
တိုက်ပွဲများပြင်းထန်နေသည့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ယမန်နေ့ (ဒီဇင်ဘာ ၁၈ ရက်) တွင် နမ့်ဆန်နှင့် ကျောက်မဲမြို့နယ်တို့မှ ဒေသခံ ၇ ဦး သေဆုံးခဲ့သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ပြန်ကြားရေးဌာနက ပြောသည်။
ဒီဇင်ဘာ ၁၈ ရက်နေ့ မွန်းလွဲ ၄ နာရီခန့်က နမ့်ဆန်မြို့ပေါ်ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် နမ့်ဆန်ပြည်သူ့ဆေးရုံရှေ့တွင် ဒေသခံတချို့ သေဆုံးသည်ဟု TNLA ပြန်ကြားရေးရုံးမှ အမျိုးသမီးက ပြောသည်။
“ပေါင် ၅၀၀ ဗုံးနဲ့ လာကြဲသွားတာ၊ နမ့်ဆန်ပြည်သူ့ဆေးရုံနားမှာ။ အဲဒီလို လာကြဲသွားတဲ့အတွက် ဒေသခံ ၄ ဦးကတော့ သေဆုံးသွားတယ်၊ နေအိမ်တွေလည်း မီးလောင်ပျက်စီးသွားတယ်” ဟု ပြန်ကြားရေးအရာရှိက ပြောသည်။
TNLA ၏ စာရင်းများအရ သေဆုံးသူများမှာ မန်လုံးရွာမှ ဒေသခံအမျိုးသားတစ်ဦးနှင့် ဇယ်ဘန်ကောက်ရွာမှ ဒေသခံအမျိုးသားသုံးဦးတို့ဖြစ်သည်ဟု သိရသည်။
ထိုနေ့တွင်ပင် ကျောက်မဲမြို့ပေါ်ရှိ စစ်ကောင်စီတပ်က မြို့အနောက်မြောက်ဘက် မိုင် ၂၀ ကျော်အကွာတွင်ရှိသည့် ဟူးကွတ်ရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သလို လေကြောင်းမှလည်း နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဟူးကွတ်ရွာမှ အသက်မပြည့်သေးသည့် ကျောင်းသူနှစ်ဦးနှင့် အသက် ၆၀ ကျော်အရွယ် အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့သလို နေအိမ် ၂၀ ကျော်ပျက်စီးခဲ့ရာတွင် နေအိမ် ၆ လုံး မီးလောင်ပြာကျသွားခဲ့သည်ဟု သိရသည်။
ဒီဇင်ဘာ ၁၈ ရက်နေ့တွင် စစ်ကောင်စီလေတပ်က နမ့်ဆန်၊ ကျောက်မဲ၊ နမ့်ခမ်း၊ မန်တုံမြို့နယ်တို့ကို ဗုံးကြဲခဲ့သည်၊ နမ့်ခမ်းမြို့ စခန်းသစ်ကုန်းကို အကြိမ် ၃၀ ခန့်နှင့် မန်တုံမြို့ကို အကြိမ် ၂၀ ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု TNLA က ထုတ်ပြန်ထားသည်။
မြောက်ပိုင်းအဖွဲ့များနှင့် ဖြစ်ပွားသည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က အရပ်သားများကိုပါ ပစ်မှတ်ထားတိုက်ခိုက်နေသည်ဟု ရှမ်းမြောက်အခြေစိုက် တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“တော်လှန်ရေးအင်အားစုတွေနေရာကို ဦးတည်တိုက်ခိုက်တယ်ဆိုတာထက် တချို့နေရာတွေမှာဆို လေယာဉ်အသုံးပြုတာရော၊ လက်နက်ကြီးအသုံးပြုတာရော လုံးဝကို အရပ်သားပြည်သူလူထုကို ဦးတည်ပြီးတိုက်ခိုက်နေတယ်။ ဒါက လုံးဝမဖြစ်သင့်တဲ့ မတရားတဲ့နည်းလမ်းတွေကို အသုံးပြုနေတာ” ဟု သူက ပြောသည်။
TWO က ပြုစုထားသည့် အချက်အလက်များအရ ၁၀၂၇ စစ်ဆင်ရေးစတင်သည့် အောက်တိုဘာ ၂၇ ရက်နေ့မှ ယနေ့အထိ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဒေသခံ ၁၂၀ ကျော် သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၂၁၀ ကျော်ခန့် ရှိနေပြီဟု သိရသည်။
၁၀၂၇ စစ်ဆင်ရေးကြောင့် ရှမ်းမြောက်ရှိ တပ်စခန်းပေါင်း ၃၀၀ နီးပါးနှင့် မြို့ ၇ မြို့ကို လက်လွှတ်ခဲ့ရသည့် စစ်ကောင်စီတပ်က မြေပြင်တပ်ကူများ မပို့နိုင်သည့်အတွက် လေကြောင်းကို အားပြုကာ ခုခံတိုက်ခိုက်နေသည်။
ဒီဇင်ဘာ ၁၅ ရက်နေ့တွင် နမ့်ဆန်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို TNLA က တိုက်ခိုက်ကာ မြို့ကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ဒီဇင်ဘာ ၁၆ ရက်နေ့မှ စတင်ကာ နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်နေသည်။
ထို့ပြင် နမ့်ဆန်မြို့၏ မြောက်ဘက် မိုင် ၃၀ ခန့်အကွာတွင်ရှိသည့် မန်တုံမြို့ရှိ အမှတ် ၁၃၀ ခြေလျင်တပ်ရင်း တပ်စခန်းကလည်း နမ့်ဆန်မြို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။
ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲများနှင့် ပတ်သက်၍ စစ်ကောင်စီပြောခွင့်ရက လတ်တလောတွင် နှုတ်ဆိတ်နေလျက်ရှိသည်။
အရပ်သားများ ထိခိုက်မှု ဖြစ်ရပ်များကို သတင်းအမှောင်ချထားသော်လည်း အရပ်သားပစ်မှတ်များကို ပစ်ခတ်ရမည့် အခြေအနေ ရှိလာနိုင်သည်ဟု ဒီဇင်ဘာ ၄ ရက်နေ့တွင် စစ်ကောင်စီ ပြန်ကြားရေးအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားသည်။
တိုက်ပွဲများကြောင့် နမ့်ဆန်မြို့ခံအများစုမှာ ဒီဇင်ဘာ ၁၀ ရက်နေ့မှစတင်ကာ နီးစပ်ရာကျေးရွာများသို့ တိမ်းရှောင်နေကြရသည်။ ယနေ့အထိ မြို့သို့ ပြန်လည်ရောက်ရှိလာသူ အနည်းငယ်ခန့်သာ ရှိသေးသည်ဟု သိရသည်။