၁၀၂၇ စစ်ဆင်ရေးနှင့် စစ်ကောင်စီ သစ္စာခံတို့ ဦးစီးသည့် ကျားဖြန့် အွန်လိုင်းလောင်းကစားဂိုဏ်းများကြောင့် တရုတ်နှင့် စစ်ကောင်စီတို့အကြား ဆက်ဆံရေးအေးခဲနေချိန်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တရုတ်အစိုးရအပေါ် အကောင်းမြင်သည့် နိုင်ငံခြားရေးမူဝါဒကို ဇန်နဝါရီ ၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။
NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည့်၊ အချက် ၁၀ ချက်ပါသည့် NUG ၏ တရုတ်နိုင်ငံဆိုင်ရာ သဘောထားက မြန်မာနိုင်ငံတွင်းမှ တရုတ်ရင်းနှီးမြုပ်နှံမှုများကို အကာအကွယ်ပေးမည်ဆိုသည့် ကတိကဝတ်အပါအဝင် တရုတ်အစိုးရနှင့် မျက်နှာပျက်မည့်ကိစ္စကို ရှောင်ကြဉ်မည့် အချက်များထည့်သွင်းထားသည်။
မြန်မာနိုင်ငံတွင်းရှိ တရုတ်နိုင်ငံ၏ စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမှုများနှင့် အခြားလူမှုစီးပွားလုပ်ငန်းများ၏ လုံခြုံရေးကို ထိန်းသိမ်းကာကွယ်ခြင်းက နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားဖြစ်ထွန်းရေးကို မျှော်ကိုးခြင်းကြောင့်ဟု NUG ကအကြောင်းပြသည်။
၁၀၂၇ စစ်ဆင်ရေးတွင် ဦးဆောင်တိုက်ခိုက်နေသည့် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဖြစ်သည့် ရခိုင်တပ် AA, ကိုးကန့်တပ် MNDAA နှင့် တအာင်းတပ် TNLA တို့ကလည်း တရုတ်ရင်းနှီးမြုပ်နှံမှုများကို အကာအကွယ်ပေးမည်ဆိုသည့် အလားတူ ကြေညာချက်မျိုးကို ၂၀၂၃ ဇူလိုင် ၁ ရက်နေ့က ထုတ်ပြန်ခဲ့ဖူးသည်။
ကျောက်ဖြူစီမံကိန်းကို သတိပေးခြင်း
“၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုမတိုင်ခင် နှစ်နိုင်ငံ နယ်နိမိတ်သတ်မှတ်မှု စာချုပ်များ အပါအဝင် နှစ်နိုင်ငံကြား သဘောတူချုပ်ဆိုခဲ့သည့် စာချုပ်များအားလုံးကို မြန်မာနိုင်ငံမှ တာဝန်ယူ ဆက်ခံမည်” ဟု NUG ၏ ကြေညာချက်၏ နံပါတ်စဉ် (၉) ကဆိုသည်။
သို့သော် အခြားတစ်ဖက်တွင် အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့် ချုပ်ဆိုထားသည့် စာချုပ်များကို အသိအမှတ်ပြုမည်မဟုတ်ဟု NUG က ဘေဂျင်းအခြေစိုက် တရုတ်အစိုးရကို သွယ်ဝိုက်သတိပေးခြင်းဟု နားလည်ရသည်။
မြန်မာနိုင်ငံရှိ တရုတ်အကျိုးစီးပွားများအနက် အရေးပါဆုံးသော ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် နောက်ဆက်တွဲစာချုပ်ကို စစ်ကောင်စီက တရုတ်နိုင်ငံပိုင် CITIC Group ကုမ္ပဏီနှင့် ဒီဇင်ဘာ ၂၆ တွင် လက်မှတ်ရေးထိုးခဲ့သည်။
နောက်ဆက်တွဲစာချုပ်တွင် မည်သည့်အချက်များပါဝင်သည်ကိုမူ နှစ်ဖက်စလုံးက ဖုံးကွယ်ထားသည်။
ထပ်မံဖြည့်စွက်သည့်အချက်များမှာ မူလစာချုပ်အတိုင်း လျှို့ဝှက်ထားရမည့်အကြောင်းအရာများ ဖြစ်သဖြင့် ထုတ်ပြော၍ မရဟု စစ်ကောင်စီ၏ အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက Myanmar Now ကို ပြောကြားထားသည်။
တရုတ်ကုမ္ပဏီဘက်က ၇၀ ရာခိုင်နှုန်း၊ မြန်မာဘက်က ၃၀ ရာခိုင်နှုန်းဖြင့် ကျောက်ဖြူစီမံကိန်းသဘောတူစာချုပ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ မူလက တရုတ်ဘက်က ၈၅ ရာခိုင်နှုန်း၊ မြန်မာဘက်က ၁၅ ရာခိုင်နှုန်းဖြင့် ဦးသိန်းစိန်လက်ထက်တွင် သဘောတူထားသည်ကို ပြင်ဆင်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတာဝန်ရှိသူ ဦးအောင်နိုင်ဦး၏ အတည်ပြုချက်အရ နောက်ဆက်တွဲစာချုပ် ချုပ်ဆိုသော်လည်း တရုတ် ၇၀ ရာခိုင်နှုန်း၊ မြန်မာ ၃၀ ရာခိုင်နှုန်း အပြောင်းအလဲမရှိဟု ဆိုသည်။
One China Policy ကို ထောက်ခံခြင်း
ထိုင်ဝမ်သည် တရုတ်၏အစိတ်အပိုင်းသာဖြစ်သည်ဆိုသည့် တရုတ်တစ်နိုင်ငံတည်းမူဝါဒ (One China Policy) ကို ထောက်ခံကြောင်းလည်း NUG ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထိုအချက်သည် တရုတ်အစိုးရနှင့် တရုတ်ကွန်မြူနစ်ပါတီတို့က အစဉ်အဆက်ကိုင်စွဲထားသည့် မူဝါဒဖြစ်ပြီး မြန်မာအစိုးရ အဆက်ဆက်ကလည်း တရုတ်နှင့်ဆက်ဆံရေးတွင် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ထောက်ခံခဲ့ကြသည်။
၂၀၁၃ မေလအတွင်းက နေပြည်တော်သို့ လာရောက်လည်ပတ်သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin Gang ကို အာဏာရှင်ဟောင်း ဗိုလ်ချုပ်သန်းရွှေက တရုတ်တစ်နိုင်ငံတည်းမူဝါဒကို လိုက်နာကြောင်း ပြောဆိုခဲ့သလို အာဏာရှင်လက်သစ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကလည်း ထိုအချက်ကို ၂၀၂၃ ဇန်နဝါရီက ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် တရုတ်နှစ်သစ်ကူးပွဲတွင် ပြောဆိုခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရအုပ်ချုပ်ရေးတွင်လည်း တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ကိုင်စွဲထားပြီး ၂၀၁၇ ဦးထင်ကျော်၏ တရုတ်ခရီးစဉ်အပြီး တရုတ်-မြန်မာပူးတွဲကြေညာချက်တွင်လည်း တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ဆက်လက်ထောက်ခံကျင့်သုံးမည်ဟု အတည်ပြုခဲ့သည်။
ထိုင်ဝမ်က ၎င်းတို့သည် လွတ်လပ်သည့်နိုင်ငံဖြစ်ကြောင်း နိုင်ငံတကာအသိအမှတ်ပြုမှုကို ရယူနိုင်ရန် ကြိုးစားနေပြီး၊ တရုတ်ကလည်း ထိုင်ဝမ်က ၎င်းတို့ပိုင်နက်ထဲမှ ဖဲ့ထုတ်၍မရနိုင်သော အစိတ်အပိုင်းတစ်ခုဟု သတ်မှတ်ထားချိန်တွင် တရုတ်နှင့်ဆက်ဆံရေးအတွက် အစဉ်အဆက်အစိုးရများနည်းတူ တရုတ်တစ်နိုင်ငံတည်းမူဝါဒကို NUG က ထောက်ခံလိုက်ခြင်းဖြစ်သည်။
ကျားဖြန့်နှိမ်နှင်းရေးပူးပေါင်းမည်
လတ်တလောတွင် တရုတ်အစိုးရက အာရုံစိုက်နေသည့် ကျားဖြန့်အွန်လိုင်းလောင်းကစားဂိုဏ်းများကို တရုတ်နိုင်ငံ အပါအဝင် ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်း၍ တိုက်ဖျက်သွားမည်ဟု NUG ကြေညာသည်။
၁၀၂၇ စစ်ဆင်ရေးဆင်နွှဲနေသည့် မြောက်ပိုင်းမဟာမိတ်များကလည်း ၎င်းတို့၏စစ်ဆင်ရေးစတင်ချိန်တွင် ကျားဖြန့်နှိမ်နင်းရန်ဟု အကြောင်းပြခဲ့သေးသည်။
ကိုးကန့်ဒေသ လောက်ကိုင်အခြေစိုက် ကြံ့ခိုင်ရေးပါတီအမတ်များနှင့် စစ်ကောင်စီ သစ္စာခံများဦးစီးသည့် ကျားဖြန့်အွန်လိုင်း လောင်းကစားဂိုဏ်းများကြောင့် စစ်ကောင်စီသည် တရုတ်အစိုးရ၏ဖိအားနှင့် ရင်ဆိုင်နေရပြီး ထိုမီးပွားမှစလာသည့် ရှမ်းမြောက်တစ်ကြောတိုက်ပွဲများတွင်လည်း အခြေမလှဖြစ်နေသည်။
စစ်ကောင်စီသည် ထိုင်းစစ်တပ်၏ဖိအားနှင့်လည်း ရင်ဆိုင်နေရပြီး မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့အနီးရှိ ကျားဖြန့်ခေါ် အွန်လိုင်းလောင်းကစား ငွေလိမ်ဂိုဏ်းများကို ဖြိုခွင်းပေးရန် စစ်ခေါင်းဆောင်ကို ထိုင်းစစ်တပ် အဆင့်မြင့်အရာရှိက ဒီဇင်ဘာ ၂၇ ရက်နေ့တွင် တောင်းဆိုထားသည်။
လောက်ကိုင်မှ ကျားဖြန့်အမှုများအတွက် ဦးပယ်ဆောက်ချိန်အပါအဝင် ကိုးကန့်ကြံ့ခိုင်ရေးအမတ်များနှင့် စစ်ကောင်စီ သစ္စာခံ နယ်ခြားစောင့်တပ်ခေါင်းဆောင် ၁၀ ဦးကို တရုတ်အစိုးရက ဖမ်းဝရမ်းထုတ်ထားသော်လည်း စစ်ကောင်စီက ဖမ်းပေးခြင်းမရှိသေးပေ။
မြန်မာနှင့် ပတ်သက်လျှင် တရုတ်သည် အာဏာယူထားသူနှင့်သာ ဆက်ဆံတတ်သည့် အစဉ်အလာရှိသည်ကို တွေ့ရသည်။
၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီးတွင် ရန်ကုန်ရှိ တရုတ်သံအမတ်က အပြတ်အသတ်အနိုင်ရရှိသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရုံးချုပ်သို့ သွားကာ ဂုဏ်ပြုစကား ဆိုခဲ့သည်။ စစ်ဗိုလ်ချုပ်များက အနိုင်ရပြည့်သူကိုယ်စားလှယ်များကို ဖမ်းဆီးထောင်ချလိုက်ပြီးနောက်ပိုင်းတွင်လည်း တရုတ်က နိုင်ငံတကာစာမျက်နှာတွင် စစ်ဗိုလ်ချုပ်များကို အကာအကွယ် ဆက်တိုက် ပေးခဲ့သည်။
၂၀၂၁ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ ကုလသမဂ္ဂယန္တရားဖြင့် အရေးယူခြင်း မခံရစေရန် တရုတ်နှင့် ရုရှားက အကာအကွယ်ပေးထားသည်ကို တွေ့ရသည်။
ဤအခြေအနေတွင် အိမ်နီးချင်းဖြစ်ပြီး ကမ္ဘာ့အင်အားကြီးနိုင်ငံလည်းဖြစ်သော တရုတ်အပေါ် သဘောထားနှင့် ပတ်သက်ပြီး NUG အစိုးရက ပထမဆုံး ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
NUG ကို တရုတ်က ထိတွေ့ဆက်ဆံသည့်သတင်း ထွက်ပေါ်လာခြင်း မရှိသေးသော်လည်း အာဏာသိမ်း စစ်ကောင်စီကမူ တရုတ်၏ ထောက်ခံမှုကို အတိုင်းအတာတစ်ခုအထိ ရရှိနေသည်။
၁၀၂၇ စစ်ဆင်ရေးကြောင့် အကြီးအကျယ် အထိနာနေသော စစ်ကောင်စီက ထိုစစ်ဆင်ရေးကို တရုတ်က ကူညီနေသည်ဟု ယူဆနေသည်၊ ဆန္ဒပြသူတို့ကို လမ်းပေါ်တွင် သတ်ဖြတ်လေ့ရှိချိန်တွင်ပင် စစ်ကောင်စီက ၎င်း၏ လက်ကိုင်တုတ်များကို ရန်ကုန်တရုတ်သံရုံးရှေ့သို့ စေလွှတ်ကာ ထိုစစ်ဆင်ရေးနှင့် ပတ်သက်ပြီး တရုတ်၏ အနေအထားကို ကန့်ကွက်ကြောင်း ဆန္ဒပြစေခဲ့သည်။