သတင်း

ပဲခူးတိုင်းအရှေ့ခြမ်းရှိ စစ်တပ်ကင်းစခန်းများကို KNU နှင့် PDF ပေါင်းတိုက်

လွတ်လပ်ရေးနေ့ဖြစ်သော ယနေ့နံနက်အစောပိုင်းတွင် ပဲခူးတိုင်းအရှေ့ခြမ်း ကညွတ်ကွင်းမြို့နှင့် တောကျွဲအင်းမြို့အကြားရှိ စစ်ကောင်စီ၏ လုံခြုံရေးကင်းစခန်း ၈ ခုကို KNU နှင့် PDF ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

လွတ်လပ်ရေးနေ့ဖြစ်သော ယနေ့ (ဇန်နဝါရီ ၄) နံနက်အစောပိုင်းတွင် ပဲခူးတိုင်းအရှေ့ခြမ်း ကညွတ်ကွင်းမြို့နှင့် တောကျွဲအင်းမြို့အကြားရှိ စစ်ကောင်စီ၏ လုံခြုံရေးကင်းစခန်း ၈ ခုထက်မနည်းကို ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် PDF အဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

စစ်တပ်၏ ရိက္ခာပို့လမ်းကြောင်းတစ်ခုဖြစ်သော ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ တံတားတစ်ခုကို ချိုးဖျက်ခဲ့သည့်အပြင် ထိုတံတားအနီးရှိ ကင်းစခန်းနှင့် ရပ်ရွာများအနီးချထားသည့် ကင်းစခန်းများကိုပါ တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိသည်ဟု KNU က ထုတ်ပြန်သည်။

ယနေ့ နံနက် ၄ နာရီမှစ၍ တစ်နာရီခွဲကြာ တော်လှန်ရေးအင်အားစုများ ဝင်ရောက်တိုက်ခိုက်ခဲ့သော နေရာများမှာ ကညွတ်ကွင်းမြို့နှင့် ကပ်လျက်ရှိ တောင်ဂုန်းတဲရွာအနီးမှ သံလမ်းတံတား၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ နတ်စင်၊ အုတ်ဖို၊ လင်းယောခင်ရွာ၊ အောင်မင်္ဂလာဘုန်းကြီးကျောင်း စသည့်နေရာများရှိ ကင်းစခန်းများဖြစ်သည်ဟု သိရသည်။

ထိုသို့ဝင်ရောက်တိုက်ခိုက်စဉ် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ အမှတ် (၂) စစ်ဒေသခွဲမှ ဒုတိယစစ်ဒေသခွဲမှူး ရဲဘော်တင်ဦးက ဆိုသည်။

“ရန်သူသေဆုံး ထိခိုက်မှုရှိပါတယ်၊ အတိအကျတော့ မသိရသေးပါဘူး။ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိပါတယ်” ဟု ပဲခူးတိုင်းအရှေ့ခြမ်းတွင် လှုပ်ရှားနေသည့် အမှတ်် (၂) စစ်ဒေသခွဲမှ ရဲဘော်တင်ဦးက ပြောသည်။

ကညွတ်ကွင်းနှင့် တောကျွဲအင်းမြို့အကြားရှိ ကွင်းချောင်းဖြတ် တံတားကျိုးနေသည်ကို KNU က ထုတ်ပြန်ထားသည့် ဓာတ်ပုံများတွင် တွေ့ရသည်။

ကွင်းချောင်းကို ဖြတ်ကူးရန် တည်ဆောက်ထားသည့် သံတံတား ကျိုးနေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ-KNU) 

တိုက်ပွဲပြင်းထန်ခဲ့သဖြင့် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်၌ ယာဉ်များသွားလာ၍ မရသေးဟု ကညွတ်ကွင်းမြို့ခံတစ်ဦးက ယနေ့ နံနက် ၁၁ နာရီခန့်တွင် ပြောသည်။

“သံတံတားကြီးနားမှာ ဖြစ်တာလို့ သိရတယ်။ ကားတွေကို (စစ်ကောင်စီက) သွားလာခွင့် မပေးတော့ဘူး” 

စစ်ဗိုလ်ချုပ်များ ရုံးစိုက်ရာ နေပြည်တော်နှင့် အနီးကပ်ဆုံးရှိနေသည့် ပဲခူးတိုင်းအရှေ့ခြမ်းမြို့နယ်များ တွင် KNU/PDF ပူးပေါင်းတပ်များ လှုပ်ရှားနေပြီး စစ်ကောင်စီလက်အောက်ခံ စခန်းများကို မကြာခဏ ဝင်ရောက်တိုက်ခိုက်လေ့ရှိသည်။

မကြာသေးမီ ရက်ပိုင်းက တောင်ငူခရိုင်၊ ထန်းတစ်ပင်မြို့နယ်အတွင်းရှိ စစ်သားများ စွန့်ခွာသွားသည့် စစ်တပ်စခန်းနှစ်ခုကို KNU က ဝင်ရောက်ရှင်းလင်းစဉ် ခဲယမ်းတချို့ရရှိခဲ့သည်။

ထိုတပ်စခန်းနှစ်ခုကို ၁၉၇၅ ခုနှစ်တွင် ပထမအကြိမ် စတင်တပ်စွဲခဲ့ပြီး ၁၉၇၉ ခုနှစ် ဆုတ်ခွာသွားခဲ့ကာ ၂၀၀၆ ခုနှစ်တွင် တပ်မ (၆၆) ဦးဆောင်ပြီး ဒုတိယအကြိမ်တပ်စွဲခဲ့သောနေရာများဖြစ်သည်ဟု KNU က ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button