ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်နယ်စပ် နမ့်ခမ်းမြို့ရှိ စစ်ကောင်စီ လက်ကျန် စခန်းသစ် တပ်စခန်းကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဆက်လက် စီးနင်းတိုက်ခိုက်နေသည်။
စစ်ကောင်စီက ယနေ့ (နိုဝင်ဘာ ၃၀) မနက်ပိုင်းနှင့် နေ့လယ်ပိုင်းတွင် လေကြောင်းမှ ၃ ကြိမ် ခုခံတိုက်ခိုက်သလို မြို့အရှေ့ဘက် တစ်မိုင်ကျော်အကွာမှ ကိုလိုနီခေတ်လက်ကျန် တပ်စခန်း အသိမ်းမခံရရေး အပြင်းအထန် ကြိုးစားနေကြောင်း စုံစမ်းသိရှိရသည်။
နန့်ခမ်းမြို့ကို နိုဝင်ဘာ ၇ ရက်နေ့ကတည်းက TNLA က ထိန်းချုပ်ထားသည်။ မြို့အနီး အင်အား ၁၀၀ ဝန်းကျင်ရှိ အမှတ် ၇ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အခြေစိုက် စစ်စခန်းကို သိမ်းပိုက်နိုင်ရန် တော်လှန်ရေးအဖွဲ့က နိုဝင်ဘာ ၁၇ ရက်မှစကာ ကြိုးပမ်းနေခြင်းဖြစ်သည်။
တိုက်ပွဲကို TNLA ဦးဆောင်ပြီး မဟာမိတ်တပ်များက ပူးပေါင်းတိုက်ခိုက်နေသည်ဟု TNLA မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“ဒီနေ့မနက်ကစပြီး ကျွန်တော်တို့ စခန်းသစ်ကုန်းကို ပြန်တိုက်နေတယ်ပေါ့နော်၊ တိုက်နေတာမှာ သူတို့ဘက်က ဂျက်ဖိုက်တာနဲ့ လာပစ်တာရှိတယ်၊ ဒီမနက်ဆိုရင်တာ့ အခုချိန်အထိ နှစ်ကြိမ်လောက်ရှိပြီဗျ”
လေယာဉ်က မွန်းတည့် ၁၂ နာရီခန့်တွင် တစ်ကြိမ်၊ မိနစ်အနည်းငယ် အကြာတွင် တစ်ကြိမ် လာရောက် တိုက်ခိုက်ခဲ့သည်၊ လေယာဉ်ပေါ်မှ ကြဲချသောဗုံးမှာ စခန်းအနီးအနားနှင့် စခန်းသစ်ကုန်းအနီးရှိ လွယ်ဆာရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။
ရွာအတွင်း ဗုံးကျကွဲခြင်းကြောင့် ရွာတွင်းရှိ နေအိမ်တချို့ မီးလောင်ပျက်စီးသွားသည်ဟု နမ့်ခမ်းမြို့ခံ အသက် ၇၀ ခန့်ရှိသူ အမျိုးသားတစ်ဦးက ပြောသည်။
“လွယ်ဆာဆိုတဲ့ရွာက အိမ်မီးလောင်သွားတယ်၊ စခန်းသစ်ကုန်းရှေ့ကပေါ့။ ရွာနဲ့ စခန်းကလည်း နီးတာကို။ လျှိုလေး ခြားထားတယ်လို့ ပြောတယ်၊ လူတွေကတော့ မရှိတော့ပါဘူး၊ ထွက်ပြေးကုန်ပြီ ပြောတယ်” ဟု အဆိုပါ ဒေသခံအမျိုးသားက ဆိုသည်။
ယနေ့နံနက်အစောပိုင်းမှ စတင်ကာ တိုက်ပွဲဖြစ်သဖြင့် ပစ်ခတ်သံများကို ကြားရသည်၊ လေယာဉ် လာရောက်တိုက်ခိုက်ပြီးနောက် မွန်းလွဲပိုင်းတွင် လက်နက်ကြီးဖြင့် အပြန်အလှန်ပစ်ခတ်နေကြသည်ဟု ၎င်းက ဆက်လက်ပြောသည်။
စခန်းအတွင်းရှိ စစ်ကောင်စီတပ်၏ ဆီလှောင်ကန်ကို လက်နက်ကြီးထိမှန်ခဲ့သည်၊ စခန်းအတွင်း မီးလောင်ကာ မီးခိုးလုံးများအူထွက်နေသည်ဟုလည်း သိရသည်။
တိုက်ပွဲကြောင့် နမ့်ခမ်းမြို့ပေါ်တွင် မွန်းတည့်ချိန်ခန့်မှစတင်ကာ လူအသွားအလာ နည်းပါးသွားပြီး TNLA တပ်ဖွဲ့က ကင်းလှည့်နေသည်ဟု သိရသည်။
နမ့်ခမ်းတိုက်ပွဲနှင့် တစ်ချိန်တည်းလိုလိုပင် နောင်ချိုမြို့နယ် သံဘိုရွာသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာခြင်းကြောင့် တိုက်ပွဲဖြစ်ခဲ့သည်ဟု TNLA ပြောသည်။
မွန်းလွဲပိုင်းအထိ သံဘိုရွာအနီးတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး တိုက်ပွဲအခြေအနေ မသိရသေးကြောင်း၊ အသေးစိတ်အချက်အလက်များကို ထပ်မံထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း TNLA ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့များဖြစ်သည့် TNLA၊ ကိုးကန့်တပ် MNDAA၊ ရက္ခိုင့်တပ်တော် AA တို့က အောက်တိုဘာ ၂၇ ရက်မှစ၍ ၁၀၂၇ စစ်ဆင်ရေးကို အကောင်အထည်ဖော်နေသည်။
၁၀၂၇ စစ်ဆင်ရေးစတင်ပြီး တစ်လကျော်ခန့်ရှိလာချိန်တွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်း ၂၃၀ ခန့်ကို မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က သိမ်းပိုက်ထားပြီး ချင်းရွှေဟော်၊ ကွမ်းလုံ၊ ပန်ဆိုင်း(ကြူကုတ်)၊ မုံးကိုးမြို့တို့ကို ထိန်းချုပ်ထားသည်။
ကျောက်မဲမြို့တွင် တော်လှန်ရေးမဟာမိတ်ရဲဘော်များ၏ အလောင်း ၇၀ ခန့် ရှာတွေ့သည်ဟူသော ပြောဆိုချက်တချို့ နိုဝင်ဘာ ၃၀ တွင် ထွက်ပေါ်လာသည်။
TNLA ပြန်ကြားရေးတာဝန်ခံက ၎င်းတို့ မြေပြင်ကွင်းဆင်းမှုများအရ ကျောက်မဲတွင် အဆိုပါအလောင်းများ မတွေ့ရကြောင်း၊ စစ်ကောင်စီတပ်၏ ဝါဒဖြန့်မှုသက်သက်သာဖြစ်ကြောင်း တုံ့ပြန်ပြောဆိုသည်။
တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ တပ်ရင်းအလိုက် လက်နက်ချသည့် ဖြစ်စဉ်တချို့လည်း ပေါ်ပေါက်နေသည်။