သတင်း

လက်နက်ကြီး ရွာထဲကျ၍ နမ့်ဆန်တွင် အမျိုးသမီးငယ်တစ်ဦးသေဆုံး

နမ့်ဆန်မြို့ပေါ်ရှိ စစ်တပ်က လက်နက်ကြီးပစ်ခတ်စဉ် ရွာနှစ်ရွာအတွင်း ကျရောက်ပေါက်ကွဲကာ အမျိုးသမီးငယ်တစ်ဦး သေဆုံးပြီး ၇ ဦးအထိ ဒဏ်ရာရခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံနှစ်ဦးနှင့် စစ်သုံ့ပန်း ၄ ဦး သေဆုံးပြီးနောက် နိုဝင်ဘာ ၂၀ ရက်နေ့တွင် လက်နက်ကြီးကျရောက် ပေါက်ကွဲသဖြင့် ဆယ်ကျော်သက်အရွယ် အမျိုးသမီးတစ်ဦး ထပ်မံသေဆုံးသည်ဟု သိရသည်။

ယခုလ ၂၀ ရက်နေ့ ည ၁၁ နာရီကျော်တွင် နမ့်ဆန်မြို့ပေါ်ရှိ စစ်တပ်က လက်နက်ကြီးပစ်ခတ်စဉ် မြို့အနောက်တောင်ဘက် မိုင် ၂၀ ခန့်အကွာရှိ ပန်းနင်းရွာနှင့် အုမ်းစွမ်းရွာသို့ ကျရောက်ပေါက်ကွဲကာ အမျိုးသမီးငယ်တစ်ဦး သေဆုံးပြီး အခြားလေးဦး ဒဏ်ရာရသည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သူမှာ အသက် ၁၄ နှစ်အရွယ်သာ ရှိသေးသည့် လွေးမြသန္တာလင်းဆိုသူဖြစ်ပြီး ဒဏ်ရာရသူများမှာ ၁၄ နှစ်နှင့် ၁၈ နှစ်အရွယ် လွေးမော်မော်စန်းနှင့် မိုင်းရဲလင်းနောင်၊ ၄၈ နှစ်အရွယ် ယာမြညွန့်နှင့် အသက် ၅၀ အရွယ် တာထွန်းလှတို့ဖြစ်သည်။

နမ့်ဆန်မြို့ခံ အမျိုးသားတစ်ဦးအဆိုအရ ထိုနေ့မွန်းလွဲပိုင်းကလည်း ပန်းနင်းရွာတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၈၀ ကျော်အရွယ် အဘွားတစ်ဦး ခြေထောက်ဒဏ်ရာရသည်ဟု သိရသည်။

နမ့်ဆန်မြို့ပေါ်ရှိ စစ်တပ်က လက်နက်ကြီးဖြင့် တစ်နေကုန်နီးပါး ပစ်ခတ်နေသည်ကို မြို့ပေါ်တွင် နေထိုင်သူများ ကြားရသည်ဟု အသက် ၄၀ ကျော်အရွယ် ထိုမြို့ခံက ဆိုသည်။

“ည ၁၁ နာရီ ၄၀ လောက်မှာ ကြားရတယ်။ လေးငါးချက်လောက်ပဲ၊ ညသန်းခေါင်ဖြစ်နေတော့ အိပ်ပျော်နေတာ၊ အဲဒီမှာ ပစ်သံကြားလိုက်ရတာ။ မြို့ပေါ်ကနေပဲ ပစ်တာ၊ လက်နက်ကြီးသံပဲ၊ လက်နက်ငယ်သံတော့ မကြားရဘူး” ဟု ၎င်းက ပြောသည်။

ယမန်နေ့ (နိုဝင်ဘာ ၂၁) တွင်မူ လက်နက်ကြီးပစ်ခတ်မှု မရှိဟု သိရသည်။

“ဒီမနက် မြို့ပေါ်မှာကတော့ လောလောဆယ်တော့ သွားသွားလာလာပါပဲ။ ပစ်တာခတ်တာတွေလည်း မရှိသေးဘူး” ဟု နမ့်ဆန်မြို့ခံက ပြောသည်။

နိုဝင်ဘာ ၁၉ ရက် ညပိုင်းကလည်း နမ့်ဆန်မြို့ အနောက်ဘက် မိုင် ၂၀ ခန့်အကွာရှိ မြို့သစ်ရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံနှစ်ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရခဲ့သည်။

TNLA ၏ ထုတ်ပြန်ချက်များနှင့် ဒေသခံများအဆိုအရ တိုက်ပွဲများကြောင့် တအာင်းဒေသတွင် အရပ်သား ၅၀ နီးပါးခန့် သေဆုံးခဲ့ပြီဖြစ်ကာ ဒဏ်ရာရသူ ၇၀ ခန့်ရှိပြီဖြစ်သည်။

ယင်းနေ့မှာပင် နမ့်ဆန်နှင့် နောင်ချိုမြို့နယ်တို့အတွင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် ၎င်းတို့ဖမ်းဆီးထားသည့် စစ်သုံ့ပန်း ၄ ဦး သေဆုံးသည်ဟု TNLA က သတင်းထုတ်ပြန်ခဲ့သည်။ ထို့ပြင် စစ်တပ်စခန်းများက လက်နက်ကြီး အကြိမ် ၃၀ ကျော် ပစ်ခတ်ခဲ့သည်ဟုလည်း ဆိုသည်။

မိုးကုတ်နှင့် လားရှိုးမြို့နယ်အကြားရှိ နမ့်ဆန်မြို့တစ်ဝိုက်ကို အာဏာသိမ်းစစ်တပ်က လက်နက်ကြီးအပြင် လေကြောင်းဖြင့်ပါ တိုက်ခိုက်နေသည်ဟု ဒေသခံများနှင့် TNLA က ဆိုသော်လည်း စစ်ကောင်စီကမူ ငြင်းဆိုထားသည်။

နမ့်ဆန်မြို့နယ်ရှိ မြို့သစ်ရွာအနီးကို ဗုံးကြဲတိုက်ခိုက်သည်ဆိုကာ သတင်းတု၊ သတင်းမှား ဖြန့်ဝေနေသည်ဟု စစ်ကောင်စီက ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန်သည်။ ထို့ပြင် “နမ့်ခမ်းမြို့နယ်တွင် အဆိပ်ငွေ့ဗုံးဖြင့် တိုက်ခိုက်” ဆိုသည်မှာလည်း မဟုတ်မှန်ဟု ဆိုသည်။

အာဏာသိမ်းပြီး သုံးနှစ်နီးပါးကာလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လက်နက်ကိုင်တော်လှန်မှုများကို ရင်ဆိုင်နေရချိန် စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကို အစဉ်တစိုက် အားကိုးနေသော်လည်း ၎င်းတို့ကျူးလွန်သည့် အဖြစ်အပျက်များနှင့် ပတ်သက်၍ ဝန်ခံလေ့မရှိပေ။

ရှမ်းမြောက်အခြေစိုက် တိုင်းရင်းသားအဖွဲ့များက အောက်တိုဘာ ၂၇ ရက်တွင် စတင်ခဲ့သော “၁၀၂၇” စစ်ဆင်ရေးအတွင်း စစ်ကောင်စီဘက်က စစ်စခန်းအမြောက်အမြား လက်လွတ်ဆုံးရှုံးထားကာ နမ့်ခမ်းမြို့ကိုလည်း TNLA က သိမ်းပိုက်ထားသည်။

နမ့်ခမ်းမြို့အနီးရှိ လက်ကျန်စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်စဉ် စစ်ကောင်စီဘက်က အဆိပ်ငွေ့ဗုံး အသုံးပြု တိုက်ခိုက်ခဲ့သည်ဟု TNLA က ကြေညာထားသည်။

သေဆုံးသူ အသက် ၁၄ နှစ်အရွယ် လွေးမြသန္တာလင်း ။ (ဓာတ်ပုံ-TNLA)

Related Articles

Back to top button