သတင်း

မန္တလေးနှင့် ၅ မိုင်အကွာ မတ္တရာမြို့နယ်တွင် တိုက်ပွဲဖြစ်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း၊ ဧရာဝတီမြစ်ကမ်းဘေး သုံးဆယ်ပေးရွာတွင် စခန်းချထားစဉ် တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်က ထိုရွာမှ အိမ်များကို မီးရှို့လိုက်သည်ဟု ဒေသခံများနှင့် တော်လှန်ရေးအဖွဲ့များက ပြောသည်။

နိုဝင်ဘာ ၁၉ နံနက်ပိုင်းက မန္တလေးနှင့် ၅ မိုင်သာ ဝေးသော ထိုရွာရှိ စခန်း အတိုက်ခံရကြောင်း၊ အင်အား ၅၀ ခန့် တပ်စွဲထားသည့် စခန်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“စစ်ကောင်စီဘက်က အတော် အကျများတယ်၊ မိုင်းဆွဲခံရတာရော၊ တပ်စခန်းတိုက်ခိုက်ခံရတာရော တော်တော်ကို ကျတယ် တအုန်းအုန်းနဲ့ မနက်အစောကတည်းက ချနေတာ” ဟု လုံခြုံရေးအရ အမည်မဖော်မလိုသော ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် မန္တလေးမြစ်တစ်ဖက်ကမ်း အဆိုပါ သုံးဆယ်ပေးရွာကို စီးနင်း အထိုင်ချထားသည်မှာ လအတန်ကြာပြီဖြစ်ပြီး၊ ထိုနေ့က တော်လှန်ရေးအဖွဲ့များ၏ အလစ်အငိုက်တိုက်ခိုက်ခြင်း ခံလိုက်ရခြင်းဖြစ်သည်။

ပြင်ဦးလွင်ခရိုင် ပကဖ ပုသိမ်ကြီး ပကဖ၊ မတ္တရာ ပကဖ၊ Thunderbird(LDF), BRA, GZP, ကောင်းကင်တော်လှန်ရေးအင်အားစုတို့နှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု GZP မှ အဖွဲ့ ဝင်တစ်ဦးက ယနေ့ (နိုဝင်ဘာ ၂၂) တွင် Myanmar Now ကို ပြောသည်။

ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃၀ ခန့်နှင့် ပျူစောထီး ခေါ် ပြည်သူ့စစ် ၂ ဦး သေဆုံးသည်၊ မန္တလေးဘက်မှ စစ်သားများ ကား ၄ စီးဖြင့် စစ်ကူရောက်ရှိလာခြင်း၊ ကျည်မလုံလောက်ခြင်းတို့ကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု GZP တာဝန်ခံက ဆိုသည်။

“သူတို့ဘက်က အသေအပျောက်များတော့ တစ်နေကုန် တစ်ညလုံး လက်နက်ကြီးတွေနဲ့ ရမ်းပစ်တယ်။ သုံးဆယ်ပေးရွာကို နေ့ခင်းကနေ မီးရှို့တာ နောက်ရက်ညအထိပဲ” ဟု GZP တာဝန်ခံက ဆိုသည်။

ထိုတိုက်ခိုက်မှုနှင့် ပတ်သက်၍ စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်းမရှိပါ။

စစ်ကောင်စီတပ်၏ မီးရှို့မှုကြောင့် အိမ်ခြေ ၃၀ ခန့် မီးလောင်ဆုံးရှုံးခဲ့ပြီး၊ သုံးဆယ်ပေးရွာအပါအဝင် အနီးအနားဝန်းကျင် ရွာပေါင်း ၁၀ ရွာခန့်မှ လူဦးရေရာချီကာ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟုလည်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီက အင်အား ၂၀၀ ခန့်ဖြင့် မတ္တရာမြို့နယ်အနောက်ခြမ်း ဧရာဝတီမြစ်ကြောင်းတစ်လျှောက် စစ်ကြောင်းထိုးနေပြီး၊ အနီးဝန်းကျင်ရွာများမှ ဒေသခံတချို့ကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးထားသည်ဟု ဒေသခံများက ဆိုကြသည်။

မတ္တရာမြို့နယ်အနောက်ခြမ်းကို စစ်ကောင်စီတပ် အင်အားအလုံးအရင်းဖြင့် စီးနင်းနေချိန် အရှေ့ခြမ်းတွင်လည်း MDY-PDF နှင့် တိုက်ပွဲဖြစ်ပွားနေသည်။

ထို့ပြင် မတ္တရာမြို့နယ် တောင်ဘက်ခြမ်း ညောင်ကုန်းရွာမှ အုပ်ချုပ်ရေးမှူးတစ်ဦး နိုဝင်ဘာ ၁၆ ရက်နေ့က ပစ်သတ်ခံရကြောင်း ဒေသခံများက ပြောသည်။

အသက် ၄၀ ဝန်းကျင် ပျူစောထီးအဖွဲ့ဝင်တစ်ဦးလည်းဖြစ်သူ အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်သည် ဆင်ကြီးရွာသို့ သွားရောက်သည့် လမ်းတွင် ပစ်ခတ်ခံရခြင်းဖြစ်သည်။

ထိုတိုက်ခိုက်မှုကို ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပုသိမ်ကြီးပကဖ) နှင့် ပူးပေါင်းလုပ်ဆောင်ခြင်း ဖြစ်ကြောင်း GZP က နိုဝင်ဘာ ၂၁ တွင် Myanmar Now ကို ပြောသည်။

၎င်းထံမှ လက်လုပ်သေနတ် ၂ လက်နှင့် ပစ္စည်းတချို့လည်း သိမ်းဆည်းရရှိခဲ့ကြောင်း ထိုအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မတ္တရာအရှေ့ခြမ်း ကင်းရွာတွင်လည်း နိုဝင်ဘာ ၁၃ ရက်နေ့က တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီက ကြည်းတပ်၊ လေတပ်တို့ကို သုံးခဲ့သည်၊ အသက် ၇၈ နှစ်အရွယ် အဘွားအို ၁ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိထားသည်ဟု သိရသည်။

အနီးဝန်းကျင်များဖြစ်သည့် အောင်ချမ်းသာ၊ လက်ဝဲကြီး၊ တောင်ကံ၊ သရက်ကိုင်း အပါအဝင် ရွာပေါင်း ၁၀ ရွာခန့်မှ ဒေသခံ ၂၀ ကိုလည်း ဖမ်းဆီးထားသည်ဟု သိရသည်။

၂၀၂၁ အာဏာသိမ်းမှုအပြီး လမ်းပေါ်ထွက်ဆန့်ကျင်သူများကို စစ်တပ်က ပစ်သတ်ရာမှာ နိုင်ငံအနှံ့ လက်နက်ကိုင်ခုခံမှု ပေါ်ပေါက်လာသည်။

အောက်တိုဘာ ၂၇ တွင် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အများအပြားက စစ်ကောင်စီတပ်ကို နိုင်ငံအနှံ့တွင် တစ်ပြိုင်နက် တိုက်စစ်ဆင်လိုက်သည်။

၁၀၂၇ စစ်ဆင်ရေးဟု အမည်ပေးထားသည့် ထိုးစစ်တွင် စစ်တပ်စခန်းပေါင်း ၁၀၀ ကျော်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သဖြင့် နိုင်ငံအပြောင်းအလဲ လိုလားသည့် ပြည်သူအများအပြား၏ ထောက်ခံမှုကို ရရှိနေသည်။

ထိုးစစ်ဆင်သည့်အဖွဲ့အများစုက သတင်းများ ဆက်တိုက် ထုတ်ပြန်လာချိန်တွင် စစ်ကောင်စီကလည်း နေ့စဉ်တိုက်ပွဲသတင်းကို အကျဉ်းချုပ် ထုတ်ပြန်လျက်ရှိသည်။

အကျဉ်းချုပ်သတင်းထုတ်ပြန်ချက်တွင် မန္တလေးဝန်းကျင်တိုက်ပွဲများအကြောင်း ဖော်ပြခြင်း မရှိပေ။

Show More

Related Articles

Back to top button