
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်ရှိ မိုးတေတံတားကို စစ်ကောင်စီက ယမန်နေ့ (ဒီဇင်ဘာ ၂၈) ညနေ ညနေ ၅ နာရီခွဲခန့်တွင် မိုင်းခွဲဖျက်ဆီးလိုက်ပြီး သီပေါမြို့အဝင်အထွက်ကိုလည်း လုံခြုံရေးတင်းကျပ်ထားကြောင်း စုံစမ်းသိရှိရသည်။
ထိုတံတားသည် တအာင်းတပ်မတော် (TNLA) သိမ်းပိုက်ထားသည့် နမ္မတူမြို့နှင့် ဆက်သွယ်ထားသော တံတားဖြစ်သည်။
သီပေါမြို့နှင့် နီးသော၊ စစ်ကောင်စီ ဗျူဟာမှူး ရုံးထိုင်သော နမ္မတူမြို့ရှိ အမှတ် ၃၂၄ ခြေမြန်တပ်ရင်းကို TNLA က ယမန်နေ့ နံနက်အစောပိုင်းတွင် သိမ်းပိုက်ကာ မြို့တစ်ခုလုံးကို ထိန်းချုပ်လိုက်ပြီးနောက်တွင် စစ်ကောင်စီက ထိုသို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ လားရှိုးမြို့နှင့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၁) ရှိရာ ကျောက်မဲမြို့အကြားတွင် ရှိသည့် သီပေါမြို့သည် စစ်ရေးအရ အချက်အချာကျသည့် ဒေသတစ်ခုလည်းဖြစ်သည်။ နမ့်တိမ်တံတားသည် TNLA သိမ်းပိုက်ထားသည့် အခြားမြို့တစ်မြို့ဖြစ်သော နမ့်ဆန်နှင့် သီပေါ ကူးသန်းသွားလာရေးတွင်လည်း အဓိကကျသည်။
ထိုအခြေအနေတွင် နမ္မတူနှင့် မြောက်ဘက် ၈ မိုင်ခန့်အကွာတွင် ရှိသော သီပေါမြို့နှင့် ဆက်သွယ်ရာတွင် အဓိကကျသည့် မိုးတေတံတားကို စစ်ကောင်စီက ဖျက်ဆီးလိုက်ခြင်းဖြစ်သည်။
“တံတားက နည်းနည်းပေါက်သွားတယ်။ ဒါပေမဲ့ ပျဉ်ပြားတွေခင်းပြီးမှတော့ သွားလို့ရတယ်၊ ကားကြီးတော့ မရဘူး ကားသေးတွေတော့ သွားလို့ရတယ်” လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
အွန်လိုင်းတင်ထားကြသည့် မှတ်တမ်းဓာတ်ပုံများတွင် တံတားတိုင်များ ထိခိုက်မှု မရှိဘဲ တံတားကြမ်းခင်း ၂ နေရာ ပေါက်သွားသည်ကို တွေ့ရသည်။
ထို့ပြင် သီပေါမြို့အဝင်အထွက် စစ်ဆေးမှုကို စစ်ကောင်စီတပ်က တင်းကျပ်ထားကြောင်း၊ သီပေါမြို့အဝင်အထွက်တွင် ကားနှင့် ဆိုင်ကယ်များ တန်းစီစောင့်ဆိုင်းရကြောင်း သီပေါဒေသခံ ခရီးသည်တင်ယာဉ်မောင်းတစ်ဦးထံမှ သိရသည်။
“နမ္မတူတို့ နမ့်ဆန်တို့ရဲ့ ပင်မတံတားပဲလေ၊ အဲဒီတံတားကို ဖြတ်မှ သီပေါရောက်မယ်။ သီပေါရောက်မှ လားရှိုးတို့ မန္တလေးတို့ကို ရောက်နိုင်မှာ၊ အဲဒီနေရာက ဒုဋ္ဌဝတီမြစ်ဖျားခံရာနေရာပဲ အဓိကတံတားပဲ။ အရေးပါတယ်၊ မြို့လေးငါးခြောက်မြို့လောက်ကို ဆက်သွယ်ထားတဲ့ တံတားပဲ” ဟု အထက်ပါ အမျိုးသားက ပြောသည်။

ရှမ်းပြည်မြောက်ပိုင်းတွင် အောက်တိုဘာ ၂၇ ရက်မှစကာ TNLA, ကိုးကန့်တပ် MNDAA, ရက္ခိုင့်တပ်တော် AA တို့က ၁၀၂၇ စစ်ဆင်ရေးအမည်ဖြင့် စစ်ကောင်စီကို တိုက်ကာ မြို့များ၊ စစ်အခြေစိုက်စခန်းများ သိမ်းယူနေသည်။
တော်လှန်ရေးအဖွဲ့များကလည်း စစ်ကောင်စီ၏ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းကို ဖြတ်တောက်နိုင်ရန် နိုင်ငံအလယ်ပိုင်းမြို့တော် မန္တလေးဘက်မှ ရှမ်းပြည်မြောက်ပိုင်းသို့ သွားလာနိုင်သည့် လမ်းတံတားတချို့ကို ဖျက်ဆီးထားကြသည်။
စစ်ကောင်စီက ယခုကဲ့သို့ မိုးတေတံတားကို ဖျက်ဆီးခြင်းသည် တော်လှန်ရေးအဖွဲ့များ၏ ထိုးစစ်ကို ဟန့်တားနိုင်ရန်ဖြစ်ကြောင်း နိုင်ငံရေး စစ်ရေးလေ့လာသူ ဦးသန်းစိုးနိုင်က ပြောသည်။
“(စစ်ကောင်စီ) သူတို့ကလည်း အခုစိုးရိမ်နေတာက ကျောက်မဲနဲ့ လားရှိုးဖြစ်တော့၊ ကျောက်မဲနဲ့ လားရှိုးကို သွားနိုင်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေတဲ့အတွက် နမ္မတူဘက်က TNLA က တက်လာရင်၊ မလာနိုင်အောင် လုပ်တဲ့ သဘောရှိတယ်” ဟု ဗမာပြည်ကွန်မြူနစ်ပါတီ၏ တပ်တွင် တပ်မှူးတစ်ဦးအဖြစ် တာဝန်ယူကာ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၁၉၇၅ ခုနှစ်မှစတင်ကာ စစ်ဆင်ရေးဆင်နွှဲခဲ့ဖူးသူ ဦးသန်းစိုးနိုင်က ပြောသည်။
စစ်တပ်ဝါဒဖြန့်သူများကမူ ထိုတံတားကို TNLA အဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့ခြင်း ဖြစ်သည်၊ ဒေသခံနှင့် ခရီးသွားပြည်သူများက တံတားကို ယာယီပြုပြင်ပြီး သွားလာနေကြသည်ဟု အွန်လိုင်းတွင် ဝိုင်းဝန်း ရေးသားနေကြသည်။

နမ္မတူမြို့ကို TNLA က သိမ်းပိုက်ပြီးနောက် ရှမ်းမြောက်တွင် တိုက်ပွဲကြီးများ အနည်းငယ်ငြိမ်သက်နေပြီး စစ်ကောင်စီတပ်၏ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများမှာ မြို့နယ်တချို့တွင် ရှိနေသည်ဟု သိရသည်။
ဒီဇင်ဘာ ၂၈ နှင့် ၂၉ စစ်ရေးအခြေအနေများနှင့် ပတ်သက်ပြီး TNLA ပြောခွင့်ရရုံးကို Myanmar Now က ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။ စစ်ကောင်စီကလည်း နှုတ်ဆိတ်နေသည်။
၁၀၂၇ စစ်ဆင်ရေးကာလ တစ်လကျော်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်းများကို မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က တိုက်ခိုက်သိမ်းပိုက်နေရာ ယနေ့အထိ စစ်တပ်စခန်းပေါင်း ၃၀၀ နီးပါးခန့်ကို သိမ်းပိုက်ထားနိုင်ခဲ့ပြီဖြစ်သည်။
TNLA က ရှမ်းပြည်မြောက်ပိုင်းရှိ နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံနှင့် မိုင်းလုံမြို့တို့အပါအဝင် မြို့ပေါင်း ၅ မြို့ကို သိမ်းပိုက်ထားပြီးဖြစ်သည်။
အာဏာသိမ်းပြီး သုံးနှစ်နီးပါးကြာချိန်တွင် စစ်ကောင်စီကို နိုင်ငံအနှံ့တွန်းလှန်မှု အရှိန်အလွန်ကောင်းနေသည်။