ယခုလ ၂၇ ရက်နေ့က မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွရွာသို့ စစ်ကူလာသည့် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်စဉ် စစ်ကောင်စီဘက်မှ ဗိုလ်ကြီးတစ်ဦးနှင့် နယ်ခြားစောင့်တပ် (BGF) မှ စစ်ကြောင်းမှူး အပါအဝင် ၁၁ ဦး သေဆုံးပြီး လေးဦးကို အရှင်ဖမ်းမိသည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) ထံမှ သိရသည်။
ကျိုက်မရောမြို့နယ်ရှိ ချောင်းနှစ်ခွဲရဲစခန်းကို KNU နှင့် ပူးပေါင်းတပ်ဖွဲ့များက ယခုလ ၁၀ ရက်နေ့ကတည်းက ပိတ်ဆို့တိုက်ခိုက်နေခြင်းဖြစ်ကာ စစ်ကောင်စီစေလွှတ်သည့် စစ်ကူများလည်း မကြာခဏ ကြားဖြတ်တိုက်ခိုက်ခံနေရသည်။
လွန်ခဲ့သည့်နှစ်ရက်က စစ်ကောင်စီဘက်မှ ဝင်တိုက်ရင်း သေဆုံးခဲ့သည့် BGF စစ်ကြောင်းမှူးမှာ ဗိုလ်မှူးနော်တယာဖြစ်ကြောင်း ထိုတိုက်ပွဲတွင် သေနတ် ၁၅ လက်လည်း သိမ်းဆည်းရမိကြောင်း KNU တပ်မဟာ (၆) မှ တာဝန်ရှိသူတစ်ဦးက အတည်ပြုသည်။
“ဖြစ်စဉ်ကတော့ အမှန်ပဲ။ သေနတ် ၁၅ လက်နဲ့ အရှင် ၄ ယောက်လည်း ရခဲ့တယ်” ဟု ၎င်းက ယနေ့ (နိုဝင်ဘာ ၂၉) နံနက်ပိုင်းတွင် ပြောသည်။
တော်လှန်ရေးအင်အားစုဘက်မှ ရဲဘော်တစ်ဦး သေဆုံးခဲ့သည်ဟု တိုက်ပွဲတွင် ပါဝင်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ နဂါးနီစစ်ကြောင်းက ယမန်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်သည်။ တိုက်ပွဲတွင် KNU ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) အမှတ် (၁၆) တပ်ရင်းနှင့်အတူ နဂါးနီစစ်ကြောင်း၊ Federal Wings ဒရုန်းတပ်ဖွဲ့တို့ ပါဝင်သည်ဟု သိရသည်။
စစ်ကောင်စီဘက်မှ တပ်မ ၂၂၊ တပ်မ ၄၄ နှင့် အမှတ် (၄) တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းမှ ထုတ်နုတ်အင်အားအပြင် BGF တပ်ဖွဲ့ဝင်များပါ စစ်ကူလိုက်လာခြင်းဖြစ်သည်။
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးနှင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ကို ဆက်သွယ်ထားသည့် အတ္ထရံ (ချောင်းနှစ်ခွ) မြစ်ကူးတံတားအနီးတွင် KNU နှင့် ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီ၏ စစ်ကူများကို ယခုလအတွင်း သုံးကြိမ်မြောက် ကြားဖြတ်တိုက်ခဲ့ခြင်းဖြစ်သည်။
ချောင်းနှစ်ခွဒေသမှာ အရှေ့တောင်တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ မော်လမြိုင်မြို့နှင့် မိုင် ၄၀ ခန့်သာ ကွာဝေးသည်။ ပိတ်ဆို့ခံထားရသည့် ရဲစခန်းကို လက်မလွှတ်ရရေးအတွက် စစ်ကောင်စီက လေကြောင်းပစ်ကူအပြင် မြေပြင်စစ်ကူများ ပေးပို့နေသည်။
နိုဝင်ဘာ ၁၃ ရက်ကလည်း ချောင်းနှစ်ခွသို့ စစ်ကူလာသည့် တပ်မ ၂၂ လက်အောက်ခံ စစ်ကြောင်းကို KNU ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ဒုဗိုလ်မှူးကြီးတစ်ဦး အပါအဝင် ၁၄ ဦး သေဆုံး၊ ၂၃ ဦး လက်နက်ချခဲ့သည်။
ထိုစဉ်က စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် ၅ ဦး အရှင်ဖမ်းမိကာ အရာရှိ ၁ ဦးနှင့် စစ်သား ၇ ဦး ပျောက်ဆုံးနေသည်ဟု NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန (MOD) က သတင်းထုတ်ပြန်ခဲ့သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကရင်နီဒေသတွင် ဖြစ်နေသော တိုက်ပွဲများနှင့်ပတ်သက်၍ စစ်ကောင်စီက နေ့စဉ် သတင်းထုတ်ပြန်နေသော်လည်း သီတင်းနှစ်ပတ်ကျော် တိုက်ခိုက်ခံနေရသည့် ချောင်းနှစ်ခွရဲစခန်းအကြောင်း တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုခြင်း မရှိပေ။