
လောက်ကိုင်မြို့ကို ထိန်းချုပ်ထားသည့် စစ်ကောင်စီ၏ စစ်ရေးအရ ဗျူဟာကျသည့် စခန်းကုန်းကို မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က ယနေ့ (ဒီဇင်ဘာ ၆ ရက်) တွင် အပြီးသတ်သိမ်းလိုက်နိုင်ပြီး မြို့ကို အချိန်မရွေး ဝင်ရောက်တိုက်ခိုက်နိုင်ပြီဟု MNDAA က ပြောသည်။
မြို့ကို ဝိုင်းပတ်ပိတ်ဆို့ထားသည့် MNDAA တပ်များက လောက်ကိုင်မြို့အဝင် တုန်ချိန်ရပ်ကွက်အနီးရှိ လေးမျက်နှာစေတီကုန်းစခန်းကို သိမ်းပိုက်လိုက်နိုင်ခြင်း ဖြစ်သည်။
ထိုစခန်းကုန်းကို MNDAA က ဒီဇင်ဘာ ၃ ရက်နေ့မှစတင်ကာ တိုက်ခိုက်နေခြင်းဖြစ်သည်၊ စစ်ကောင်စီတပ်က ပြင်းပြင်းထန်ထန်ခုခံနေသည့်အတွက် ၃ ရက်ကြာမှ စခန်းသိမ်းနိုင်သည်ဟု MNDAA ၏ ပြောခွင့်ရ လီကျားဝင်းက အတည်ပြုသည်။
“ဒီနေ့မနက်ပိုင်း တောင်ကုန်းပေါ်မှာ ကျန်တဲ့ နောက်ဆုံးစခန်းတစ်ခုကိုလည်း သိမ်းပိုက်နိုင်ခဲ့ပြီး၊ တောင်ကုန်းတစ်ခုလုံးကို ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့ပြီ” ဟု လီကျားဝင်းက ပြောသည်။
အဆိုပါ တောင်နှစ်လုံးမှာ လောက်ကိုင်မြို့အဝင်တွင် ရှိပြီး မြင့်မားမတ်စောက်သည့်အပြင် လောက်ကိုင်မြို့ တစ်မြို့လုံးကို စီးမိုးထားသည့်အတွက် စစ်ဗျူဟာအရ အရေးပါသည့် နေရာဖြစ်သည်။
အဆိုပါ တောင်ကုန်းမှ ဆင်းလိုက်သည်နှင့် တုန်ချိန်ရပ်ကွက်အတွင်း ဝင်ရောက်နိုင်ပြီး မြို့အနောက်ဘက်တွင် ရှိသည့် စစ်ကောင်စီတပ်၏ ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ) နှင့် ၂ ကီလိုမီတာခန့် (တစ်မိုင်ကျော်) သာ ဝေးတော့မည်ဖြစ်သည်။
အဆိုပါ စခန်းကုန်းကို ရလိုက်သည့်အတွက် လောက်ကိုင်မြို့တောင်ဘက်တွင် စစ်ကောင်စီတပ်စခန်း တစ်ခုမျှ မရှိတော့ဘဲ မြို့တွင်းသို့ အချိန်မရွေး ဝင်ရောက်တိုက်ခိုက်နိုင်ပြီဖြစ်သည်ဟု လီကျားဝင်းက ပြောသည်။
“အခုလောလောဆယ်တော့ (မြို့ထဲကို) မဝင်သေးဘူးဗျနော်၊ ဒါပေမဲ့ အချိန်မရွေးဝင်လို့ရပြီဆိုတဲ့ အနေအထားမှာ ရှိတယ်” ဟု လီကျားဝင်းက ပြောသည်။
ယနေ့နံနက် လောက်ကိုင်၌ တိုက်ပွဲဆက်ဖြစ်၊ မဖြစ်ကို မြေပြင်သတင်းများ မရရှိသေးပေ။
MNDAA သိမ်းပိုက်လိုက်သည့် လေးမျက်နှာစေတီကုန်းကိုမူ စစ်ကောင်စီတပ်က လေကြောင်းမှ လာရောက်တိုက်ခိုက်ခဲ့သည်ဟု လီကျားဝင်းက ပြောသည်။

လောက်ကိုင်မြို့ရှိ စစ်ကောင်စီ၏ လက်ကျန် စစ်ခန်းများ
တောင်ဘက်ရှိ စခန်းများ သိမ်းပြီးချိန်တွင် မြို့မြောက်ဘက်တွင်လည်း စစ်ကောင်စီ တပ်စခန်းအချို့ ကျန်နေသေးသည်ဟု သိရသည်။
မြို့မြောက်ဘက်တွင်လည်း လောက်ကိုင်မြို့ကို စီးမိုးထားသည့် တောင်ညီနောင်ဟု ခေါ်သည့် တောင်နှစ်လုံးရှိနေသည်။အဆိုပါ တောင်ပေါ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးများနှင့်အတူ အခိုင်အမာ ခံစစ်ပြင်ထားသည်ဟု လောက်ကိုင်မြို့တွင် နေထိုင်ခဲ့ဖူးသူတချို့က ပြောသည်။
ကိုးကန့်ဒေသအတွင်း တိုက်ပွဲများ မပြင်းထန်ခင်က အဆိုပါ တောင်ကုန်းပေါ်သို့ အရပ်သားများကို လည်ပတ်ခွင့်ပေးခဲ့သော်လည်း ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့ပြီးနောက် တောင်ပေါ်သို့ အရပ်သားများ သွားခွင့်မရတော့ကြောင်း သိရသည်။
အဆိုပါ တောင်နှစ်လုံး၏ တောင်ဘက်တောင်ခြေအနီး လောက်ကိုင်မြို့မှ တရုတ်နယ်စပ်ဂိတ်ကို ထွက်သည့် လမ်းတွင်လည်း စစ်ကောင်စီတပ်၏ စခန်းတစ်ခု ရှိနေသေးသည်။
ထို့ပြင် ၂၀၁၅ ခုနှစ်က စစ်ကောင်စီတပ်က အကျအဆုံးများပြားစွာဖြင့် MNDAA ထံမှ ပြန်လည်သိမ်းပိုက်ထားသည့် တရုတ်-မြန်မာ နယ်စပ်မျဉ်းပေါ်မှ ၂၀၂၂ တောင်ကုန်း ကိုးကန့်ဒေသအခေါ် နမ်ထင်းမန် တောင်ကုန်းတွင်လည်း စစ်တပ်ရှိနေသည်ဟု သိရသည်။
MNDAA သိမ်းပိုက်ထားသည့် စခန်းများ
၁၀၂၇ စစ်ဆင်ရေးစတင်သည့် အောက်တိုဘာ ၂၇ မှစတင်ပြီး MNDAA အဖွဲ့က စခန်းပေါင်း ၂၀၀ ကျော်ကို သိမ်းပိုက်နိုင်ခဲ့သလို ချင်းရွှေဟော်၊ ကုန်းကြမ်း၊ ကွမ်းလုံ၊ မုန်းကိုးနှင့် ပန်ဆိုင်း (ကြူကုတ်) မြို့တို့ကို MNDAA က အပြည့်အဝ ထိန်းချုပ်ထားနိုင်သည်။
ဒေသမြို့တော် လောက်ကိုင်မြို့ကိုလည်း MNDAA ဦးဆောင်သည့် မဟာမိတ်တပ်များက ဝိုင်းပတ်ပိတ်ဆို့ထားသည်၊ မြို့ပတ်ပတ်လည်ရှိ စစ်ကောင်စီတပ်စခန်းများကို တစ်ခုချင်းစီ အဆက်မပြတ် သိမ်းပိုက်နေပြီး စစ်ကောင်စီဘက်မှ တပ်ရင်းလိုက် လက်နက်ချမှုများလည်း ရှိသည်။
အထင်ရှားဆုံးဖြစ်ရပ်မှာ နိုဝင်ဘာ ၁၂ရက်နေ့က ကိုးကန့် MNDAA တပ်များထံ ခမရ (၁၂၉) မှ တပ်ရင်းမှူး ဗိုလ်မှူးကျော်ရဲအောင် ဦးဆောင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၇ ဦးနှင့် မိသားစုဝင် ၁၃၄ ဦး၊ စုစုပေါင်း ၂၆၁ ဦးတို့ လက်နက်ချသည့် အဖြစ်အပျက်ဖြစ်သည်။
MNDAA ၏ ဗျူဟာသည် မြို့ကို ဝိုင်းပတ်ပိတ်ဆို့ထားပြီး စစ်ကောင်စီတပ်က ထပ်မံလက်နက်ချလာသည့် အခြေအနေမျိုးရောက်အောင် လုပ်ဆောင်နေခြင်းဖြစ်နိုင်သည်ဟု နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က သုံးသပ်သည်။
“အရံစခန်းတွေကို သိမ်းပြီးတော့မှ သူ့ရဲ့ ဗျူဟာစခန်းကို ဝိုင်းပတ်ပိတ်ဆို့ပြီးတော့ စိတ်ဓာတ်ကျလာအောင် လုပ်ပြီးတော့ လက်နက်ချလာအောင် လုပ်မယ့်သဘောပေါ့၊ ဒါပေမဲ့ ကမူးရှုးထိုးနဲ့ လောက်ကိုင်ရရင် ပြီးရောဆိုတဲ့ သဘောထားမျိုးနဲ့ လုပ်မယ်လို့ မထင်ပါဘူး” ဟု ပြောသည်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ “မြို့သိမ်းတိုက်ပွဲ၊ မြို့သိမ်းတိုက်ပွဲဆိုတာ ကြွေးကြော်သံတွေရဲ့အောက်မှာ ပြယုဂ်တစ်ခုအဖြစ် ပြချင်တာ” ဟု ဆိုပြီး တော်လှန်ရေးအင်အားစုများ အမှန်တကယ် မြို့မသိမ်းနိုင်ဟု ယနေ့ထုတ်သတင်းစာတွင် ကာကွယ်ပြောဆိုထားသည်။