
ယနေ့ (ဒီဇင်ဘာ ၂၁) နံနက်အစောပိုင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ မန္တလေးမြို့လယ်မှ နန်းတွင်းကို မြို့ပြပြောက်ကျားအဖွဲ့တစ်ခုက ရှော့တိုက်ဒုံးများဖြင့်ပစ်ခတ်ခဲ့ပြီး ပေါက်ကွဲသံများကြားရသည်ဟု မြို့ခံများက ဆိုသည်။
မန္တလေးနန်းတွင်းကို နံနက် ၂ နာရီခွဲတွင် ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု No More Dictatorship People Defence Force (NMD) ဆိုသော မြို့ပြပြောက်ကျားအဖွဲ့က ထုတ်ပြန်သည်။
စစ်ကောင်စီကို ခြိမ်းခြောက်လိုသည့် ရည်ရွယ်ချက်ဖြင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ ရှော့တိုက်ဒုံး ၅ လုံးကို အောင်မြင်စွာပစ်ခတ်နိုင်ခဲ့ကြောင်း NMD တာဝန်ခံက ဆိုသည်။
“အခုချိန်ထိ ဘယ်ပြည်သူ့အိမ်မှ ထိသံမကြားသေးလို့ အကုန်နန်းတွင်းထဲ ဝင်တယ်လို့ ယူဆရပါတယ်။ ၆ လုံးပစ်တာမှာ ၅ လုံး ထွက်ပါတယ်။ အထိအခိုက်ကတော့ ကျွန်တော်တို့လည်း စုံစမ်းဆဲပါ” ဟု ပြောက်ကျားတပ်ဖွဲ့တာဝန်ခံ အမျိုးသားက ပြောသည်။
ထိုတိုက်ခိုက်မှုကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ မြို့ပြပြောက်ကျားအဖွဲ့များဖြစ်သော Brave Warriors For Myanmar (BMW)၊ မြို့ပြအထူးစစ်ဆင်ရေး (U.S.O)၊ Security & Special Task Force (SSTF-MDY) နှင့် ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့နှင့် ပူးပေါင်းလုပ်ဆောင်ခဲ့သည်ဟုလည်း သိရသည်။
ကျယ်လောင်သော ပေါက်ကွဲသံများ ဆက်တိုက်ကြားရသည်ဟု မန္တလေးနန်းတွင်း အနီးဆုံးမြို့နယ်တစ်ခုဖြစ်သော အောင်မြေသာစံမြို့နယ်နေ အမျိုးသမီးတစ်ဦးက ဆိုသည်။
“အုံးအုံးနဲ့ကွဲတာ ကြားရပြီး….အိပ်သွားတာ။ ခု မနက်ကျတော့ နန်းတွင်းဖြစ်တာလို့ သိရတယ်။ အထိအခိုက်တော့ သူတို့ထဲဖြစ်တာဆိုတော့ အပြင်က မသိရနိုင်ဘူး”
ပေါက်ကွဲသံများ ကြားခဲ့ရသော်လည်း ယနေ့နံနက်ပိုင်းတွင် ကျုံးဘေးတစ်လျှောက် လုံခြုံရေးချထားသည်ကို မတွေ့ရဟု ချမ်းအေးသာစံမြို့နယ်မှ အမျိုးသားတစ်ဦးကလည်း ပြောသည်။
“အိမ်ကလူတွေလည်း အကုန် လန့်နိုးကုန်တယ်…ဘာဖြစ်တာပါလိမ့်ပေါ့။ (အသံကြားရတာ) ညဘက်ကြီး တိတ်ဆိတ်နေလို့လည်း ပါတယ်”
“ကျုံးဘေးအတိုင်း မြောက်ပြင်ကို သွားတာ… ဘာအစစ်အဆေးမှ မရှိဘူး။ ၁၉ လမ်း လမ်း ၈၀ မှာ ခါတိုင်း စောင့်နေကျ စစ်သားတွေလည်း တစ်ယောက်ပဲ တွေ့ခဲ့တယ်။ အရိပ်မထွက်ဘုရားရှေ့က ဂိတ်လည်း ဘာမှ မရှိဘူး။ ခါတိုင်း ပုံမှန်စစ်ဆေးနေကျနေရာတွေတောင် လျော့ထားတယ်။ မနက်အစောပိုင်းမို့လားတော့ မသိဘူး” ဟု အထက်ပါအမျိုးသားက ယနေ့ နံနက် ၆ နာရီခန့်အချိန် ကျုံးဘေးတစ်လျှောက် မြင်တွေ့ရပုံကို ပြောသည်။

သို့သော် ယနေ့ မွန်းလွဲပိုင်းမှစ၍ စစ်တပ်က အစစ်အဆေးကြမ်းနေပြီး မန္တလေးမြို့အထွက်ဂိတ်များတွင် လုံခြုံရေးအထူးတင်းကျပ်ကာ စစ်ဆေးနေသည်ဟု သိရသည်။
တယ်လီဂရမ်လူမှုကွန်ရက်ရှိ စစ်ကောင်စီဝါဒဖြန့် ချန်နယ်တစ်ခုတွင် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်သူ ၁၀ ဦးထက်မနည်း ဖမ်းဆီးထားသည်ဟု ဖော်ပြသည်။
တိုက်ခိုက်သည့် မြို့ပြပြောက်ကျားအဖွဲ့ကမူ ၎င်းတို့တပ်ဖွဲ့ဝင်များ အဖမ်းမခံရဟု ဆိုသည်။
ယမန်နေ့တွင်လည်း မန္တလေးနန်းတွင်းရှိ စစ်ရေးပစ်မှတ်၊ အိုးဘိုထောင် (ဗဟိုကင်း) နှင့် အောင်မြေသာစံမြို့နယ် အမှတ် (၄) ရဲစခန်းအပါအဝင် ရဲစခန်း ၃ ခုတို့ကို “ရွှေပြည်စိုး” စစ်ဆင်ရေးအဖြစ် ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မန္တလေးခရိုင်တပ်ရင်းက သတင်းထုတ်ပြန် ထားသည်။
လွန်ခဲ့သည့် အောက်တိုဘာလဆန်းပိုင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ မန္တလေးနန်းတွင်းကို ရည်ရွယ်ကာ လက်နက်ကြီးဖြင့် ပစ်ခတ်စဉ် ကျုံးတောင်ဘက် ချမ်းအေးသာစံမြို့နယ်၊ စိတ္တရမဟီရပ်ကွက်ရှိ လူသူမရှိသော နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲကာ လူနေအိမ်တစ်လုံးနှင့်ကားတစ်စီး ပျက်စီးခဲ့သည်။