
သို့သော် လားရှိုးမြို့ကို ရောက်ရှိနေသည့် စစ်ရှောင်များက မြို့သိမ်းတိုက်ပွဲ ကြုံလာရနိုင်သောကြောင့် မြို့မှ ထပ်မံတိမ်းရှောင်နေကြရသည်ဟု ဒေသခံအချို့က ပြောသည်။
မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီး၏ မြောက်ဘက်တွင် ရှိသည့် မြို့အားလုံးနီးပါးမှာ TNLA ၏ သိမ်းပိုက်ခြင်း ခံထားရသလို အဆိုပါ ပြည်ထောင်စုလမ်းမကြီး၏ ရာခိုင်နှုန်းအများစုကိုလည်း မြောက်ပိုင်းမဟာမိတ်အဖွဲ့များက ထိန်းချုပ်ထားကြသည်။
လားရှိုးမြို့၏ အနောက်မြောက်ဘက် ၄၂ မိုင်ခန့်အကွာရှိ နမ္မတူမြို့ကို ဒီဇင်ဘာ ၂၈ ရက်တွင် TNLA က သိမ်းပိုက်လိုက်သလို လားရှိုးမြို့၏ မြောက်ဘက် မိုင် ၃၀ ခန့်အကွာတွင် ရှိသည့် သိန္နီမြို့နှင့် ကွတ်ခိုင်မြို့တို့ကို ဇန်နဝါရီ ၇ တို့တွင် သိမ်းပိုက်ထားသည်။
ထို့ကြောင့် စစ်ကောင်စီတပ်များက သီပေါမြို့သို့ TNLA တပ်များ အလွယ်တကူမဝင်နိုင်ရန် သီပေါနှင့် နမ္မတူမြို့ ကြားရှိ အရေးပါသည့် မိုးတေတံတားကို မိုင်းခွဲဖျက်ဆီးခဲ့သည်။
ထို့ပြင် လားရှိုးနှင့် နမ္မတူမြို့ကို ဆက်သွယ်ထားသည့် အီနိုင်းတံတားကိုလည်း ဇန်နဝါရီ ၁ ရက်တွင် ဖျက်ဆီးလိုက်ပြီး နမ္မတူမှ တပ်ဆုတ်လာသည့် စစ်ကောင်စီတပ်များမှာ လားရှိုးမြို့တွင် စုစည်းခဲ့ကြသည်ဟု ဒေသခံတချို့က ပြောသည်။

လားရှိုးမြို့၏ အနောက်တောင်ဘက် ၄၅ မိုင်ခန့်အကွာတွင် ရှိသည့် သီပေါမြို့နှင့် ဆက်သွယ်ထားသည့် စဉ့်အင်းတံတားမှာလည်း မိုင်းခွဲဖျက်ဆီးခြင်းခံထားရသည်။
ညီနောင်မဟာမိတ်သုံးဖွဲ့က ရှမ်းမြောက်တွင် ၎င်းတို့သိမ်းယူရန် ကျန်နေသည့် တပ်စခန်းနှင့် မြို့ကြီးတချို့ ကျန်နေသေးကြောင်း ဇန်နဝါရီ ၉ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည့်အတွက် ကူကယ်ရာမဲ့ ထီးထီးကြီးတည်ရှိနေသည့် လားရှိုးမြို့မှာလည်း မြောက်ပိုင်းမဟာမိတ်အဖွဲ့၏ အချိန်မရွေး ထိုးစစ်ဆင်သိမ်းပိုက်ခြင်းကို ခံရနိုင်သည်ဟု ဒေသခံများက သုံးသပ်နေကြသည်။
စစ်ကောင်စီတပ်က တံတားများ မိုင်းခွဲဖျက်ဆီးပြီးနောက် ခံစစ်ပြင်သည့်အနေဖြင့် လားရှိုးမြို့မှ သိန္နီမြို့ဘက်သို့ ထွက်သည့် မြို့ပြင် မိုင်အနည်းငယ်ခန့်အကွာတွင် အခိုင်အမာခံစစ်ပြင်ထားသည်ဟု လားရှိုးဒေသခံအချို့က ပြောသည်။
“ခံစစ်ကို တော်တော်လေးလုပ်ထားတယ်၊ သံချပ်ကာကားတွေနဲ့ အသွားအလာတွေ ပိတ်ဆို့တာပေါ့၊ မြို့ဝင်မြို့ထွက်ကို တော်တော်လေး ကြပ်မတ်တဲ့ သဘောလေးတော့ရှိတယ်။ သိန္နီဘက်အထွက်ကို တော်တော်လေး တင်းကျပ်တဲ့ သဘောရှိတယ်။ သူတို့ထင်တာက ဟိုဘက်ကနေ စစ်ကြောင်းထိုးလာမယ်လို့ ထင်တယ်” ဟု လားရှိုးမြို့ခံ အမျိုးသမီးက ပြောသည်။
သို့သော် မြို့တွင်း၌ ကင်းလှည့် သွားလာခြင်းများ လျော့နည်းသွားပြီး ရံဖန်ရံခါ စစ်ကားအချို့ကို တွေ့ရသည်မှ လွဲ၍ မြို့တွင်း၌ စစ်ကောင်စီတပ်များကို တွေ့ရနည်းလာသည်ဟု သိရသည်။
လားရှိုးလေဆိပ်အနီးတည်ရှိသည့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ) အနီးအနားနှင့် စကခ (၁၆) လက်အောက်ခံ လားရှိုးအခြေစိုက်တပ်များဖြစ်သည့် ခမရ (၅၂၂)၊ ခမရ (၅၀၇) နှင့် ခလရ (၆၈) တပ်များအနီးတွင် လုံခြုံရေး တင်းကျပ်ထားသည်ဟု သိရသည်။
ထို့ပြင် လားရှိုးမြို့တွင်းရှိ စစ်ကောင်စီတပ်မှ မြို့အနီးဝန်းကျင်များကို လက်နက်ကြီးများဖြင့် ညတိုင်းနီးပါး ပစ်ခတ်နေသလို (ဇန်နဝါရီ ၁၁) ယမန်နေ့ညကလည်း လက်နက်ကြီးအကြိမ်ရေ အတော်များများ ပစ်ခတ်သံများကို တစ်မြို့လုံးနီးပါး ကြားနေရသည်ဟု မြို့ခံအချို့က ပြောသည်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့ကလည်း လားရှိုးမြိုတွင်းရှိ စစ်ကောင်စီတပ်များ တပ်စွဲထားသည့်နေရာများအနီးမှ လူနေအိမ်များကို စစ်တပ်နှင့် ဝေးရာကို ရွှေ့ပြောင်းထားကြရန် သတိပေးထားကြောင်း ဆိုသည်။
ရှမ်းမြောက်မြို့သိမ်းတိုက်ပွဲများကို ဦးဆောင်နေသည့် တအာင်းတပ်မတော် (TNLA) က ယမန်နေ့အထိ လားရှိုးမြို့အနီး တိုက်ပွဲများ မဖြစ်ပွားသေးဘဲ မိုးမိတ်၊ သီပေါနှင့် နောင်ချိုမြို့နယ် ကျောက်မဲလေးရွာတို့တွင်သာ တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု ပြောသည်။
သို့သော် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ်များနှင့် လက်နက်ကြီးများအသုံးပြုပြီး လားရှိုးမြို့အနီးဝန်းကျင်ရှိ အရပ်သားပစ်မှတ်များကို တိုက်ခိုက်မှုများရှိနေသည်ဟု TNLA ပြန်ကြားရေးရုံးတာဝန်ခံ အမျိုးသမီးက ပြောသည်။
“လားရှိုးဘက်မှာတော့ တိုက်ပွဲဖြစ်တာမရှိဘဲနဲ့ စစ်ကောင်စီတပ်က လေကြောင်းက တိုက်ခိုက်တာမျိုးတော့ ရှိတယ်။ အဓိကကြဲနေတာက ဟိုလောင်းရွာ၊ မန်နားရွာ၊ ပြီးရင် နမ်နောင်းကျေးရွာတို့ဘက်မှာ ကြဲနေတာ ဖြစ်တယ်။ အဲဒီဘက်မှာက ကျွန်မတို့တပ်တွေမရှိဘူး။ သူတို့က အရပ်သားတွေကို ဦးတည်ပြီး တိုက်ခိုက်နေတာမျိုးဖြစ်တယ်”
၁၀၂၇ စစ်ဆင်ရေးတွင် ပါဝင်သည့် မြောက်ပိုင်းလက်နက်ကိုင်များတွင် ကိုးကန့်အဖွဲ့ (MNDAA) မှာ ယခင်က ၎င်းတို့ ထိန်းချုပ်ခဲ့သည့် ကိုးကန့်ဒေသတစ်ခုလုံးနှင့် မြို့တော် လောက်ကိုင်ကို ပြန်လည် သိမ်းဆည်းနိုင်ခဲ့သလို TNLA ကလည်း စစ်စခန်းပေါင်း ၇၇ ခုနှင့် မြို့ ၇ မြို့ကို TNLA က သိမ်းပိုက်ထားနိုင်သည်။
လားရှိုးမြို့နှင့် အလားတူ စစ်တက္ကသိုလ်များရှိရာ ပြင်ဦးလွင်မြို့နှင့် ၁၉ မိုင်အကွာအထိ TNLA တပ်များ ရောက်ရှိနေသည့်အတွက် မြို့တွင်းရှိ စစ်တပ်ဝင်းများနှင့် တက္ကသိုလ်များတွင် မိသားစုဝင်များကိုပါ အပြင်ထွက်ခွင့် ပိတ်ပြီး ခံစစ်ပြင်နေရသည်ဟု သိရသည်။
နိုင်ငံအလယ်ပိုင်း မြို့တော်မန္တလေးမှ ရှမ်းမြောက်ကို ဖြတ်သန်းကာ တရုတ်နှင့် ကုန်သွယ်မှုတွင် အချက်အချာကျသော မူဆယ်၊ လားရှိုး၊ သိန္နီ၊ နမ့်ဖတ်ကာ၊ ကျောက်မဲ၊ သီပေါ၊ နောင်ချိုမြို့တို့ကိုလည်း တော်လှန်ရေးပူးပေါင်းအဖွဲ့များက ထိန်းချုပ်ရန် ကြိုးပမ်းနေရာ စစ်ရေးအခြေနေ တင်းမာလျက်ရှိသည်။
တစ်ဆက်တည်းမှာပင် ကိုးကန့်ဒေသတွင် စစ်ပွဲပြီးဆုံးပြီဖြစ်သဖြင့် ”ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင်ရ နမ့်တစ်ဒေသတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်များ နေရပ်များသို့ ပြန်နိုင်ပြီဖြစ်ကြောင်း “ဝ” တပ်ဖွဲ့ (UWSA) က ယနေ့ ထုတ်ပြန်သည်။
အဆိုပါထုတ်ပြန်ချက်တွင် သက်ဆိုင်ရာနှစ်ဖက်အဖွဲ့အစည်းများ ကြိုးစားမှုဖြင့် စစ်ပွဲရပ်တန့်နိုင်ခဲ့သဖြင့် စစ်ဘေးရှောင်များ အေးချမ်းစွာ နေရပ်ပြန်နိုင်ပြီဖြစ်ကြောင်း ဖော်ပြထားသည်။
“ယခုလက်ရှိအချိန်မှာ အဖွဲ့အသီးသီးရဲ့ ပူးပေါင်းကြိုးပမ်းမှုများကြောင့် စစ်ပွဲများ ပြီးဆုံးသွားကာ ကိုးကန့်ဒေသတွင် ဖြည်းဖြည်းချင်း ပြန်လည်အေးချမ်းကောင်းမွန်လာနေပြီ” ဟု ရေးသားထားသည်။