သတင်း

ထိုင်း-မြန်မာကုန်သွယ်ရေးလမ်းကြောင်း ဖြတ်တောက်ရန် KNU ထိုးစစ်ဆင်

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွင် အရေးပါသော မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးဘေးရှိ စစ်တပ်စခန်းများနှင့် ကော့ကရိတ်မြို့တွင်းကို ယနေ့ (ဒီဇင်ဘာ ၁) နံနက်အစောတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်များက တစ်ပြိုင်နက် ဝင်ရောက်တိုက်ခိုက်ကြသည်။

စစ်ကောင်စီ၏ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို ပိတ်ဆို့ဖြတ်တောက်ရန် ရည်ရွယ်၍ နံနက် ၅ နာရီခန့် တွင် အာရှလမ်းမကြီးဘေးတွင် ရှိသော စစ်တပ်အခြေစိုက်စခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း  KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက Myanmar Now ကို ပြောသည်။

“စကစ ဟာ သူ့ကိုယ်သူ အစိုးရလို့ ခေါင်းစဉ်တပ်ထားတာကို အားပေးအားမြှောက်ပြုချင်နေတဲ့ စကစကို အထင်ကြီးနေကြတဲ့ အိမ်နီးချင်းနိုင်ငံတွေကို စကစဟာ ဒီလိုအရေးကြီးတဲ့လမ်းမကြီးတွေကို လုံးဝထိန်းချုပ်ထားနိုင်စွမ်း မရှိတော့ဘူးဆိုတာကို ပြချင်တာပါ”  ဟု ထိုသူက ဆိုသည်။

ကော့ကရိတ်မြို့အရှေ့ဘက် ကပ်လျက်ရှိသော ကော့နွဲ့ရွာအခြေစိုက် စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နာရီဝက်ခန့် တိုက်ပွဲဖြစ်ကာ စစ်သားများက စခန်းစွန့်၍ ထွက်ပြေးသွားကြသည်ဟု အထက်ပါ KNLA စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

တစ်ချိန်တည်းမှာပင် မြို့အနောက်ဘက် လှိုင်ဝရွာရှိ စစ်တပ် စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့သည်ဟု ဆိုသည်။

KNU, PDF ပူးပေါင်းတပ်များ မကြာခဏ ဝင်ရောက်တိုက်ခိုက်နေသော ကော့ကရိတ်မြို့တွင်းကိုလည်း ယနေ့ နံနက်က ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု KNU နှင့် ဒေသခံများထံမှ သိရသည်။

မွန်းလွဲ ၄ နာရီခန့်အထိ အခြေအနေများအရ ကော့ကရိတ်မြို့တွင်းရှိ အမှတ်(၁) ၊ ဝင်းကြီး၊ ဆေးရုံကုန်း၊ ချောင်းတောင်၊ မြို့တော်ဦး စသည့် ရပ်ကွက်များတွင် KNU, PDF များ ရောက်ရှိနေပြီး မြို့ပေါ်တွင် အမှတ် (၉၇) ခြေလျင်တပ်ရင်းဌာနချုပ်နှင့် ရေကူးကန်စစ်စခန်းတို့က ပြန်လည်တိုက်ခိုက်နေသည်ဟု သိရသည်။

ကော့ကရိတ်မြို့လက်မလွှတ်ရရေးအတွက် လေကြောင်းမှ ၇ ကြိမ် တိုက်ခိုက်ခဲ့ပြီး လှိုင်ဝရွာအနီး အမြောက်ကုန်းနှင့် ခလရ အမှတ် (၉၇) မှ မြို့တွင်းနှင့် မြို့အနီးဝန်းကျင်ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း သိရပြီး အရပ်သား ထိခိုက်မှုအခြေအနေ မသိရသေးပေ။

အာရှလမ်းမကြီးဘေး တိုက်ပွဲဖြစ်နေသည်ကို ယနေ့ နေ့လယ်က တွေ့ရစဉ်။ (ဓာတ်ပုံ-KIC)

ပြီးခဲ့သည့် နိုဝင်ဘာ ၁၇ ရက်က ကော့ကရိတ်မြို့နယ်ရှိ စစ်တပ်အုပ်ချုပ်ရေးယန္တရားအောက်တွင် ရှိသည့် ဌာနဆိုင်ရာများ၌ ပါဝင်နေသူများကို ၇ ရက်အတွင်း ထွက်ခွာသွားရန် KNU တပ်မဟာ ၆ ဒူးပလာယာခရိုင်က စာထုတ်ထားသည်။

စာထုတ်ထားသော်လည်း လိုက်နာမှု အားနည်းသဖြင့် မြို့တွင်းကို ဝင်ရောက်တိုက်ခိုက်ခြင်း ဖြစ်သည်ဟု KNLA ဘက်က ဆိုသည်။

“တစ်လောတုန်းက ကျွန်တော်တို့ ထုတ်ပြန်ထားတဲ့စာကို လိုက်နာမှု နည်းပါးတဲ့အတွက် ကော့ကရိတ်မြို့တွင်းကို ဝင်ရောက်ရခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ ထုတ်ပြန်ချက်တွေကို အလေးထားစေချင်လို့ပါ” ဟု ထိုသူက ပြောသည်။

ဒေါနတောင်အနောက်ဘက်ခြမ်းရှိ ကော့ကရိတ်မြို့သည် အာရှလမ်းမကြီးဘေးတွင် တည်ရှိပြီး သင်္ဃန်းညီနောင်၊ မြဝတီ၊ ကျုံဒိုး၊ ကြာအင်းဆိပ်ကြီး စသည့် မြို့နယ်များနှင့် နယ်မြေထိစပ်နေကာ KNU လှုပ်ရှားနယ်မြေလည်း ဖြစ်သည်။

“မြို့ထဲမှာ တိုက်ပွဲတွေဖြစ်နေတဲ့အသံ ကြားရတယ်။ အာရှလမ်းဘေးနားက ထိုင်ထားတဲ့ စစ်တပ်စခန်းတွေတော့ ကုန်သွားပြီနဲ့တူတယ်။ ဘာသံမှ မကြားတော့ဘူး။ သေနတ်သံတွေက မြို့ထဲက စစ်တပ်စခန်းနားတွေဘက်မှာပဲ ကြားရတယ်” ကော့ကရိတ်မြို့ ဒေသခံတစ်ဦးက ယနေ့ နံနက် ၁၁ နာရီက ပြောသည်။

တိုက်ပွဲများစမတင်မီ ညသန်းခေါင်အချိန် (၁၂ နာရီခွဲခန့်) တွင် ကော့ကရိတ်မြို့တောင်ဘက် ၄ မိုင်ခန့်အကွာ အံဖကြီးကျေးရွာ လေကြောင်းမှ တိုက်ခိုက်ခံရပြီး အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံးပြီး ခင်ပွန်းဖြစ်သူ ၄၀ ခန့်အရွယ်ရှိ အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့သည်ဟု KNU တပ်မဟာ ၆ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေခြင်းကြောင့် လက်ရှိတွင် ကော့ကရိတ်-မြဝတီ ဆက်သွယ်ထားသည့် အာရှလမ်းမကြီးလည်း အသွားအလာပိတ်နေသည်ဟု သိရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းယူထားသည့် စစ်ကောင်စီကို တိုင်းရင်းသားတော်လှန်ရေးအင်အားစုများက လက်မခံဘဲ နည်းလမ်းမျိုးစုံဖြင့် ဆန့်ကျင်တိုက်ခိုက်နေသည်။

နိုင်ငံအရှေ့မြောက်ပိုင်းတွင် ရှိသည့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများက စစ်ကောင်စီ၏ အခြေစိုက် စခန်းကုန်းများကို သိမ်းယူတိုက်ခိုက်ကာ တရုတ်နိုင်ငံနှင့် အဓိကကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးကို ထိန်းချုပ်နိုင်ရန် ကြိုးစားနေသည်။

တရုတ်နယ်စပ်ရှိ ကြူကုတ် (ပန်ဆိုင်း)၊ ချင်းရွှေဟော်၊ ကျင်စန်းကျော့ စသည့် နယ်စပ်ကုန်သွယ်ရေးစခန်းများရှိရာ ဒေသများကို တော်လှန်ရေးအင်အားစုများက သိမ်းယူထားနိုင်ပြီး အကြီးဆုံးကုန်သွယ်ရေးဇုန်ဖြစ်သည့် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကို သိမ်းယူနိုင်ရန် နိုဝင်ဘာ ၂၆ ရက်ကတည်းက တအာင်းတပ်မတော် (TNLA) က တိုက်ခိုက်နေသည်။

ယင်းအပြင် နိုင်ငံအနောက်ပိုင်းရှိ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ်ရှိ ရိခေါဒါရ်မြို့ကို ချင်းတော်လှန်ရေးအင်အားစုများက နိုဝင်ဘာ ၁၃ ရက်တွင် သိမ်းယူထားနိုင်ခဲ့သလို ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်လမ်းကြောင်းများလည်း ပြတ်တောက်နေသည်။

Show More

Related Articles

Back to top button