စစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ စစ်ရေးပြင်းထန်နေသည့် ပေါက်တောမြို့ကို ယနေ့ (ဒီဇင်ဘာ ၂၁) နံနက်အစောမှ စတင်၍ စစ်ရေယာဉ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေပြီး မြို့မဈေးအပါအဝင် နေအိမ်များလည်း မီးလောင်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
ပေါက်တောမြို့အနောက်ဘက် ကုလားတန်မြစ်အတွင်း ရောက်ရှိနေသည့် စစ်ရေယာဉ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေပြီး မြို့ပေါ်တွင် တပ်စွဲထားသည့်စစ်တပ်က ယနေ့ မွန်းလွဲ ၁ နာရီခန့်မှ စတင်၍ မီးရှို့နေရာ မြို့မဈေးပါ မီးလောင်နေကြောင်း ဒေသတွင်းသတင်းများကလည်း ဖော်ပြကြသည်။
AA နှင့် စစ်တပ်တို့ မြို့တွင်းတိုက်ပွဲဖြစ်နေပြီး စစ်တပ်၏ မီးရှို့သည့်လုပ်ရပ်မှာ လုပ်ရိုးလုပ်စဉ်သာဖြစ်ကြောင်း ထွက်ပြေးတိမ်းရှောင်နေရသော ပေါက်တောမြို့ခံတစ်ဦးက ပြောသည်။
“ဒီကနေ့လည်း တိုက်ပွဲ ဆက်ဖြစ်ပါတယ်။ လက်နက်ကြီး ပစ်ကူပေးရတယ်ဆိုကတည်းက AA တိုက်တာ အလူးအလဲခံနေရတယ်ဆိုတာ သိနိုင်တယ်။ သူတို့က AA ကို မနိုင်ရင် အိမ်ကို မီးရှို့မှာပဲ။ သူတို့လုပ်ရိုးလုပ်စဉ်ဖြစ်နေပြီ” ဟု ထိုသူက ဆိုသည်။
ပေါက်တောမြို့ပေါ်တွင် စစ်တပ်က မီးရှို့နေရာ မြို့မဈေးပါ မီးလောင်နေကြောင်း Arakan Princess Media တွင် ဖော်ပြထားသည်။
စစ်တွေမြို့ခံတစ်ဦးက ပေါက်တောတွင် တိုက်ပွဲများဖြစ်နေသဖြင့် ကုလားတန်မြစ်ဘက်မှ စစ်ရေယာဉ်များ၊ စစ်တွေမြို့ အမှတ် (၁၂) ရဲတပ်ရင်းတွင် အထိုင်ချထားသည့် လက်နက်ကြီးဖြင့်လည်း ပစ်ကူနေကြောင်း ဒီဇင်ဘာ ၂၁ ရက် ညနေက ပြောသည်။
“လက်နက်ကြီး ပစ်သံကြားတာနဲ့ ပေါက်တော တိုက်ပွဲစပြီဆိုတာ အားလုံးသိနေကြပြီ။ စစ်တွေ အမှတ် (၁၂) ရဲတပ်ရင်းကနေ လက်နက်ကြီးနဲ့ ပေါက်တောကို လှမ်းပစ်တယ်။ မီးလုံးသွားနေတာကို ဒီအတိုင်းမြင်ရတယ်။ နောက် ကုလားတန်မြစ်ထဲမှာ ရှိတဲ့ နေဗီကလည်း လှမ်းပစ်တယ်။ ကုန်ခဲ့တဲ့ ၂ ရက်လောက်စလို့ နေ့တိုင်း နေ့ရောညပါ လက်နက်ကြီးပစ်တာ ကြားရတယ်”ဟု ဆိုသည်။
“ဒီကနေ့လည်း မနက်ပိုင်းကစလို့ ကြိုးကြားကြိုးကြား လက်နက်ကြီးပစ်သံ ကြားရတယ်။ ညနေ ၄ နာရီခွဲထိ ကြားနေရတယ်”
ပြီးခဲ့သည့် နိုဝင်ဘာ ၁၅ ရက်ညက ပေါက်တောမြို့မရဲစခန်းကို ရက္ခိုင့်တပ်တော် (AA) က ဝင်ရောက်စီးနင်းခဲ့ပြီး ပြန်ဆုတ်ခွာသွားရာ နောက်တစ်နေ့ နိုဝင်ဘာ ၁၆ ရက်တွင် စစ်ကောင်စီက ရေကြောင်းဖြင့် တပ်ကို ပေါက်တောသို့ ပို့ဆောင်ပြီး မြို့ခံများကို ဖမ်းဆီးခဲ့သည်။
မြို့ခံအများစုမှာ ဘေးလွတ်ရာသို့ နေ့ချင်း တိမ်းရှောင်ခဲ့ရပြီး အများစုမှာ ယနေ့အထိ နေရပ်မပြန်နိုင်သေးပေ။
ပေါက်တောမြို့နယ်၏ အရှေ့ဘက်တွင် မင်းပြားမြို့နယ်၊ တောင်ဘက်တွင် ဘင်္ဂလားပင်လယ်အော်နှင့် ထိစပ်ကာ အနောက်ဘက်တွင် စစ်တွေမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တို့ရှိပြီး မြောက်ဘက်တွင် မြောက်ဦးမြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျက်ရှိသည်။ မြို့အနောက်ဘက်တွင် ကုလားတန်မြစ်နှင့် အရှေ့ဘက်တွင် ကျွဲကူးမြစ်တို့ရှိသည်။
ယင်းအချိန်မှစ၍ ပေါက်တောမြို့တွင်းတွင် စစ်ကောင်စီ နှင့် AA တို့ မြို့တွင်းတိုက်ပွဲ ဖြစ်ပွားနေခဲ့ရာ တိုက်ပွဲဖြစ်ချိန်တိုင်း စစ်ကောင်စီသည် မြို့ကို ရေကြောင်း ၊ လေကြောင်းမှ လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်လျက်ရှိသည်။
မြို့ပေါ်ရှိ နေအိမ်အဆောက်အအုံနှင့် စျေးဆိုင်များအပါအဝင် ပေါက်တောမြို့ရှိ အဆောက်အအုံအများစုမှာ ပျက်စီးသွားပြီဟု မြို့ခံများက ပြောသည်။
“ပေါက်တောမြို့က ရစရာမရှိအောင် ပျက်စီးသွားပါပြီ။ ရဲစခန်းအနောက်ဘက်မှာ ရှိတဲ့ ကျွန်မတို့အိမ်ဆိုရင်လည်း ဆောက်ထားတာ မကြာသေးဘူး မီးထဲ ပါသွားပြီ။ ရဲစခန်းကို သိမ်းလိုက်ပြီး မိုးလင်းတာနဲ့ စစ်ကောင်စီ တက်လာပြီ အားလုံးပြေးရမယ်ဆိုတော့ မြို့ကနေ ဒီအတိုင်း ထွက်လာကြတာ။ ပထမတော့ အများဆုံးတစ်ပတ်ပဲ၊ အိမ်ပြန်ရမယ် ထင်ခဲ့တာ”
“အခုတော့ အိမ်လည်း မီးထဲပါသွားပြီ။ ပြန်စရာလည်း မရှိတော့ဘူး။ ဘယ်အချိန် ပြန်ရမလဲဆိုတာလဲ မသိဘူး။ အခုတော့ ဆွေမျိုးရှိတဲ့ ရွာတစ်ရွာမှာ ဒုက္ခသည်ဘဝနဲ့ နေတာ တစ်လရှိပြီ။ ပြေးစရာလည်း မြေမရှိတော့ဘူး” ဟု ပေါက်တောမြို့မှ ထွက်ပြေးတိမ်းရှောင်နေရသူ အမျိုးသမီးတစ်ဦးကလည်း ပြောသည်။
အလားတူ စစ်တွေမြို့နယ်အတွင်း စစ်ကောင်စီတပ်နယ်မြေနှင့် နီးသည့် ကျေးရွာများတွင် စစ်တပ်က အထိုင်စခန်း လာရောက်တိုးချဲ့ချထားခြင်းများ ရှိနေသည်။
စစ်တွေမြို့နယ် ရွှေမင်းဂံစာသင်ကျောင်းနှင့် ချောင်းနွယ်၊ မင်းဂံရွာရှိ ဆိုင်ကလုန်း Shelter အဆောက်အအုံတို့တွင် စစ်တပ် တပ်စွဲထားပြီး ဇော်မတတ်ကျေးရွာတွင်လည်း အထိုင်ချကာ ဒေသခံများ အသွားအလာကို ပိတ်ဆို့ထားသည်ဟု သိရသည်။
အလားတူ ယနေ့ နံနက် ၁၁ နာရီခွဲခန့်က စစ်ကောင်စီတပ် အင်အား ၅၀ ခန့်က စစ်တွေမြို့နယ်၊ တောကန်ကျေးရွာသို့ ဝင်ရောက် မီးရှို့ခဲ့သည်ဟု သိရသည်။
လက်ရှိတွင် ရခိုင်တောင်ပိုင်းနှင့် မြောက်ပိုင်းမှာပါ စစ်ကောင်စီတပ်နှင့် AA တို့ စစ်ရေးပြင်းထန်လျက်ရှိနေရာ မကြာသေးခင် ဒီဇင်ဘာ ၁၈ နံနက်က ရမ်းဗြဲမြို့ပေါ်တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီက ကြည်း၊ ရေ၊ လေဖြင့် တုံ့ပြန်သဖြင့် ဒေသခံများ မြို့လုံးကျွတ် ထွက်ပြေးနေရသည်။
ယနေ့ မွန်းလွဲ ၂ နာရီခန့်ကလည်း သိမ်တောင်မြစ်ဝရှိ စစ်ရေယာဉ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေ၍ မြို့တွင်း အမှတ် (၄) ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲပြီး နေအိမ်တချို့ မီးလောင်သွားကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။