သတင်း

ရှမ်းမြောက်တွင် စစ်တပ်က ဗုံးကြဲ၍ စစ်သုံ့ပန်း ၄ ဦးအပါအဝင် ၆ သေဆုံး

နမ့်ဆန်မြို့နယ်အတွင်းရှိ ရွာနှစ်ရွာနှင့် ၎င်းတို့ သိမ်းပိုက်ထားသည့် ရဲစခန်းတစ်ခုကို စစ်တပ်က ဗုံးကြဲသဖြင့် လူ ၆ ဦး သေဆုံးသည့်အပြင် ဒဏ်ရာရသူများလည်းရှိသည်ဟု TNLA က ထုတ်ပြန်ချက်အသီးသီးဖြင့် ကြေညာထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်အတွင်းရှိ ကျေးရွာများကို ယမန်နေ့ (နိုဝင်ဘာ ၁၉) ညပိုင်းတွင် စစ်တပ်က ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်တစ်ဦးနှင့် လူကြီးတစ်ဦး အပါအဝင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဖမ်းဆီးထားသည့် စစ်သုံ့ပန်း ၄ ဦးပါ သေဆုံးသွားသည်ဟု သိရသည်။

နမ့်ဆန်မြို့နယ်အတွင်းရှိ ရွာနှစ်ရွာနှင့် ၎င်းတို့ သိမ်းပိုက်ထားသည့် ရဲစခန်းတစ်ခုကို စစ်တပ်က ဗုံးကြဲသဖြင့် လူ ၆ ဦး သေဆုံးသည့်အပြင် ဒဏ်ရာရသူများလည်း ရှိသည်ဟု TNLA က ထုတ်ပြန်ချက်အသီးသီးဖြင့် ကြေညာထားသည်။

တအာင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ နမ့်ဆန်မြို့အနောက်ဘက် မိုင် ၂၀ ခန့်အကွာမှ မြို့သစ်ရွာကို ည ၁၀ နာရီခန့်တွင် ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံ ကလေးတစ်ဦးနှင့် လူကြီးတစ်ဦး သေဆုံးပြီး နေအိမ်များလည်း ထိခိုက်ပျက်စီးသည်ဟု သိရသည်။

အဆိုပါ ကျေးရွာရှိ နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲကာ ကလေးငယ်တစ်ဦးနှင့် အိမ်ရှင် တားဆန်းနော်ဆိုသူတို့ သေဆုံးခဲ့ပြီး ရွာသား ၇ ဦးခန့်လည်း ထိခိုက်ဒဏ်ရာရသည်ဟု TNLA က ဆိုသည်။

နမ္မတူမြို့အနောက်ဘက်မှ မြို့သစ်ရွာသည် တအာင်းလူမျိုး အများစုနေထိုင်သော အိမ်ခြေ ၁၀၀ ကျော်ရှိ ရွာကြီးတစ်ရွာဖြစ်သည်ဟု နမ့်ဆန်မြို့ခံ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

“လက်ဖက်စက်ရုံအနားမှာ သွားကျတာ၊ အဲဒီမှာက နေတဲ့အိမ်တစ်လုံးပေါ် ကျတာ၊ ကြည့်ရတာ အားပြင်းတော့ ပေါင် ၅၀၀ ဗုံး ထင်တယ်။ အဲဒီအနားက အိမ်တွေတော့ မီးတွေဘာတွေ လောင်တယ်” ဟု ၎င်းက ပြောသည်။

“ရွာမှာ ဘာတိုက်ပွဲမှ မဖြစ်ဘူး။ အိပ်နေတဲ့ အချိန်ကို လာကြဲသွားတယ်။ အိမ်‌ပေါ်တည့်တည့်ကို လာပစ်တော့ အဲဒီအိမ်က ကလေးလည်း ပွဲချင်းပြီးသေသွားတာ” ဟု မြို့သစ်ရွာခံတစ်ဦးကလည်း ပြောသည်။

ဒေသခံအများအပြား ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်ရသည်ဟုလည်း ဆိုသည်။

မြို့သစ်ကျေးရွာအတွင်း လေကြောင်းမှ ဗုံးကြဲပြီးနောက် နောက်တစ်နေ့ နံနက်တွင် တွေ့ရစဉ်။ (ဓာတ်ပုံ-TNLA)

ယနေ့ မွန်းတည့်ချိန်မှစ၍ နမ့်ဆန်နှင့် ကျောက်မဲမြို့ပေါ်ရှိ စစ်တပ်က မြို့သစ်ရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်ဟုလည်း သိရသည်။

“ပြီးခဲ့တဲ့ ၁၂ နာရီကျော်လောက်ကတည်းက လက်နက်ကြီးနဲ့ စပြီးတော့ ပစ်နေပြီဆိုတော့ တိုက်ပွဲတော့ စနေပြီလို့ ပြောလို့ရမယ်ထင်တယ်” ဟု နမ့်ဆန်မြို့ခံအမျိုးသားက ပြောသည်။

ယမန်နေ့ ညနေပိုင်း၌ပင် နမ့်ခမ်းမြို့နယ်၊ မန်မိုင်ကျေးရွာကို စစ်တပ်က ဗုံးကြဲခဲ့ရာ အသက် ၆၆ နှစ်အရွယ် ယာခမ်းလှိုင်ပန်နှင့် မိုင်းညမ်းဘဆိုသည့် အမျိုးသားနှစ်ဦး ဒဏ်ရာရကာ နေအိမ် ၁၂ လုံးခန့် ထိခိုက်ပျက်စီးသည်ဟု TNLA က ယနေ့တွင် ထပ်မံ၍ သတင်းထုတ်ပြန်သည်။

အလားတူပင် TNLA နှင့် မန္တလေး PDF ပူးပေါင်းတပ်တို့ သိမ်းယူထားသည့် နောင်ချိုမြို့နယ်၊ ဒိုပင်ရဲစခန်းကို ယမန်နေ့ည ၉ နာရီခန့်တွင် စစ်တပ်က ဗုံးကြဲခဲ့ကြောင်း၊ ၎င်းတို့ဖမ်းထားသည့် စစ်သုံ့ပန်း ၄ ဦး သေဆုံးကာ ၁၀ ဦး ဒဏ်ရာရကြောင်း TNLA ၏ အခြားထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြသည်။

နမ့်ဆန်တွင် ကြဲချသည့် ပေါင် ၅၀၀ အမျိုးအစားပင်ဖြစ်ကာ ရဲစခန်းအပေါ်တည့်တည့် ကျရောက် ပေါက်ကွဲခဲ့သည်ဟု TNLA က ဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA က ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့အနီး တိုက်ပွဲတွင်လည်း စစ်တပ်က အဆိပ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်ခဲ့သည်ဟု တအာင်းလက်နက်ကိုင်အဖွဲ့က ထုတ်ပြန်ထားကာ ယနေ့တွင်လည်း ထိုနေရာကို လေကြောင်းမှ သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

တအာင်းဒေသတွင် ဖြစ်နေသော တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ၄၀ ခန့် သေဆုံးခဲ့ကာ ဒဏ်ရာရသူ ၅၈ ဦး ရှိသည်ဟု TNLA ၏ နေ့စဉ်ထုတ်ပြန်ချက်များအရ သိရသည်။

အောက်တိုဘာ ၂၇ မှ စတင်သည့် “၁၀၂၇” စစ်ဆင်ရေးအတွင်း TNLA အပါအဝင် ကိုးကန့်တပ်မတော် (MNDAA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့က ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် တိုက်ပွဲများ ဖော်ဆောင်နေကာ စစ်တပ်စခန်း ၁၀၀ ကျော်ကို သိမ်းပိုက်ထားသည်။

Show More

Related Articles

Back to top button