သတင်း

ရှမ်းမြောက်ဒေသ တိုက်ပွဲများတွင် TNLA က စခန်းနှစ်ခု ထပ်သိမ်းယူ

ဒီဇင်ဘာ ၇ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲနှင့် မန်တုံမြို့နယ် တိုက်ပွဲများတွင် စစ်ကောင်စီ၏ တပ်စခန်း ၂ ခု သိမ်းယူလိုက်သည်ဟု တအာင်းတပ်မတော် (TNLA) က ပြောသည်။

ကျောက်မဲမြို့နယ်ရှိ လယ်ကြီးတပ်စခန်းနှင့် မန်တုံမြို့နယ်မှ ခိုမုန်းတပ်စခန်းတို့ကို TNLA နှင့် မိုးကုတ်ဗျူဟာ PDF ပူးပေါင်းအဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခြင်းဖြစ်သည်။

“အဲဒီစခန်းနှစ်ခုကို ကျွန်မတို့ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်တယ်၊ အဲဒီမှာ လက်နက်ကြီးပစ်တာတွေရှိသလို သူတို့ဆီက လက်နက်ခဲယမ်းတချို့ သိမ်းဆည်းနိုင်တာလည်းရှိပါတယ်” ဟု TNLA ပြန်ကြားရေးတာဝန်ခံက ပြောသည်။

လယ်ကြီးတပ်စခန်းအတွင်းမှ 60/80 MM လက်နက်ကြီးအပါအဝင်၊ လက်နက်ငယ် ၁၀ လက်နှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းမိသည်၊ သုံ့ပန်းများအဖြစ် စစ်သး ၂ ဦး၊ ရဲ ၃ ဦးကို ဖမ်းမိထားသည်ဟု TNLA ပြန်ကြားရေးဌာနက ယနေ့ (ဒီဇင်ဘာ ၈) တွင် ထုတ်ပြန်သည်။

မန်တုံမြို့နယ်ရှိ လယ်ကြီးစခန်းကို သိမ်းပိုက်စဉ် စစ်ကောင်စီတပ်က ထိုနေရာကို ဂျက်တိုက်လေယာဉ်ဖြင့် ၁၂ ကြိမ်ခန့် ပစ်ခတ်ခဲ့သလို လက်နက်ကြီးပစ်ကူများလည်း ပေးခဲ့သည်ဟု သိရသည်။

ထိုနေ့ တစ်နေ့တည်းတွင်ပင် နမ့်ခမ်းမြို့နယ် စခန်းသစ်ကုန်းစခန်း၊ ကွတ်ခိုင်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း၊ သီပေါမြို့နယ်ရှိ စံဖိတ်ရွာတို့တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

စခန်းသစ်ကုန်းကို တိုက်ခိုက်နေစဉ် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ၄ ကြိမ် လာရောက်တိုက်ခိုက်ခဲ့သည်၊ နမ့်ခမ်းမြို့တောင်ဘက် မိုင် ၂၀ ကျော်အကွာတွင် ရှိသည့် နမ့်ဖတ်ကာကျေးရွာရှိ စစ်ကောင်စီစခန်းမှ လက်နက်ကြီးဖြင့် ၂၇ ကြိမ်ပစ်ကူပေးခဲ့သည်ဟု TNLA က ဆိုသည်။

ဒီဇင်ဘာ ၈ ရက်နေ့က မြို့နယ်တချို့တွင် တိုက်ပွဲများ ဖြစ်ပွားနေသော်လည်း မြေပြင်သတင်းများ မရရှိသေးကြောင်း TNLA ပြန်ကြားရေးတာဝန်ခံက ပြောသည်။

၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့သည့် အောက်တိုဘာ ၂၇ ရက်မှ ဒီဇင်ဘာလ ၈ ရက်နေ့အထိ တအာင်းပြည်နယ်အတွင်း စစ်ကောင်စီ တပ်စခန်း (၅၃) ခုကို ရှင်းလင်းသိမ်းပိုက်ထားသည်ဟု TNLA ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

စစ်ကောင်စီ စခန်းများအတွင်း ဒီဇင်ဘာ ၇ ရက်က TNLA တို့ သိမ်းဆည်းရမိသည့် စစ်လက်နက်များ (ဓာတ်ပုံ − TNLA)

မူဆယ်နှင့် လောက်ကိုင် အခြေအနေ

ဒီဇင်ဘာလဆန်းက တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့သည့် မူဆယ်မြို့တွင် ယခုနှစ်ရက်အတွင်း တိုက်ပွဲများ ငြိမ်သက်နေသည်ဟု မြို့ခံတချို့က ပြောသည်။

“လက်နက်ကြီးရော လေကြောင်းရော ငြိမ်တာတော့ရှိတယ်။ လေယာဉ်လာတာတော့ ရှိတယ်၊ ပစ္စည်းလာချတာနဲ့ တူတယ်။ ဘာမှတော့ ထူးခြားမှုမရှိဘူး။ တိုက်ပွဲငြိမ်သွားတာက ရာသီဥတုကြောင့်လား၊ အားယူနေကြတာလားတော့ မသိဘူး၊ ခဏတော့ ငြိမ်နေတယ်” ဟု မူဆယ်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

လတ်တလောတွင် မူဆယ်မြို့ အဝင်အထွက်လမ်းများကို မြောက်ပိုင်းမဟာမိတ်တပ်များက ပိတ်ဆို့စစ်ဆေးနေသည်ဟု သိရသည်။ ခရီးသွားလာလိုပါက မြေပြင်ရှိ TNLA တပ်ဖွဲ့များထံ ကြိုတင်အသိပေးပြီး သွားလာနိုင်ကြောင်း TNLA က ပြောသည်။

နိုဝင်ဘာ ၇ တွင် စစ်ကောင်စီတပ်က ကိုးကန့် ကွမ်းလုံဒေသအတွင်း အကြီးစားဗုံးတစ်လုံးကြဲချမှုကြောင့် နေအိမ် ၈ လုံးပျက်စီးသော်လည်း ဒေသခံများ ထိခိုက်ဒဏ်ရာရမှုမရှိခဲ့ကြောင်း MNDAA က ထုတ်ပြန်ထားသည်။

ဒီဇင်ဘာ ၆ ရက်နေ့က ကိုးကန့်ဒေသမြို့တော် လောက်ကိုင်မြို့တောင်ဘက်ရှိ စစ်ကောင်စီစခန်းအားလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီး လောက်ကိုင်မြို့ကို အချိန်မရွေးဝင်ရောက်နိုင်နေပြီဖြစ်ကြောင်း MNDAA ပြန်ကြားရေးအရာရှိ လီကျားဝင်းက ပြောဆိုထားသည်။

ကိုးကန့်ဒေသ နောက်ဆုံးအခြေအနေနှင့် ပတ်သက်ပြီး သူ့ကို ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်သည်။

လတ်တလောတွင် လောက်ကိုင်မြို့ကို ဝင်ရောက်တိုက်ခိုက်ခြင်းမရှိသေးသလို ကိုးကန့်ဒေသတွင်း၌ စစ်ကောင်စီတပ်၏ မီရှင့်ကုတ်၊ နန်ထင်မိန်၊ ရန်လုံကျိုင့်နှင့် တာရွှေထန် စသည့် စခန်းများသာ သိမ်းပိုက်ရန် ကျန်တော့သည်ဟု MNDAA က ထုတ်ပြန်ထားသည်။

ရှမ်းမြောက်ဒေသ စစ်ရေးအခြေအနေကို စစ်ကောင်စီက သတင်း မဆိုစလောက်သာ ထုတ်ပြန်နေသည်။ ယခုလအတွင်း TNLA လှုပ်ရှားဒေသ တိုက်ပွဲများအကြောင်း သတင်းအမှောင်ချထားသည်။

ကိုးကန့်ဒေသ တိုက်ပွဲများအကြောင်းကို ဒီဇင်ဘာလအတွင်း ၂ ကြိမ် ထုတ်ပြန်ထားသည်။

ဒီဇင်ဘာ ၁ ရက်နေ့ ထုတ်ပြန်ချက်တွင် လောက်ကိုင်မြို့ကို MNDAA က ရှော့တိုက်ဒုံးများနှင့် ပစ်ခဲ့သည်ဟု ဖော်ပြထားသည်။

ဒီဇင်ဘာ ၈ ရက်နေ့ ထုတ်ပြန်ချက်တွင် ကိုးကန့်ဒေသ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်အောင်ဇော်လင်းသည် ပစ်ခတ်ခံရ၍ သေဆုံးသွားပြီဟူသော သတင်းမှာ မှားယွင်းကြောင်း၊ တာဝန်ထမ်းဆောင်ဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

MNDAA ကိုးကန့်အဖွဲ့ကမူ ထိုအရာရှိ၏ ရုပ်အလောင်း ၎င်းတို့ရရှိထားကြောင်း ဒီဇင်ဘာလ ၇ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်၏ စခန်းပေါင်း ၃၀၀ နီးပါးခန့်ကို သိမ်းပိုက်ထားသည်၊ ချင်းရွှေဟော်၊ ကုန်းကြမ်း၊ ကွမ်းလုံ၊ မုန်းကိုးနှင့် ပန်ဆိုင်း(ကြူကုတ်) စသည့် မြို့များကိုလည်း MNDAA က ထိန်းချုပ်ထားသည်။

တိုက်ပွဲများတွင် စစ်ကောင်စီတပ်က လက်နက်ကြီးအပြင် လေကြောင်းမှ ပြန်လည်တုံ့ပြန်ရာတွင် အရပ်သားပစ်မှတ်များပါ ထိမှန်ခဲ့လေ့ရှိသည်။ တိုက်ပွဲစတင်ဖြစ်ပွားစဉ်မှ ယနေ့အထိ ဒေသခံ ၁၀၄ ဦး သေဆုံးပြီးဖြစ်သည်ဟု ရှမ်းမြောက်အခြေစိုက် တအာင်းအမျိုးသမီးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတစ်ဦးက ပြောသည်။

လောက်ကိုင်ဒေသ စစ်ရှောင်အရေအတွက်မှာလည်း ၉၀,၀၀၀ ဝန်းကျင်ခန့် ရှိနေပြီဖြစ်ပြီး စစ်ရှောင်များအတွက် အကူအညီများလည်း လိုအပ်နေသည်ဟု သိရသည်။

Related Articles

Back to top button