ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်အတွင်းရှိ အာဏာသိမ်းစစ်ကောင်စီတပ်များ စခန်းချထားရာ အကျဉ်းဦးစီးစခန်းများကို တအာင်းလွတ်မြောက်ရေးတပ် (TLNA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး/MDY-PDF) တို့က နိုဝင်ဘာ ၁၉ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ထားကြောင်း သိရသည်။
နောင်ချိုမြို့နယ်အတွင်းရှိ လွင်ကြီး၊ ကျူအင်း၊ ခိုဟိုနှင့် ကုန်းစံ အကျဉ်းစခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း TNLA ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး တာအိုက်ကျော်က ပြောသည်။
“အကျဉ်းဦးစီးစခန်းလေးခုက နောင်ချိုမှာဖြစ်တယ်၊ ဝင်ရောက်ရှင်းလင်းပြီးတော့မှ လက်နက်တွေပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ပါတယ်” ဟု ဆိုသည်။
အကျဉ်းစခန်းများကို စီးနင်းရှင်းလင်းရာတွင် အကျဉ်းသားများကို တွေ့ရှိခဲ့ရသော်လည်း မည်သို့ စီမံထားသည်ဆိုသည်ကို TNLA ပြန်ကြားရေးဌာနက အသေးစိတ်ပြောဆိုခြင်းမပြုသေးပါ။
အဆိုပါ အကျဉ်းစန်းများသည် ရဲဘက်အကျဉ်းစခန်းများဖြစ်ပြီး၊ အကျဉ်းသားများကို စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ခိုင်းစေသည့် အကျဉ်းစခန်းများဖြစ်ကြောင်း သိရသည်။
အဆိုပါ အကျဉ်းစခန်းများကို စီးနင်းတိုက်ခိုက်ရှင်းလင်းမှုများမှ စစ်ကောင်စီတပ်ဖွဲ့များ၏ လက်နက် ၁၀၀ ကျော်နှင့် ဆက်စပ်ခဲယမ်းများကိုလည်း TNLA, MDY-PDF ပူးပေါင်းတပ်ဖွဲ့များက သိမ်းဆည်းရရှိခဲ့သည်။
နောင်ချိုမြို့နယ်သည် မြောက်ပိုင်းညီနောင်မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၃ ခုက စတင် ဖော်ဆောင်နေသည့် ၁၀၂၇ စစ်ဆင်ရေးနယ်မြေအတွင်း ပါဝင်နေသည့် နယ်မြေတစ်ခုဖြစ်သည်။
ပြင်ဦးလွင်နှင့် နောင်ချိုမြို့အကြားရှိ အုမ္မသီး၊ အုမ္မခါးရွားမျာအနီးတွင် ရှမ်းပြည်မြောက်ပိုင်းတိုက်ပွဲများသို့ သွားမည့် စစ်ကောင်စီတပ်၏ ယာဉ်တန်းများကို ဖြတ်တောက်သည့် တိုက်ပွဲများ၊ ဂုတ်တွင်းဒေသ၊ ဂုတ်ထိပ်ဒေသတို့တွင် စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်နေသည့် တိုက်ပွဲများ ယခုလဆန်းပိုင်းကတည်းက ဖြစ်ပွားနေသည်။
ပြင်ဦးလွင်-မိုးကုတ်ကားလမ်းမဘေးရှိ ဒိုးပင်ကျေးရွာ ရဲစခန်းကိုလည်း TNLA, MDY-PDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ထားခဲ့သည်။
ယင်းရဲစခန်းကိုလည်း စစ်ကောင်စီလေတပ်က နိုဝင်ဘာ ၁၉ ရက်နေ့ ည ၉ နာရီခန့်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ TNLA, MDY-PDF ပူးပေါင်းတပ်ဖွဲ့များက ၁၀၂၇ စစ်ဆင်ရေးအတွင်း ဖမ်းဆီးထားသည့် စစ်သုံ့ပန်းများထားရှိရာ စခန်းသို့ ကျရောက်ပေါက်ကွဲခဲ့သည်။
စစ်ကောင်စီလေတပ်၏ ထိုဗုံးကြဲတိုက်ခိုက်မှုကြောင့် ၄ ဦး သေဆုံးပြီး အနည်းဆုံး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA က ပြောသည်။
နောင်ချိုမြို့နယ်၊ ကျောက်မဲမြို့၊ နမ့်ဆန်မြို့နှင့် နမ့်ခမ်းမြို့တို့အတွင်း TNLA, MDY-PDF ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ ဖြစ်ပွားနေသည့် တိုက်ပွဲတွင်းနှင့် တိုက်ပွဲမရှိချိန်များတွင်ပါ စစ်ကောင်စီတပ်က လေတပ်အသုံးပြုတိုက်ခိုက်ခြင်း၊ အမြောက်များဖြင့် အဝေးမှ ပစ်ခတ်ခြင်းတို့ လုပ်ဆောင်နေသည်။
တိုက်ပွဲဖြစ်ပွားရာနေရာများမဟုတ်သည့် အရပ်သားများနေထိုင်ရာ ကျေးရွာများအတွင်းသို့ အမြောက်များဖြင့် ပစ်ခတ်ခြင်း၊ လေတပ်မှ ဗုံးကြဲခြင်းတို့ကြောင့် ဒေသခံအရပ်သားများလည်း ထိခိုက်သေဆုံးမှုများရှိနေသည်ဟုလည်း တာအိုက်ကျော်က ပြောသည်။
“အရပ်ဘက်ကို ပစ်လို့ အရပ်သားထိခိုက်မှုများတာပေါ့၊ ၁၉ ရက်နေ့ကတော့ အပြင်းထန်ဆုံးလို့ ပြောလို့ရတယ်။ စစ်ရေးနဲ့မသက်ဆိုင်တဲ့ နေရာတွေကို လုပ်လို့ဖြစ်တာ၊ လေကြောင်းရော၊ လက်နက်ကြီးရောက ပြည်သူတွေရှိတဲ့နေရာတွေကို ဦးတည်တိုက်ခိုက်လို့ အခုလို ထိခိုက်မှုများတာပါ”
နိုဝင်ဘာ ၁၉ ရက်နေ့ ညနေပိုင်းက နမ့်ခမ်းမြို့နယ်တွင်းမှ မိုင်မန်ကျေးရွာအတွင်းသို့ လေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၆၆ နှစ်အရွယ် အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ နေအိမ် အလုံး ၂၀ ခန့်လည်း ပျက်စီးခဲ့သည်။
နမ့်ဆန်မြို့နယ် မြို့သစ်ကျေးရွာအတွင်းသို့လည်း ည ၁၀ နာရီခန့်အချိန်တွင် လေကြောင်းတိုက်ခိုက်ခဲ့ပြီး အမျိုးသားနှစ်ဦး သေဆုံးကာ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
နိုဝင်ဘာ ၂၀ ရက်နေ့ ည ၁၂ နာရီဝန်းကျင်အချိန်တွင်လည်း နမ့်ဆန်မြို့ပေါ် စစ်ကောင်စီ တပ်စခန်းအတွင်းမှ ပစ်ခတ်သည့် အမြောက်ဆန် ၃ လုံး အုန်းစွမ်ရွာအတွင်း ကျရောက် ပေါက်ကွဲသည့်အတွက် အသက် ၁၄ နှစ်အရွယ် မလွေးမြသန္တာလင်း နေရာတွင်ပင် သေဆုံးခဲ့သည်။
လွေးမော်မော်စဟန်း ၁၄ နှစ်၊ မိုင်းရဲလင်းနောင် ၁၈ နှစ်၊ ဒေါ်ယာမြညွန့် ၄၈ နှစ်နှင့် တာထွန်းလှ ၅၀ နှစ်တို့လည်း ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ ထိုးစစ်များကို ခုခံတိုက်ခိုက်ရာတွင် မြေပြင်နှစ်ဖက်တပ်များ ရင်ဆိုင်တိုက်ခိုက်ခြင်းထက် မြို့ပေါ် အထိုင်စခန်းများမှ အမြောက်များဖြင့် ပစ်ခတ်ခြင်း၊ လေတပ်အသုံးပြုကာ ဗုံးကြဲတိုက်ခိုက်ခြင်းများကို ပိုမိုလုပ်ဆောင်နေသည်။
ပြင်ဦးလွင်မြို့ဘက်မှ လားရှိုးလမ်းမကြီးအတိုင်း စစ်ကူသွားနေသည့် စစ်ကောင်စီယာဉ်တန်းကို အုမ္မခါးကျေးရွာအနီးမှာပင် လက်ရှိအချိန်အထိ ဖြတ်တောက်ထားဆဲဖြစ်သည်၊ ဂုတ်တွင်းနှင့် ဂုတ်ထိပ်တံတားတို့အနီးရှိ စစ်ကောင်စီတပ်စခန်းများကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟုလည်း ဒုတိယဗိုလ်မှူးကြီး တာအိုက်ကျော်က ပြောသည်။