ဆောင်းပါး

နေပြည်တော်အနီးမှ စစ်ဘေးရှောင်များ၏ ခါးသီးသည့် ဘဝများ

နေပြည်တော်နှင့် မိုင် ၅၀ ကျော်သာ ဝေးသည့် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ ပဲခူးတိုင်း ရေတာရှည်နှင့် ဆွာမြို့နယ်တို့တွင် စစ်တောင်းမြစ်အရှေ့ခြမ်း ကျေးရွာ ၁၀ ရွာထက်မနည်းမှ စစ်ရှောင် ၄,၀၀၀ ကျော် ခိုလှုံနေကြရသည်။

နေပြည်တော်နှင့် မိုင် ၅၀ ကျော်သာ ဝေးသည့် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ ပဲခူးတိုင်းရေတာရှည်နှင့် ဆွာမြို့နယ်တွင် သက်ကြီးရွယ်အို အဘိုးအဘွား၊ အမျိုးသမီး၊ ကလေး စစ်ဘေးရှောင် ထောင်နှင့်ချီ ခိုလှုံရောက်ရှိနေကြသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရေတာရှည်မြို့နယ်နှင့် စစ်တောင်းမြစ်သာခြားသည့် အရှေ့ဘက်ခြမ်းရွာများသည်လည်း နိုင်ငံအနှံ့ အခြားဒေသများနည်းတူ စစ်တပ်၏လက်နက်ကြီးဒဏ်နှင့် လေကြောင်းတိုက်ခိုက်မှုဒဏ်ကို ခံနေရရာ ဒေသခံတို့မှာ နေရပ်စွန့်ခွာ၍ ရေတာရှည်နှင့် ဆွာမြို့နယ်သို့ သွားရောက် ခိုလှုံနေကြခြင်းဖြစ်သည်။

စစ်တောင်းမြစ်အရှေ့ဘက် ကျေးရွာ ၁၀ ရွာထက်မနည်းမှ စစ်ရှောင် ၄,၀၀၀ ကျော် နေရပ်စွန့်ခွာ တိမ်းရှောင်နေရကြောင်း စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံအလယ်ပိုင်းရှိ ပဲခူးရိုးမနှင့် နိုင်ငံအရှေ့ပိုင်း တောင်တန်းများကြား၊ စစ်ဗိုလ်ချုပ်များ အခြေစိုက်သည့် နေပြည်တော်နှင့် မနီးမဝေး သွားလမ်းလာလမ်းဖြောင့်သည့် ပထဝီအနေအထားရှိသော စစ်တောင်းမြစ်ဝှမ်းဒေသသည် စစ်ရေးအရ အချက်ချာကျသောကြောင့် တော်လှန်ရေးအင်အားစုများက ခြေကုပ်ယူရန် ကြိုစားနေရာ စစ်ကောင်စီနှင့် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေသည်။

ရေတာရှည်မြို့တစ်ဝိုက် စစ်တောင်းမြစ် အနောက်ဘက်ခြမ်း ဆိပ်ကမ်းများတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ၎င်းတို့နယ်မြေအဖြစ် လုံခြုံရေးရယူပြီး မြစ်အရှေ့ဘက်ခြမ်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ခြေကုပ်ရယူထားသည်။

တော်လှန်ရေးအင်အားစုများအနေဖြင့် တစ်ရွာတည်းတွင် ရှိနေခြင်း မဟုတ်ဘဲ ရွာတိုင်းတွင် ဖြန့်ကြက်ထားရှိပြီး ပြောက်ကျားပုံစံဖြင့် နေထိုင်လေ့ရှိကာ အင်အားမှာလည်း ရာနှင့်ချီရှိသည်ဟု မြင်တွေ့ဖူးသူ ဒေသခံတချို့က ပြောသည်။

တော်လှန်ရေးအင်အားစုများနှင့် တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ သေဆုံး၊ ထိခိုက်မှုများသည့် အခါမျိုးတွင် တိုက်ပွဲဖြစ်သည့် ဒေသနှင့် နီးစပ်ရာရွာများမှ ဒေသခံများထဲမှ ၎င်းတို့ သံသယရှိသူများကို တော်လှန်ရေးသမားများနှင့် နီးစပ်သည်ဟု စွပ်စွဲ၍ စစ်ကောင်စီဘက်က ထင်သလို ပြုမူလေ့ရှိကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ အမျိုးသမီးက ပြောသည်။

“အိမ်ပေါ်ကို ဒေါသတကြီး ခြေသံပြင်းပြင်းနဲ့ တက်လာပြီး သေနတ်လည်း မောင်းတင်ထားပြီး၊ ကလေးလူကြီး၊ နေမကောင်းတဲ့သူအကုန်လုံးကို အိမ်အောက်ကိုဆင်း၊ အကုန်မှောက်ခိုင်းပြီး မော့မကြည့်ခိုင်းဘူး၊ ပြီးရင် လက်နက်ခဲယမ်းရှိလား ရှာတာ၊ မတွေ့ရင် တန်ဖိုးရှိတဲ့ဟာ အကုန်ယူတာ”။ 

စစ်ဘေးရှောင်အမျိုးသားတစ်ဦးကလည်း ပဲခူးရိုးမတောင်ပေါ်မှ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ၊ ထိုဒေသအခြေစိုက် ဝါရင့်တော်လှန်ရေးအဖွဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များနှင့် အခြားတော်လှန်ရေးအင်အားစုများ ကျေးရွာများအတွင်း ရောက်ရှိနေသည်ဟု စစ်တပ်က ယူဆပါက လက်နက်ကြီးများဖြင့် တောက်လျှောက်ပစ်ခတ်လေ့ရှိသည်ဟုလည်း ပြောသည်။

“PDF တွေ ပစ်တယ်သာ ပြောတာ၊ သူတို့ကို ထိတယ်ဆိုတာ တစ်ခါမှ မရှိဘူး၊ ဒေသခံတွေပဲ ထိခိုက်သေဆုံးတာပဲရှိတယ်” ဟု ထိုအမျိုးသားက ဆိုသည်။

ထိုအခြေအနေများက စစ်တောင်းမြစ်အရှေ့ခြမ်းမှ ဒေသခံများကို နေရင်းဒေသကို စွန့်ခွာပြီး ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရန် အခြေအနေ ဖြစ်လာစေခဲ့သည်။

ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ၏ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ထုတ်ပြန်သည့် သတင်းလွှာအရ အာဏာသိမ်းပြီး သုံးနှစ်နီးပါးရှိလာချိန်တွင် နိုင်ငံအနှံ့မှ လူဦးရေ ၆၆၀,၀၀၀ မှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် လူဦးရေ စုစုပေါင်း ၂ ဒသမ ၆ သန်းမှာ စစ်ရှောင်ဒုက္ခသည်များ ဖြစ်နေကြောင်း သိရသည်။

ထိုသူများသည် စားနပ်ရိက္ခာ၊ အမိုးအကာ၊ တစ်ကိုယ်ရေသုံးပစ္စည်းများ၊ ကျန်းမာရေးသုံးဆေးပစ္စည်းများလည်း လိုအပ်နေသည်ဟု UNOCHA က ဆိုသည်။

စစ်တပ်ကြောင့် ကိုယ့်ဥစ္စာ ကိုယ်မပိုင်နိုင်တော့

ရေတာရှည်မြို့ပေါ်ရှိ ပျဉ်ထောင်အိမ် အသေးနှစ်လုံးရှိသည့် ပေ ၄၀ ပတ်လည် ခြံကွက်လေးထဲတွင် မိခင်က ထမင်းချက်နေပြီး အရွယ်မရောက်သေးသည့် ကလေးနှစ်ဦးက ဆော့ကစားနေကြသည်။ ထိုကလေးများ အပူအပင်ကင်းကင်း ဆော့ကစားနေကြသော်လည်း မိခင်ဖြစ်သူ မဌေး (အမည်လွှဲ) ရတက်မအေးနိုင်ပေ။

သူတို့ မိသားစုလေးဦး မြို့ပေါ်သို့ စစ်ဘေးရှောင်အနေဖြင့် ရောက်ရှိလာခဲ့သော်လည်း အမျိုးသားမှာ မိုင်းထိသေဆုံးခဲ့ရသည်။

ရေတာရှည် မြို့ပေါ်ရောက်ပြီး ဇာတိရပ်ရွာတွင် မြေကျင်းတူး၍  မြုပ်နှံခဲ့သည့် ဆွဲကြိုးနှင့် လက်စွပ်ကို ပြန်လည်တူးဖော်ရန် ပြန်သွားစဉ် စစ်တပ်ထောင်ထားသည့် မိုင်းကို နင်းမိ၍ အမျိုးသား သေဆုံးခဲ့ရခြင်းကြောင်း အသက် ၄၀ အရွယ် မဌေးက ပြောပြသည်။

“စစ်တပ်ကို ရှောင်ချင်လို့ အဲဒီလမ်းက သွားတာ မိုင်းနင်းပြီး သေသွားတာ၊ အလောင်းတောင် ပြန်မရဘူး”။

၎င်းတို့ဒေသတွင် စစ်တပ်က သူ့ကို ထောက်ခံသူများကိုပင် အလွတ်မပေးကြောင်း၊ ရေတာရှည်မြို့နယ် အင်ကြီးပေါက်ရွာမှ စစ်တပ်ထောက်ခံ မိသားစုတစ်စုထံမှ ရွှေငွေများကိုပင် ယူသွားဖူးကြောင်း မဌေးက ဆိုသည်။

ရွှေထည် ငါးကျပ်သားကျော်နှင့် ငွေသား ကျပ်ဆယ်သိန်းထက်မနည်း စစ်တပ်က လုယူသွားပြီးနောက်တွင် အဆိုပါ စစ်တပ်ထောက်ခံမိသားစု၏ သားအကြီးဆုံးကိုယ်တိုင် တော်လှန်ရေးတပ်ဖွဲ့ထဲ ဝင်ရောက်သွားခဲ့ဟု ၎င်းက ဆိုသည်။

ထိုအခြေအနေကြောင့် စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းမှ ဒေသခံများအနေဖြင့် တန်ဖိုးရှိ ရွှေထည် လက်ဝတ်ရတနာများကို လုံခြုံသည်ထင်သော နေရာတွင် မြေကျင်းတူး၍ လျှို့ဝှက် သိမ်းဆည်းထားရသည်ဟု မဌေးက ပြောသည်။ မဌေးပြောပြသည့် အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ သီးခြား အတည်ပြုနိုင်ခြင်းတော့မရှိပေ။

ရှမ်းပြည်နယ်မြောက်ပိုင်းမှ စစ်ရှောင်များကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း တွေ့ရစဉ်။ ရှမ်းပြည်မြောက်ပိုင်းတွင် စစ်ရှောင်အရေအတွက် ၁၂၀,၀၀၀ နီးပါး ရှိနေသည်။

လယ်သမားတို့ လယ်ယာ ဖြောင့်ဖြောင့်မလုပ်နိုင်

နိုဝင်ဘာ ဒုတိယအပတ်မှစ၍ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများပြင်းထန်မှုကြောင့် အင်ကြီးပေါက်၊ ရေတာရှည်လေး၊ စည်ပိုင်း၊ ကျွန်းကုန်း၊ နကျပ်၊ အင်းတိုင်တော၊ ပိတောက်ကုန်း ကျေးရွာ၊ ရှမ်းစု၊ ရွာငံ စသည့် စစ်တောင်းမြစ် အရှေ့ဘက်ကမ်း ရွာများမှ ဒေသခံများ ထွက်ပြေးနေရသည်။

ပိတောက်ကုန်း၊ ရှမ်းစုတို့မှာ အိမ်ခြေ ၄၀၀ နှင့် ၅၀၀ကြား၊ အခြားရွာများမှာ အိမ်ခြေ ၁၀၀ နှင့် ၂၀၀ ကြားရှိကာ စုစုပေါင်း ဒေသခံ ၄,၀၀၀ ထက်မနည်း စစ်ရှောင်နေကြရကြောင်း စုံစမ်းသိရှိရသည်။

ထိုဒေသခံများသည် တောင်သူအလုပ်ဖြင့် အသက်မွေးကြသလို ပဲခူရိုးမကို အမှီသဟဲပြု၍ သစ်ခုတ်ခြင်း၊ တောင်ပေါ်တွင် ဖာလာနှင့် ကွမ်းသီးကွမ်းရွက်စိုက်ပျိုးခြင်း၊ ကုန်သွယ်ကူးရောင်းခြင်း တို့ဖြင့် အသက်မွေးဝမ်းကျောင်းဖြင့် ရပ်တည်လုပ်ကိုင်ကြသူများဖြစ်သည်။

ထိုစစ်ရှောင်များမှာ ရေတာရှည်နှင့် ဆွာမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်း၊ ရပ်ကွက်နှင့် ကျေးရွာများတွင် သင့်သလို နေထိုင်နေရကာ စားဝတ်နေရေးအတွက် ရုန်းကန်နေကြရသည်။

စစ်တောင်းမြစ်အရှေ့ဘက်ခြမ်း တိုက်ပွဲများသည် တောက်လျှောက်ပြင်းထန်နေခြင်း မဟုတ်ဘဲ တော်လှန်ရေးအင်အားစုများ စစ်ရေးလှုပ်ရှားချိန်၊ စစ်တပ်က စစ်ကြောင်းထိုးလာချိန်တို့တွင် ထိတွေ့တိုက်ပွဲ အများဆုံးဖြစ်ကြသည်ဟု စုံစမ်းသိရှိရသည်။

ထို့ကြောင့် ငွေကြေးအဆင်ပြေသူ တောင်သူများက မူလရပ်ရွာရှိ လယ်ယာကို လူငှားဖြင့် လုပ်ကိုင်ကြသလို အချို့က တိုက်ပွဲအခြေအနေကို အကဲခတ်၍ သင့်တော်သည့် အချိန်တွင် ရွာသို့ ပြန်၍ လယ်ယာလုပ်ငန်းပြန်လုပ်၊ စစ်ရေးတင်းမာလာလျှင် ပြန်လည်စစ်ရှောင်သည့်နည်းကို သုံးနေကြရသည်ဟု သိရသည်။

စစ်ရှောင်အမျိုးသားတစ်ဦးက “တိုက်ပွဲဖြစ်ပြီဆိုရင် နီးစပ်ရာရွာတွေက ဘုန်းကြီးကျောင်းတွေမှာ လူအပြည့်ပဲ၊ ပိုက်ဆံရှိတဲ့သူကတော့ မြို့ပေါ်မှာ အိမ်ဝယ်၊ အိမ်ငှားပြီး နေကြတယ်၊ အခြေအနေကောင်းရင် ရွာပြန်လာ လယ်ပြန်လုပ်ကြတာပေါ့” ဟု ဆိုသည်။

၂၀၂၃ နိုဝင်ဘာလအတွင်းမှာပင် အင်ကြီးပေါက်ရွာမှ နေအိမ် ၁၅ လုံးထက်မနည်း မီးရှို့ခံရပြီး လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ပိတောက်ကုန်းနှင့် ရေတာရှည်လေး၊ နကျပ်၊ အင်ကြီးပေါက်နှင့် စည်ပိုင်းကျေးရွာတို့လည်း ထိခိုက်ပျက်စီးမှုရှိသည်ဟု သိရသည်။

ရေတာရှည်လေးရွာမှ တိမ်းရှောင်လာသူ အမျိုးသမီးတစ်ဦးကလည်း “တိုက်ပွဲဖြစ်ပြီဆို ရှောင်၊ ငြိမ်ရင် ပြန်လာနေ၊ လယ်ပြန်လုပ် ရွာမှာ အဲသလို နေခဲ့ရတာ တအုန်းအုန်း၊ တဒိုင်းဒိုင်းနဲ့ ပစ်ခတ်နေတဲ့ လက်နက်ကြီးသံနဲ့ တရစပ်ပစ်နေတဲ့ သေနတ်သံတွေကြောင့် အသက်ကို စတေးပြီး ဘေးလွတ်ရာကို ပြေးလာတာပါ” ဟု ပြောသည်။

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် စစ်ရှောင်စခန်းတစ်ခုမှ ကလေးငယ်များကို ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်း တွေ့ရစဉ်။ ကရင်နီပြည်နယ် အပါအဝင် ပဲခူးတိုင်း၊ တနင်္သာရီ ရှမ်းပြည်တောင်ပိုင်း၊ မွန်၊ ကရင်ပြည်နယ်တို့တွင် ဒုက္ခသည်ပေါင်း ၁၃၆၀၀၀ ကျော်ရှိနေသည်။ (ဓာတ်ပုံ − AFP)

ရေကြည်ရာမြက်နုရာတွင် မတည်ငြိမ်သည့် ဘဝများ

မြို့ပေါ်တွင် ဆွေမျိုးနှင့် ငွေကြေးရှိသူများက မြေကွက်ဝယ်ပြီး အချို့က ကျပ် ၅၀,၀၀၀မှ ၁၀,၀၀၀ ကြားရှိ အိမ်ငှားနေထိုင်ကြသည်။ စစ်ဘေးရှောင်တချို့မှာ ဘုန်းကြီးကျောင်းများတွင် ခေတ္တတည်းခိုပြီး တိုက်ပွဲငြိမ်လျှင် ဇာတိရွာသို့ ပြန်ကြသည်။

“ပိုက်ဆံရှိတဲ့သူ၊ အမျိုးရှိတဲ့သူတွေက မြို့ပေါ်မှာ ကျန်ခဲ့တယ်။ မရှိတဲ့သူတွေကတော့ ရွာပြန် လယ်ပြန်လုပ်၊ စစ်ဖြစ်ရင် ပြန်လာနေနေရတာပဲ” ဟု ဆွာမြို့ပေါ်သို့ ရောက်ရှိနေသည့် စစ်ဘေးရှောင် နောက်ထပ် အမျိုးသမီးတစ်ဦးကလည်း ပြောသည်။

စစ်ရှောင်ရာ မြို့ပေါ်တွင် အရွယ်ရောက်ပြီးသား သားသမီးများကို စားသောက်ဆိုင်များတွင် အလုပ်သွင်းပေးခြင်း၊ ကြုံရာအလုပ်လုပ်ခြင်း၊ ကယ်ရီဆွဲခြင်း၊ တောင်သူနေ့စားလိုက်ခြင်းတို့ဖြင့် စစ်ဘေးရှောင်မိသားစုက ဘဝကို ရုန်းကန် ရပ်တည်နေထိုင်နေရကြောင်း ၎င်းက ဆိုသည်။

ငွေကြေးတတ်နိုင်သူများက မြို့ပေါ်ကို ပြောင်းရွှေ့ကာ လယ်ယာဝယ်ယူ၍ တောင်သူလုပ်ကိုင်ခြင်း၊ ဈေးဆိုင်ဖွင့်ခြင်းတို့ဖြင့် အသက်မွေးကြသည်ဟု ဆွာမြို့ပေါ်သို့ ရောက်ရှိနေသည့် အထက်ပါ အမျိုးသမီးထံမှ သိရသည်။

“ရွေးချယ်စရာမရှိတဲ့ ကျွန်မတို့ကတော့ ခဏစစ်ဘေးရှောင်၊ တိုက်ပွဲမရှိရင် အသက်နဲ့ရင်းပြီး ရွာပြန် လယ်လုပ်ရတာပဲ”။

ထိုသို့ ခက်ခက်ခဲခဲ ရုန်းကန်နေရချိန်တွင် ရေတာရှည်မြို့နယ်အခြေစိုက် အမှတ် ၆၀၄ ခြေမြန်တပ်ရင်းနှင့် ဆွာမြို့နယ် အခြေစိုက် အမှတ် ၁၉ ခြေမြန်တပ်ရင်းတို့က ကျေးရွာများဘက်သို့ လက်နက်ကြီးနှင့် ပစ်ခတ်မှုများကို ရံဖန်ရံခါတွေ့ရသည်မှာလည်း စစ်ရှောင်များအတွက် တစ်ပူပေါ်နှစ်ပူဆင့်ကြရပြန်သည်။

ပိတောက်ကုန်ကျေးရွာမှ ဆွာမြို့ပေါ်သို့ ရောက်ရှိနေသည့် စစ်ရှောင်အမျိုးသမီးတစ်ဦးက “စစ်တပ်က ပစ်တဲ့ လက်နက်ကြီးက ရှုးခနဲ ဖြတ်တနဲ တွေ့လိုက်ရရင် ခုထိ ကျွန်မနဲ့ ကလေးတွေ ကြောက်နေရတုန်းပဲ” ဟု ပြောသည်။

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မှ စစ်ရှောင်များ ဘုန်းကြီးကျောင်းဝင်းအတွင်း ခိုလှုံနေရသည်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်းက တွေ့ရစဉ်။ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်းတွင် စစ်ရှောင်ဒုက္ခသည် ၂၀၅၀၀၀ ခန့်ရှိသည်။ (ဓာတ်ပုံ − AFP)

ဝေဝါးသွားသည့် လူငယ်တို့၏ အနာဂတ်

တောင်ငူ-ရေတာရှည်-ဆွာ စသည့် မြို့နယ်တို့သည် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တပ်မဟာ ၂ လှုပ်ရှားနယ်မြေဖြစ်သလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းလှုပ်ရှားရာ ဒေသလည်းဖြစ်သည်။

ထိုဒေသတွင် နီးစပ်ရာ တော်လှန်ရေးအဖွဲ့များထံ လူငယ်များဝင်ရောက်သွားသလို မတည်ငြိမ်မှုများကြောင့် ကျောင်းထွက်ကာ ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်သည့် လူငယ်အများအပြားရှိလာနေသည်ဟု စုံစမ်းသိရှိရသည်။

“စစ်ကြောင်းထိုးလာလို့ လူတွေသေကြတော့ မခံချင်တဲ့ လူငယ်တွေက ဝင်သွားကြတာ၊ ရာနဲ့ချီရှိတယ်” ဟု တော်လှန်ရေးသမားတစ်ဦး၏ မိခင်က ပြောသည်။

ထိုမိခင်မှာ မလေးရှားတွင် အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး ၂၀၂၁ ဖေဖော်ဝါရီ စစ်တပ်က အာဏာမသိမ်းမီက သားဖြစ်သူကို ၎င်းရှိရာသို့ ခေါ်ယူရန် စီစဉ်ထားသော်လည်း အာဏာသိမ်းပြီးနောက်တွင် သားဖြစ်သူက နိုင်ငံရပ်ခြားတွင် အလုပ်လုပ်မည့် အစီအစဉ်ကို စွန့်လွှတ်ကာ တော်လှန်ရေးသမားဘဝကို ခံယူသွားခြင်းဖြစ်သည်။

“အရင်ကတော့ စိတ်ပူတယ်၊ ခုတော့ လိုတာထောက်ပံ့ပြီး သေရင်တောင် မတရားမှုကို တိုက်ပြီး သေတာ မြတ်တယ်လို့ နှလုံးသွင်းထားတယ်” ဟု အထက်ပါ မိခင်က ပြောသည်။

ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲများတွင် ရှေ့တန်းမှ တိုက်ပွဲဝင်နေသည့် မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MDY-PDF) ဝင်များကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း တွေ့ရစဉ်။

စစ်တောင်းမြစ် အရှေ့ဘက်ကမ်းတစ်လျှောက် ဒေသခံများသည် အာဏာမသိမ်းမီက အထက်တန်းကျောင်းရှိသည့်  ပိတောက်ကုန်းနှင့် ကျိတ်ပုတီးကျေးရွာကို ပညာရေးအတွက် မှီခိုအားထားခဲ့ကြသော်လည်း ယခုတွင်မူ တိုက်ပွဲများကြောင့် ထိုကျောင်းများမှာလည်း ဖွင့်တစ်ခါ၊ ပိတ်တစ်လှည့် ဖြစ်နေသည်ဟု စုံစမ်းသိရှိရသည်။

“လက်နက်သံကြားရတာနဲ့ တန်းပိတ်တာ၊ ပိတ်လိုက်ဖွင့်လိုက်နဲ့ တစ်ခါပိတ်ရင် တပတ်လောက်ကြာတယ်” ဟု ထိုဒေသမှ ပညာရေးအသိုင်းအဝိုင်းနှင့် နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။

ထိုအခြေအနေကြောင့် ငွေကြေးတတ်နိုင်သူတို့က ရေတာရှည်နှင့် ဆွာမြို့နယ်အတွင်းရှိ ပုဂ္ဂလိကကျောင်းများတွင် ၎င်းတို့၏ သားသမီးများကို ပြောင်းရွှေ့ပညာသင်နေရသလို အချို့မိဘများက လယ်ကို ရောင်းချကာ သားသမီးတို့ကို နိုင်ငံရပ်ခြားသို့ ပို့၍ အလုပ်လုပ်ကိုင်သည့် နည်းလမ်းကို ရွေးချယ်နေကြကြောင်း၊ ငွေကြေးမပြည့်စုံသူများမှာမူ သားသမီးတို့၏ ပညာရေးအတွက် ရတက်မအေးဖြစ်နေကြရသည်ဟု စစ်ရှောင်မိဘတစ်ဦးဖြစ်သည့် ကိုဦး (အမည်လွှဲ) က ပြောသည်။

UNOCHA ၏ ဒီဇင်ဘာ ၁၉ ရက် ထုတ်ပြန်ချက်တွင် နိုင်ငံအနှံ့အပြားမှ ဒုက္ခသည်မိသားစုဝင်အများအပြား အခက်အခဲမျိုးစုံ ကြုံနေကြရရာ ထမင်းနပ်မှန်အောင် စားရရန် ခဲယဉ်းလာကြရပြီး အာဟာရချို့တဲ့မှုများ တိုးလာနေသည်ဟုလည်း UNOCHA က ပြောထားသည်။

သန်းနှင့်ချီသော ဒုက္ခသည်များကို အကူအညီပေးနိုင်ရန် အမေရိကန်ဒေါ်လာ ၉၉၄ သန်း လိုအပ်နေသည်ဟုလည်း UNOCHA က ထုတ်ပြန်ထားသည်။

ထိုသူများကို အကူအညီပေးနိုင်ရန် အကန့်အသတ်များရှိနေပြီး တိုက်ပွဲများဖြစ်နေခြင်း၊ စစ်ကောင်စီထံမှ ခရီးသွားခွင့်ပြုမိန့်ရရန် စောင့်ဆိုင်းရခြင်း စသည့် အခက်အခဲများလည်း ရှိနေသည်ဟု ဆိုသည်။

ထိုအချက်များသည် အကူအညီပေးအပ်နိုင်သည့် လုပ်ငန်းစဉ်ကို ပိုမိုရှုပ်ထွေးစေပြီး ဘေးဒဏ်သင့်ခံရသူများ၏ ဒုက္ခကို ပိုမိုဆိုးရွားလာစေလိမ့်မည်ဟုလည်း UNOCHA က ထောက်ပြထားသည်။

ယင်းသို့ ခက်ခဲသည့် အခြေအနေကို ရင်ဆိုင် ရုန်းကန်နေရသည့် စစ်ရှောင်များထဲမှ တစ်ဦးဖြစ်သည့် စစ်တောင်းမြစ်အရှေ့ခြမ်းမှ စစ်ရှောင်အမျိုးသမီးက သူ၏အိမ်၊ သူ့နေရပ်ကို ပြန်လိုလှပြီဖြစ်ကြောင်း ပြောသည်။

“ကိုယ့်ရွာကိုယ်ပြန်ချင်တယ် ကိုယ့်လယ်ကိုယ်လုပ်ချင်တယ်။ နောက်ဆုံးသေရမယ်ဆိုလည်း ကိုယ့်အိမ်မှာပဲ ကိုယ်သေချင်တယ်”

Show More

Related Articles

Back to top button