
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်တချို့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေရာ ကိုးကန့်တပ်မတော် (MNDAA) က ကိုးကန့်ဒေသရှိ စစ်ကောင်စီတပ်စခန်း ၃ ခုကို သိမ်းပိုက်ခဲ့သည်ဟု သိရသည်။
နိုဝင်ဘာ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ဟုန်းရှင်းဒေသရှိ ချာလူကျိုင့်ရွာတွင်အခြေချသော အမှတ် (၅၀၇) ခြေမြန်တပ်ရင်း အထိုင်ချထားသည့် စစ်တပ်စခန်း၊ ညနေ ၄ နာရီခွဲခန့်တွင် ရှင်းဝမ်းဒေသရှိ စခန်းတစ်ခုနှင့် တရုတ်နယ်စပ်မျဉ်းအနီး ဖောက်လုပ်တောင်မှ စစ်စခန်းကို သိမ်းပိုက်နိုင်ခဲ့သည်ဟု MNDAA ၏ ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းက ပြောသည်။
“မနေ့ကတော့ တပ်စခန်းသုံးခုကို သိမ်းဆည်းရမိတာရှိတယ်၊ အဲဒီအထဲကမှ ဖောက်လုံတောင်ကုန်း ဆိုတာက ကိုးကန့်ရိုးရာအမွေအနှစ်တောင်ကုန်းဗျ၊ အဲဒါ သူတို့က တပ်စခန်း လုပ်လိုက်တော့ လုံးဝကို ပျက်စီးသွားတဲ့ အနေ အထားမှာရှိပါတယ်” ဟု လီကျားဝင်းက ပြောသည်။
လက်နက်ခဲယမ်းအများအပြားအပြင် ဟောင်ဝစ်ဇာ လက်နက်ကြီး တစ်လက်ကိုပါ သိမ်းဆည်းနိုင်ခဲ့သည်ဟု ကိုးကန့်အဖွဲ့က ထုတ်ပြန်ထားသည်။
ထိုနေ့ တစ်နေ့တည်းတွင်ပင် သိန္နီမြို့နယ်ရှိ အမှတ် (၂၉၁) ခြေလျင်တပ်ရင်းကို ၃ ကြိမ်ခန့် သွားရောက်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
ယနေ့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး အသေးစိတ် အခြေအနေကို သတင်းထုတ်ပြန်ပေးသွားမည်ဟု MNDAA က ဆိုသည်။
ဒေသတွင်းသတင်းများအရ MNDAA အဖွဲ့ ထိန်းချုပ်ထားသည့် တရုတ်နယ်စပ်မြို့ ပန်ဆိုင်း(ကြူကုတ်) တွင်လည်း ယမန်နေ့ညက တိုက်ပွဲဖြစ်ပွားခဲ့သလို မူဆယ်မြို့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီးရှိ စစ်ကောင်စီတပ် ဗျူဟာကုန်းကိုလည်း ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည်။
ဗုံးတပ်ဒရုန်းသည် MNDAA အဖွဲ့ စခန်းသိမ်းတိုက်ပွဲများ အောင်မြင်ရေးအတွက် အထောက်အကူပြုသော လက်နက်အမျိုးအစား ဖြစ်သည်။
တိုက်ပွဲများကြောင့် ပန်ဆိုင်းမြို့ရှိ ထောင်နှင့်ချီသည့် ဒေသခံများလည်း နီးစပ်ရာရွာများသို့ စစ်ဘေးရှောင်နေ ရသည်ဟု သိရသည်။
၁၀၂၇ စစ်ဆင်ရေး
အောက်တိုဘာ ၂၇ တွင် ကိုးကန့်တပ်၊ ရက္ခိုင့်တပ်တော်(AA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA) တို့က ၁၀၂၇ စစ်ဆင်ရေးစတင်ကြောင်း ကြေညာပြီး စစ်ကောင်စီတပ်စခန်းများကို ပူးပေါင်း ထိုးစစ်ဆင်ခဲ့သည်။ ညီနောင် ၃ ဖွဲ့၏ စစ်ဆင်ရေးတွင် အခြားသော တော်လှန်ရေးအဖွဲ့ အများအပြား ပူးပေါင်း ပါဝင်နေသည်။
ကိုးကန့်ဒေသ တိုက်ပွဲများတွင် AA တပ်များလည်း ပါဝင်နေသည်။
TNLA က တအာင်းဒေသ လှုပ်ရှားနယ်မြေအတွင်း ထိုးစစ်ဆင်လျက် ရှိသည်။
ပြည်နယ်မြို့တော် လားရှိုးမြို့နှင့် ၄၆ မိုင်ခန့်ဝေးပြီး မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်တွင်ရှိသည့် သီပေါမြို့၊ ကျင်းသီတံတားအနီး တပ်စခန်းကို TNLA ဦးဆောင်သည့် တပ်များက နိုဝင်ဘာ ၂၀ တွင် ဝင်ရောက်တိုက်ခိုက်နေသည်။
နိုဝင်ဘာ ၁၉ ရက်က နောင်ချို့မြို့နယ်ရှိ စစ်ကောင်စီတပ်၏ လွင်ကြီး၊ ကျူအင်း၊ ဟိုခိုနှင့် ကုန်းစံ စသည့် အကျဉ်းစခန်း ၄ ခုကို TNLA က သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်များလည်း သိမ်းပိုက်နိုင်ခဲ့သည်ဟု TNLA ၏ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး တာအိုက်ကျော်က Myanmar Now ကို ယမန်နေ့က ပြောသည်။
ရှမ်းမြောက်အနှံံ့ အထိနာနေသည့် စစ်ကောင်စီတပ်က စစ်ဘက်မဟုတ်သည့် အရပ်ဘက်ပစ်မှတ်များကိုပါ လေကြောင်းမှဗုံးကြဲခြင်းအပြင် လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်နေသည့်အတွက် နမ့်ဆန်နှင့် နမ့်ခမ်းမှ ဒေသခံ အချို့ သေဆုံးခဲ့ရသည်ဟု တာအိုက်ကျော်က ပြောသည်။
“အရပ်ဘက်ကို ပစ်လို့ အရပ်သားထိခိုက်မှုများတာပေါ့၊ ၁၉ ရက်နေ့ကတော့ အပြင်းထန်ဆုံးလို့ ပြောလို့ ရတယ် ။ စစ်ရေးနဲ့ မသက်ဆိုင်တဲ့နေရာတွေကို လုပ်လို့ဖြစ်တာ၊ လေကြောင်းရော၊ လက်နက်ကြီးရောက ပြည်သူတွေ ရှိတဲ့နေရာကို ဦးတည်တိုက်ခိုက်လို့ အခုလို ထိခိုက်မှုများတာပါ” ဟု ဒုတိယဗိုလ်မှူးကြီး တာအိုက်ကျော်က ပြောသည်။
နိုဝင်ဘာ ၁၉ နှင့် ၂၀ တွင် လေတပ်က ၃ နေရာဗုံးကြဲရာ နောင်ချိုတွင် စစ်သုံ့ပန်း ၄ ဦး၊ နမ့်ဆန်မြို့နယ် တွင် ကလေးတစ်ဦးအပါအဝင် ၃ ဦး သေဆုံးခဲ့သည်။
နိုဝင်ဘာ ၂၁ ညနေ ၄ နာရီခန့် တွင် TNLA ထိန်းချုပ်ထားသော နမ့်ခမ်းမြို့အနီး စစ်ကောင်စီ လက်ကျန် စခန်းသစ်တပ်စခန်းက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ မြို့တွင်း ပေါက်နေရပ်ကွက်၌ ကျရောက်ပေါက်ကွဲခဲ့ သည်။ အသက် ၄၀ ကျော်အရွယ်များဖြစ်သော အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး၊ ၃ နှစ်အရွယ် ကလေးငယ် တစ်ဦးအပါအဝင် ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု TNLA က ယမန်နေ့ညက ထုတ်ပြန် ထားသည်။

စစ်တပ်၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၀၂၇ စစ်ဆင်ရေးစတင်သည့်နေ့မှစ၍ ယမန်နေ့အထိ ပြည်သူလူထု ၅၀ ကျော် သေဆုံးပြီး ၁၀၀ နီးပါး ထိခိုက်ထားကြောင်း TNLA စာရင်းများအရ သိရ သည်။
စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်
နိုဝင်ဘာ ၂၁ ရက်နေ့က ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း နမ့်စလပ်၊ မုန်းကျက် ဒေသတို့တွင် MNDAA နှင့် TNLA က အင်အားအလုံးအရင်းသုံးပြီး တိုက်ခိုက်နေသည်ဟု စစ်ကောင်စီက လတ်တလော နေ့စဉ် ထုတ်ပြန်သည့် တိုက်ပွဲသတင်း အနှစ်ချုပ်တွင် ဖော်ပြထားသည်။
လာရောက်တိုက်ခိုက်သည့်အဖွဲ့များတွင် “အကျအဆုံးများစွာရှိ”သည်ဟု သိရကြောင်း ထုတ်ပြန်ချက်က ဆိုသည်။ ထို့အပြင် တိုက်ပွဲဝင်နေသည့် စစ်ကောင်စီလက်နက်ကိုင်များ၊ ၎င်းတို့၏ အိမ်ထောင်ဘက်များ အားလုံးကို စစ်ခေါင်းဆောင််များက “အထူးဂုဏ်ပြု လေးစားပါကြောင်း” ဟုလည်း ဖော်ပြထားသည်။
“ရဲဘော်၊ ရဲမေတို့ဆင်နွှဲနေတဲ့ နိုင်ငံတော် ကာကွယ်ရေး၊ နယ်မြေလုံခြုံရေး တရားသောစစ်သည် အောင်မြင်ရမှာဖြစ်ပါတယ်” ဟု စစ်ကောင်စီ ပြန်ကြားရေးအရာရှိက ပြောဆိုသည်ဟု ထုတ်ပြန်ချက်တွင် တွေ့ရသည်။
အဆိုပါ တိုက်ပွဲသတင်းအနှစ်ချုပ် နေ့စဉ်ထုတ်ပြန်ချက်များသည် ညီနောင် ၃ ဖွဲ့နှင့် မဟာမိတ်များ၏ သတင်းထုတ်ပြန်ချက်များ ပုံမှန်ထုတ်လုပ်မှု ၁ လ ပြည့်တော့မည့်အချိန်တွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ရှမ်းမြောက်တိုက်ပွဲများတွင် TNLA တပ်ဖွဲ့များနှင့်အတူ MDY-PDF တပ်ဖွဲ့များလည်း ပါဝင်တိုက်ခိုက်နေသည်။
နောင်ချို-ပြင်ဦးလွင်လမ်းပိုင်းနှင့် ပြင်ဦးလွင်-မိုးကုတ်လမ်းပိုင်းတွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေရာ ယနေ့ နံနက် ကလည်း သီပေါမြို့အဝင် ကျင်သီတံတားအနီး စစ်တပ်နှင့် တိုက်ပွဲဖြစ်နေသည်။
တိုက်ပွဲများကြောင့် မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးနှင့် လားရှိုး-သိန္နီ-လောက်ကိုင်လမ်းတို့ ပိတ်ဆို့ သွားပြီး ကုန်သွယ်မှုများလည်း ရပ်တန့်သွားသည်။
မန္တလေး-လားရှိုး လမ်းပိုင်းရှိ ပျက်စီးနေသည့် နေရာ ၁၂ ခုကို နိုဝင်ဘာ ၆ ရက်နေ့မှ စတင်ကာ ပြန်လည်ရှင်းလင်း ပြုပြင်နေရာ မန္တလေးမှ ကျောက်မဲမြို့အထိ သွားလာနိုင်ပြီဖြစ်သည်၊ ရှင်လင်းမှုများ ဆက်လက်လုပ်ဆောင်နေသည်ဟု စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၀ တွင် ထုတ်ပြန်ထား သည်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက စစ်ကောင်စီထုတ်ပြန်ချက်မှာ မှားယွင်းနေသည်၊ မြေပြင်တွင် လမ်းများအားလုံး TNLA က ပိတ်ဆို့ထားဆဲဖြစ်ပြီး အရပ်သားကားတချို့မှာ ရောက်ရာနေရာမှ ပြန်လှည့်နေရသည်ဟု ဆိုသည်။
“ဂုတ်တွင်းက တက်လာတဲ့ ကားလေး၊ ကားကြီး အားလုံး TNLA က မိုးပေါ်ထောင်ပြီး သေနတ်ပစ်လိုက်တာ ပြန် ပြေးကုန်ပြီ။…ဂုတ်တွင်း -သီပေါ-လားရှိုး-မူဆယ်ကတော့ မစဉ်းစားနဲ့ဦး” ဟု အဆိုပါ စီးပွားရေးလုပ်ငန်းရှင်က ယနေ့တွင် ပြောသည်။
စစ်ကောင်စီတပ်က လမ်းပြင်ပေးထာပြီး လမ်းဖွင့်ထားသည်ဆိုသည့် လမ်းပိုင်းများကိုလည်း ပြည်သူများ ကိုယ့်အားကိုယ်ကိုးကာ ပြင်ထားခြင်းဖြစ်ကြောင်း၊ ကားသမားများကလည်း ထိုလမ်းပိုင်းကို မသွားရဲသေးကြောင်း ၎င်းကဆက်လက် ပြောသည်။
“ပြည်သူတွေ သူတို့ဟာသူတို့လုပ်တာ၊ လုံခြုံရေးချပေးထားတယ်တဲ့ တံတားတွေပြင်ခိုင်းနေတယ်။ လမ်းပြင်ပြီး ပြီး ကားသွားလို့ရပြီဆိုပြီး သတင်းတွေလွှင့် သွားတဲ့ကားတွေကြားက သူတို့ကားတွေ မီးပိတ်ပြီးညှပ်လိုက်၊ ကားသမားတွေကကြောက်၊ TNLA က သေနတ်ဖောက် အခု တက်တဲ့ကားမရှိတော့ဘူး မူဆယ်မှာက” ဟု အထက်ပါ လုပ်ငန်းရှင်က ဆက်ပြောသည်။
လမ်းများပိတ်ဆို့မှုကြောင့် စစ်ကောင်စီတပ်က ရိက္ခာမထောက်ပံ့နိုင်သည့်အတွက် မူဆယ်မြို့၌ ပိတ်မိနေသည့် စစ်ကောင်စီတပ်များက အရပ်သားများထံမှ စားစရာ လိုက်လံတောင်းရမ်းနေသည်ဟု သိရသည်။
စစ်ဆင်ရေး ၁၀၂၇ စတင်ပြီး တစ်လနီးပါးခန့်ရှိလာချိန်တွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်၏ စခန်းပေါင်း ၂၁၀ ကျော်ကို ညီနောင် ၃ ဖွဲ့က သိမ်းပိုက်ထားနိုင်သည်။
ထို့အပြင် ချင်းရွှေဟော်၊ ကွမ်းလုံ၊ မုံးကိုးနှင့် ပန်ဆိုင်း(ကြူကုတ်)မြို့များကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ပြီး မြို့နယ်အချို့ကိုလည်း ဝိုင်းပတ် ပိတ်ဆို့ထားနိုင်သည်ဟု ညီနောင် ၃ ဖွဲ့က ဆိုသည်။