အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) အခြေစိုက်သည့် မန္တလေးမြို့နန်းတွင်းအနီး ကျုံးမြို့ရိုးတောင်ဘက်ရှိ လူနေအိမ်တစ်လုံးပေါ်သို့ ယနေ့ (အောက်တိုဘာ ၂) နံနက် ၄ နာရီခန့်က လက်နက်ကြီးကျည်တစ်လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး လူအထိအခိုက်မရှိကြောင်း သိရသည်။
ချမ်းမြသာစည်မြို့နယ်၊ စိတ္တရမဟီရပ်ကွက် ၂၆ လမ်းနှင့် ၂၇ လမ်းကြား၊ ၇၄ လမ်းနှင့် ၇၅ လမ်းကြားရှိ စော်ဘွားဝင်းအတွင်း အဆိုပါ နှစ်ထပ်တိုက်အဆောက်အအုံနှင့် ကားမှန်များ ထိခိုက်ခဲ့သည်။
နန်းတွင်းရှိ စစ်တပ်ကို ပစ်ခတ်ရာမှ အရပ်သားများရှိသည့် နေရာသို့ ကျရောက် ပေါက်ကွဲခြင်း ဖြစ်နိုင်သည်ဟု ချမ်းမြသာစည်မြို့နယ်နေ မြို့ခံတစ်ဦးက Myanmar Now ကို ယနေ့ ပြောသည်။
“လက်နက်ကြီးက ရှော့ဒုံး ၁၀၇ သို့မဟုတ် ၁၂၀ မမ ဖြစ်ဖို့ များတယ်။ အသံကြီးက အိမ်တွေပါ တုန်တယ်။ မနက်အစောပိုင်းလည်းဖြစ်တော့ တစ်မြို့လုံးကို ဟည်းထသွားတာပဲ” ဟု အဆိုပါ ဒေသခံက ပြောသည်။
ထိုပေါက်ကွဲသံကြားအပြီး စက္ကန့်ပိုင်းခြားကာ သေနတ်သံများပါ တရစပ် ကြားရကြောင်း ၎င်းက ဆိုသည်။
“အဲဒီအိမ် (လက်နက်ကြီးကျတဲ့အိမ်) ကတော့ ဘုရားဖူးထွက်သွားတာလို့ သိရတယ်။ တစ်အိမ်လုံး လူမရှိတော့ တော်သေးတယ်။ အဆောက်အအုံတွေပဲ ထိခိုက်တယ်”
ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာသည် နန်းတွင်း (လပခ) ၏ ဘေးကပ်လျက် ရပ်ကွက်ဖြစ်ပြီး အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မန္တလေးမြို့မှ မိုင် ၄၀ အကွာ ပြင်ဦးလွင်မြို့သို့ ရောက်ရှိနေချိန်နှင့် တိုက်ဆိုင်နေသည်။
အဆိုပါ ပေါက်ကွဲမှုအကြောင်း စစ်ကောင်စီနှင့် တော်လှန်ရေးအဖွဲ့များက ချက်ချင်း သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။ နှစ်ဖက်လုံးမှာ လက်နက်ကြီးကျည် ပိုင်ဆိုင်သည့် အဖွဲ့များ ဖြစ်ကြသည်။
စစ်တပ်ဝါဒဖြန့် အွန်လိုင်းစာမျက်နှာများကမူ နန်းတွင်းအနီး နှစ်ထပ်တိုက်နေအိမ်ခေါင်မိုးပေါ်သို့ လက်နက်ကြီးဟု ယူဆရသည့်ကျည် ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ တိုက်နေအိမ်နှင့်ကပ်လျက်အိမ်များ၊ ကားတစ်စီးနှင့် မီးကြိုးများလည်း ထိခိုက်ခဲ့ကြောင်း ရေးသားထားကြသည်။
လတ်တလောတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ချမ်းမြသာစည်မြို့နယ်အတွင်း အဆောက်အအုံ အထပ်မြင့်များကို စီးနင်းရှာဖွေနေသည်ဟု မြို့ခံများက ဆိုကြသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မန္တလေးတိုင်းအခြေစိုက် ခရိုင်တပ်ရင်း (၄) ခုက ညီနောင်တပ်ပေါင်းစုအဖြစ် ဖွဲ့စည်းကာ မန္တလေးမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့များကို စစ်ရေးအရှိန်မြှင့်တိုက်ခိုက်သွားမည်ဟု ပြီးခဲ့သည့် စက်တင်ဘာ ၉ က ထုတ်ပြန်ထားသည်။
အလားတူ နောင်ချိုမြို့နယ်တွင် အခြေစိုက်ပြီး တပ်ရင်း ၅ ခုဖြင့် ဖွဲ့စည်းထားသည့် MDY-PDF ကလည်း မန္တလေးနန်းတွင်းသည် ၎င်းတို့ဌာနချုပ် ဖြစ်ရမည်ဟု ကြွေးကြော်ထားသည်။
မြန်မာပြည်အလယ်ပိုင်း မန္တလေးမြို့တွင် ပြီးခဲ့သည့် စက်တင်ဘာအတွင်း စစ်ကောင်စီဒေါက်တိုင် ဌာနဆိုင်ရာ အခွန်ရုံး၊ စစ်တပ်ပိုင် မြဝတီဘဏ်နှင့် စစ်တပ်နှင့် ဆက်စပ်သည့် အဆောက်အအုံတချို့တို့ ဖောက်ခွဲတိုက်ခိုက်ခံရသည်။
စစ်ကောင်စီကလည်း စစ်ကိုင်းမြို့နှင့် ထိစပ်နေပြီး အာဏာသိမ်းကာလ နှစ်နှစ်ကျော်အတွင်း ရဲစခန်း၊ တရားရုံးနှင့် ထွေအုပ်ရုံးတို့ မကြာခဏ တိုက်ခိုက်ခံထားရသည့် မန္တလေးမြို့ အမရပူရမြို့နယ်တွင်လည်း ဆိုင်ကယ်စီးနင်းခွင့် ကန့်သတ်ထုတ်ပြန်လိုက်ကြောင်း စက်တင်ဘာ၂၉ က စာဖြင့် ထုတ်ပြန်ထားသည်။
အမရပူရမြို့နယ်အတွင်း ဆိုင်ကယ်တစ်စီးလျှင် အမျိုးသားနှစ်ဦး မစီးနင်းရ…အမျိုးသမီးမောင်းနှင်သည့် ဆိုင်ကယ်နောက်တွင် အမျိုးသားလိုက်ပါမစီးနင်းရ စသည့် ကန့်သတ်ချက်များဖြင့် မန္တလေးတွင် ပထမဆုံးမြို့နယ်တစ်ခုကို ကန့်သတ်အမိန့်ထုတ်လိုက်ခြင်းဖြစ်သည်။
ပြင်ဦးလွင်မြို့တွင်လည်း စစ်ခေါင်းဆောင်ရောက်ရှိနေသောကြောင့် ယမန်နေ့ နံနက်အစောပိုင်းမှစတင်ကာ မြို့တွင်းမြို့ပြင် လုံခြုံရေး အထူးတင်းကျပ်ထားသည်ဟု သိရသည်။
ပြင်ဦးလွင်တစ်မြို့လုံးတွင် စစ်တပ်၊ ရဲ၊ ယာဉ်ထိန်းရဲများ ခြေရှုပ်နေချိန် ယမန်နေ့ အောက်တိုဘာ ၁ က မန္တလေးမြို့လမ်းမများ၌ အစစ်အဆေးမရှိသလောက် နည်းပါးခဲ့သည်ဟု မြို့ခံတို့က ဆိုကြသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။