
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းနှင့် သီပေါမြို့နယ်ရှိ ရဲစခန်းတစ်ခုတို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဦးဆောင်သည့် မဟာမိတ်တပ်များက ယနေ့နံနက် (ဒီဇင်ဘာ ၁ ရက်) တွင် ဝင်ရောက်သိမ်းပိုက်လိုက်သည်ဟု သိရသည်။
မူဆယ်မြို့၏ တောင်ဘက် မိုင် ၂၀ ခန့်အကွာ နမ့်ပေါ်တံတားအနီးရှိ စစ်ကောင်စီတပ်စခန်းကို နိုဝင်ဘာ ၂၈ ရက်မှစတင်ကာ TNLA ဦးဆောင်သည့် မဟာမိတ်တပ်များက တိုက်ခိုက်နေခြင်းဖြစ်ပြီး ၅ ရက် အကြာတွင် သိမ်းပိုက်နိုင်ခြင်းဖြစ်သည်။
အဆိုပါ စခန်းကို ယနေ့နံနက် ၅ နာရီတွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး စခန်းအတွင်းကို ဝင်ရောက်ရှင်းလင်းခဲ့သည်ဟု TNLA ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီးတာအိုက်ကျော်က ပြောသည်။
“နမ့်ပေါ်က သိမ်းလိုက်ပါပြီဗျ၊ ဒီနေ့မနက်ပေါ့ အစောပိုင်း ၅ နာရီလောက်မှာ စခန်းထဲကို ဝင်ရောက်ရှင်းလင်းလိုက်ပြီလို့ သိရပါတယ်” ဟု တာအိုက်ကျော်က ပြောသည်။
TNLA သတင်းနှင့် ပြန်ကြားရေးဌာန၏ ယနေ့မွန်းလွဲပိုင်း ထုတ်ပြန်ချက်တွင် “စခန်းကို အလုံးစုံ သိမ်းပိုက်နိုင်သည်”၊ တပ်စခန်းအတွင်းမှ 60 MM လက်နက်ကြီးအပါအဝင်၊ လက်နက်မျိုးစုံ ၃၂ လက်၊ ကျည်ပေါင်းများစွာ၊ စစ်သုံးဆောင်ပစ္စည်းများသိမ်းဆည်းမိပြီး စစ်သုံးပန့် ၂ ဦးကိုလည်း ဖမ်းဆီးထားနိုင်သည်ဟု ဆိုသည်။

နမ့်ပေါ်တပ်စခန်းကို တိုက်ခိုက်နေစဉ်အတွင်း လေကြောင်းတိုက်ခိုက်မှု Jet Fighter ၂၁ ကြိမ်၊ Y8/Y12 လေယာဉ် ၅ ကြိမ်၊ Mi35/Mi17 ၃ ကြိမ်ထက်မနည်း တုံ့ပြန်တိုက်ခိုက်သည်ဟုလည်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ဆိုသည်။
TNLA တို့ သိမ်းပိုက်နိုင်သည့် အဆိုပါ စခန်းသည် နမ့်ပေါ်တံတား၏ ဘေးကပ်လျက် တောင်ကုန်းပေါ်တွင် တည်ရှိပြီး ပြည်ထောင်စုလမ်းမကြီးနှင့် နမ့်ပေါ်တံတားကို စိုးမိုးထားသည့် ဗျူဟာကျသည့်တောင်ကုန်းတစ်ခုဖြစ်ပြီး စစ်ကောင်စီတပ်က အင်အားတိုးမြှင့်ချထားသော်လည်း လက်လွှတ်ခဲ့ရခြင်းဖြစ်သည်။
“အရင်ကတည်းက သူတို့ထိုင်တဲ့ တပ်စခန်းဖြစ်တယ်ပေါ့နော်၊ တပ်ရင်းတစ်ရင်းထိုင်တယ်လို့ ကျွန်တော်တို့ သိရတယ်။ နောက်ပိုင်းကတော့ လူအင်အားဖြည့်ထားတာတွေ ရှိတော့ရှိတယ်၊ အင်အားအတိအကျတော့ မသိရဘူး” ဟု တာအိုက်ကျော်က ပြောသည်။
အလားတူ သီပေါမြို့နယ် စစ်ကောင်စီ စဉ့်အင်ရဲစခန်းကိုလည်း ယနေ့ နံနက်တွင် ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီ၏ လက်နက် ၈ လက်၊ ပစ္စတို ၃ လက်၊ ကျည်များစွာနှင့် စစ်သုံးဆောင်ပစ္စည်းများ ရှင်းလင်းသိမ်းဆည်းရမိသည်၊ ရဲ ၂ ဦး ဖမ်းမိသည်ဟုလည်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ယနေ့ မွန်းလွဲပိုင်းတွင် ထပ်မံထုတ်ပြန်သည်။

၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့သည့် အောက်တိုဘာ ၂၇ ရက်မှစ၍ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်အသီးသီးတွင် စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းမဟာမိတ်တပ်များ တိုက်ပွဲဆက်လက်ပြင်းထန်နေခဲ့သည်။ ယနေ့နံနက်တွင် နမ့်ခမ်း၊ နောင်ချို၊ သီပေါ နှင့် လားရှိုးမြို့နယ်တို့တွင် တိုက်ပွဲများဆက်ဖြစ်နေသည်ဟု သိရသည်။
မူဆယ်မြို့နယ်တွင်လည်း စစ်ကောင်စီတပ်၏ စခန်းများကို တအာင်းတပ် (TNLA) နှင့် ကိုးကန့်တပ် (MNDAA) တို့ တိုက်ခိုက်နေသည်။ မူဆယ်မြို့အနီးတစ်ဝိုက်ကိုလည်း စစ်ကောင်စီတပ်က တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်နေသည်ဟု မူဆယ်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“မူဆယ်နဲ့ နမ့်ခမ်းကြားထဲက ဆယ်လန့်ရွာကို ဗုံးကြဲတာ၊ တော်တော်ပြင်းပြင်းထန်ထန်ကြဲတယ်၊ တရုတ်ပြည်ထဲကနေတောင်မှ အသံလည်းကြားရတယ် မြင်လည်းမြင်ရတယ်” ဟု တရုတ်နိုင်ငံသို့ စစ်ရှောင်နေရသူ မူဆယ်ဒေသခံ အမျိုးသားက ပြောသည်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုအခြေအနေကိုတော့ မသိရသေးပေ။
တရုတ်နယ်စပ်မျဉ်းအနီးရှိ နမ့်ခမ်းမြို့တွင်လည်း ယနေ့နံနက်တွင် တိုက်ပွဲများဖြစ်ပွားနေသည်။ မြို့နှင့် ၁ မိုင်ခွဲခန့် အကွာတွင် ရှိသည့် စစ်ကောင်စီတပ်၏ စခန်းသစ်ကုန်းစခန်းကိုလည်း TNLA ဦးဆောင်သည့် မြောက်ပိုင်းမဟာမိတ်တပ်များက တိုက်ခိုက်နေသည်။
ယနေ့နံနက် အစောပိုင်းမှ စတင်ကာ နမ့်ခမ်းမြို့အနီး တိုက်ပွဲဖြစ်ပွားသံများကို ကြားနေရသည်ဟု နမ့်ခမ်းမြို့ခံ အသက် ၇၀ ခန့်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
“ဒီတစ်ခေါက်တော့ (နမ့်ခမ်းမြို့ကို) အပြီးသိမ်းနိုင်ဖို့ ကြိုးစားကြမယ် ထင်တယ်၊ တောက်လျှောက်ပဲ ပစ်နေကြတာ” ဟု အဆိုပါ မြို့ခံအမျိုးသားက ပြောသည်။
၁၀၂၇ စစ်ဆင်ရေးစတင်ပြီး တစ်လကျော်ခန့်ရှိလာချိန်တွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်း ၂၃၀ ခန့်ကို မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က သိမ်းပိုက်ထားသည်။ အလားတူ စစ်ဆင်ရေးတွင် အရေးပါသည့် လောက်ကိုင်မြို့ကိုလည်း တိုးဖောက်တိုက်ခိုက်နေပြီဟု MNDAA ပြောရေးဆိုခွင့်ရှိသူ ကိုကျော်နိုင် (ခ) လီကျားဝင်းက ယနေ့ (ဒီဇင်ဘာ ၁) နံနက်ပိုင်းတွင် Myanmar Now ကို ပြောသည်။
“မြို့ကို ထိုးဖောက်မှုတွေတော့ လုပ်နေပါပြီ။ တုံချိန်တစ်ဝိုက်ကို စတင်ထိုးဖောက်နေပါပြီ” ဟု ပြောသည်။
လောက်ကိုင်မြို့ကို ဝင်တိုက်တော့မည်ဖြစ်ကြောင်း MNDAA က နိုဝင်ဘာ ၁၄ တွင် ကြေညာထားခဲ့သည်။ သီတင်းပတ်နှင့်ချီ ပိတ်ဆို့ပြီးနောက် လွန်ခဲ့သည့်ရက်ပိုင်းမှစ၍ သောင်းနှင့်ချီသည့် မြို့ခံများ မြို့မှ ထွက်ခွာပြီးနောက် MNDAA က ထိုးစစ်ဆင်နေခြင်းဖြစ်သည်။
MNDAA ပူးပေါင်းတပ်များက ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်ဒေသရှိ ချင်းရွှေဟော်၊ ကွမ်းလုံ၊ ပန်ဆိုင်း (ကြူကုတ်)၊ မုံးကိုးမြို့တို့ကို အပြည့်အဝထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရားများ ပြန်လည်တည်ဆောက်ထားသည်။
စစ်ကောင်စီသည် လောက်ကိုင်မြို့ကို ဆုံးရှုံးပါက မြန်မာနိုင်ငံအရှေ့မြောက်ဘက် သံလွင်မြစ်အရှေ့ခြမ်းရှိ ကိုးကန့်ဒေသတစ်ခုလုံးကို MNDAA က ထိန်းချုပ်နိုင်တော့မည်ဖြစ်သည်။
