တအောင်းလက်နက်ကိုင်တပ် PSLF/TNLA က ယနေ့ (ဒီဇင်ဘာ ၂၈ ရက်) နံနက်အစောပိုင်းတွင် သိမ်းပိုက်လိုက်သည့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ္မတူမြို့ကို မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲခြင်းကြောင့် မြို့ခံများတိမ်းရှောင်နေရသည်ဟု သိရသည်။
မွန်းလွဲ ၂ နာရီခန့်တွင် နမ္မတူမြို့နှင့် ခမရ (၃၂၄) စခန်းကုန်းတို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ယနေ့နံနက်က မြို့ထဲသို့ ရောက်ခဲ့သည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“ကျွန်တော်တို့ မြို့ထဲရောက်တဲ့အချိန်မှာ မြို့အထွက် စစ်တပ်ကုန်းကိုလည်း လှမ်းကြဲတယ်၊ ကြဲတာတော့ အကျယ်ကြီးပဲ၊ ဂျက်ဖိုက်တာနဲ့ ကျွန်တော်တို့လည်း အဲဒါနဲ့ ကိုယ့်အိမ်နားလေးမှာပဲ ကားလေးထိုးပြီး ပုန်းနေရတာ၊ လေယာဉ်မလာတော့မှ ပြန်ထွက်လာတာ” ဟု အဆိုပါ အမျိုးသားက ပြောသည်။
ထိုတိုက်ခိုက်မှုကြောင့် နေအိမ်တချို့ပျက်စီးသွားကြောင်း၊ ထိခိုက်ပျက်စီးမှု အသေးစိတ်ကို မသိရသေးကြောင်း ၎င်းက ပြောသည်။
နမ္မတူတိုက်ပွဲကြောင့် ဒေသခံအများစုမှာ မြို့တောင်ဘက် ၁၅ မိုင်ခန့်ဝေးသည့် မန်စံရွာသို့ တိမ်းရှောင်ကြပြီး အချို့မှာ လားရှိုးမြို့ပေါ်နှင့် နီးစပ်ရာကျေးရွာများသို့ တိမ်းရှောင်နေကြသည်၊ အချို့မှာမူ မြို့အနီး တောထဲတွင် ပုန်းအောင်းနေကြသည်ဟု သိရသည်။
“လေယာဉ်က လာပစ်နေတော့ မြို့ပေါ်ပြန်နေဖို့ မလွယ်သေးဘူး၊ သူတို့စစ်သားတွေ မရှိတော့ဘူးဆိုတော့ ရမ်းချင်ရင်လည်း ရမ်းဦးမှာပေါ့ အခု သူတို့စစ်သားတွေမရှိတာတောင် လာပစ်နေတုန်းပဲ” ဟု အထက်ပါ ဒေသခံက ပြောသည်။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA ၏ စာရင်းများအရ နမ္မတူတိုက်ပွဲတွင်း လေတပ် ဗုံးကြဲမှုကြောင့် မြို့ခံ ၂ ဦး သေဆုံးကာ သာသနိကအဆောက်အအုံများအပြင် နေအိမ် ၇ လုံးထက်မနည်း ပျက်စီးခဲ့သည်ဟု သိရသည်။
၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဒေသခံများ၏ လူအခွင့်အရေးချိုးဖောက်ခံရမှုများ၊ သေဆုံး၊ ဒဏ်ရာရမှုအခြေအနေများကို ရှမ်းမြောက်အခြေစိုက် တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) က စာရင်းပြုစုနေသည်။
TWO က ပြုစုထားသည့် အချက်အလက်များအရ ၁၀၂၇ စစ်ဆင်ရေး အစပြုသည့် အောက်တိုဘာ ၂၇ ရက်နေ့မှစတင်ကာ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၁၂၀ ကျော် သေဆုံးသည်၊ ဒဏ်ရာရသူ ၂၁၀ ကျော်ခန့်ရှိသည်ဟု သိရသည်။
မြောက်ပိုင်းမဟာမိတ်ညီနောင်များ၏ ၁၀၂၇ စစ်ဆင်ရေးကို တုံ့ပြန်ရာတွင်လည်းကောင်း၊ နိုင်ငံအနှံ့ပုန်ကန်သူများကို နှိမ်နှင်းရာတွင်လည်းကောင်း စစ်တပ်သည် အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်နေသည်ဟု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က ဒီဇင်ဘာ ၂၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ထိုကဲ့တိုက်ခိုက်မှုများသည် ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်ပြီး စုံစမ်းစစ်ဆေးရန်လည်း AI က တောင်းဆိုထားသည်။
လတ်တလောတွင် စစ်ကောင်စီတပ်၏ လေကြောင်းရန်အပြင် နမ္မတူမြို့၏ အဝင်အထွက်လမ်းများကို TNLA က ပိတ်ဆို့ထားသည့်အတွက် ဒေသခံအများစုမှာ နေရပ်မပြန်နိုင်သေးကြောင်း ဒေသခံ အမျိုးသားက ပြောသည်။ တိမ်းရှောင်နေကြသည့် ဒုက္ခသည်အရေအတွက် အတိအကျကိုမူ မသိရသေးပါ။
ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး UNOCHA ၏ ဒီဇင်ဘာလ ၁၅ ရက်နေ့ ထုတ်ပြန်ချက်တွင် လူဦးရေ ၆၆၀,၀၀၀ မှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်၊ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် လူဦးရေ စုစုပေါင်း ၂ ဒသမ ၆ သန်းမှာ စစ်ရှောင်ဒုက္ခသည်များ ဖြစ်နေသည်ဟု ဖော်ပြထားသည်။
ရှမ်းပြည်မြောက်ပိုင်း မူဆယ်၊ လောက်ကိုင်၊ ကွမ်းလုံ၊ နမ့်ဆန် စသည့် ဒေသများတွင် စစ်ဘေးရှောင်ဒုက္ခသည် ၁၂၀,၀၀၀ နီးပါး ရှိသည်ဟုလည်း UNOCHA က ဆိုသည်။
စစ်တပ် ဆုတ်ခွာတိမ်းရှောင်ခဲ့ရသည့် နမ္မတူမြို့သိမ်းတိုက်ပွဲ
နမ္မတူမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း TNLA က အတည်ပြုခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ ဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်နက်ခဲယမ်းအများအပြား သိမ်းပိုက်ရရှိခဲ့သည်ဟု TNLA ပြောခွင့်ရ အမျိုးသမီးက ဆိုသည်။
“လက်နက်ခဲယမ်းကတော့ ဟောင်ဝစ်ဇာ ရတယ်၊ ပြီးတော့ လက်နက်ကြီးတွေ၊ လက်နက်သေးတွေ၊ ပြီးတော့ မိုင်းတွေလည်း အများကြီးရပါတယ်”
မြို့သိမ်းတိုက်ပွဲတွင် ခမရ (၃၂၄) ဗျူဟာကုန်းအပါအဝင် မြို့ပေါ်ရှိ ရဲစခန်းနှင့် ဌာနဆိုင်ရာရုံးများအပြင် မြို့အနီးရှိ စစ်ကောင်စီတပ်၏ မန်စံ၊ ပန်သပြေ၊ နောင်ဆိုင် စသည့် စခန်းများကိုပါ သိမ်းပိုက်နိုင်ခဲ့သည်ဟု TNLA ပြောခွင့်ရက ဆိုသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၆၀ ကျော်၊ လက်နက်ကြီးအကြိမ်ရေ ၉၀ ကျော်နှင့် စစ်ကူအင်အား ၁၀ ကျော်ကို လေကြောင်းမှ ပေးပို့ခဲ့သည်ဟု သိရသည်။
စစ်ဗျူဟာ (၂) လက်အောက်ခံ ခမရ (၃၂၄) စခန်းကုန်းတွင် ခလရ (၂၅၆) တပ်များပါ ပူးပေါင်းထားပြီး ဗျူဟာမှူးဦးစီးသည့် အင်အား ၂၀၀ ခန့်ရှိသည်။ တိုက်ပွဲပြီးဆုံးပြီးနောက် စစ်ကောင်စီတပ်အားလုံး စခန်းမှ စွန့်ခွာထွက်ပြေးသွားကြသည်ဟု သိရသည်။
တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုနှင့် စစ်သုံ့ပန်းဖမ်းဆီးရရှိမှုအခြေအနေများကိုမူ အသေးစိတ်မသိရသေးကြောင်း၊ စခန်းနှင့် မြို့ကို သိမ်းပိုက်ပြီးနောက် ရှင်းလင်းရေး ဆက်လက်လုပ်ဆောင်နေကြောင်း အထက်ပါ တာဝန်ခံ အမျိုးသမီးက ပြောသည်။
ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်များမှာ နမ္မတူမြို့၏ တောင်ဘက် ၁၀ မိုင်ကျော်ခန့်အကွာရှိ နမ့်ပိုင်ရွာဘက်သို့ ဆုတ်သွားပြီး လားရှိုးမြို့သို့ ဦးတည်နေသည်ဟု ဒေသခံများက ဆိုသည်။
“စစ်တပ်တွေကတော့ နမ့်ပိုင်ရွာကနေပြီးတော့ အင်အား ၂၀၀ လောက်နဲ့ ဆုတ်သွားတယ်ပြောတယ်၊ နမ့်ပိုင်လမ်းဘက်ကနေ ထွက်သွားတာ၊ ဒါပေမဲ့ အဲဒီဘက်တွေကိုလည်း TNLA က အကုန်လုံးပိတ်ထားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
နမ္မတူမြို့ နောက်ဆုံးအခြေအနေများနှင့် ပတ်သက်ပြီး စစ်ကောင်စီက ထုတ်ပြန်ခြင်း မရှိသေးပေ။
ဒီဇင်ဘာ ၂၃ ရက်စွဲတပ် ထုတ်ပြန်ချက်တစ်ခုတွင်မူ နမ္မတူမြို့ ပစ်ခတ်မှုအကြောင်း ဖော်ပြထားသည်။
ဒီဇင်ဘာ ၂၃ ရက်နေ့က TNLA ၏ ပစ်ခတ်မှုကြောင့် ရပ်ကွက်အတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်တပ်က ပစ်ခတ်ခြင်း မဟုတ်ကြောင်း ရေးထားသည်။